မိုးတွင်းရာသီ ရောက်ပြီဆိုသည်နှင့် “သွေးလွန်တုပ်ကွေး” ဆိုသည့်အသံကို အများဆုံး ကြားရပြီ ဖြစ်သည်။ နှစ်စဉ် မေလ၊ ဇွန်လနှင့် ဇူလိုင်လများ အတွင်း မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ဆေးရုံများတွင် သွေးလွန်တုပ်ကွေး ရောဂါသည် လူနာများဖြင့် ပြည့်နေတတ်ပြီး အဆိုပါ ရောဂါဖြင့် အသက်ဆုံးရှုံးရသည့် သတင်းများလည်း မကြာခဏ ကြားရတတ်သည်။
“သွေးလွန်တုပ်ကွေး” ဟု ဆိုလိုက်သည်နှင့် ကလေးသူငယ် အများစုတွင် ဖြစ်ပွားသောရောဂါ၊ ကလေးများကို အသက်ဇီဝိန်နုတ်၍ ဒုက္ခပေးတတ်သည့်ရောဂါဟု လူသိများခဲ့ကြသော်လည်း ယခုအခါမှာတော့ သွေးလွန် တုပ်ကွေးရောဂါပိုး၏ ပြင်းထန်အား ပိုမိုမြင့်မားလာခဲ့သည့်အတွက် ကလေးများသာမက အသက်အရွယ်မရွေး ဒုက္ခပေးနိုင်သည့် ရောဂါအဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ တဝန်းလုံးတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ လူနာပေါင်း ၃၁၂၈၈ ဦးရှိခဲ့သည့်အနက် လူနာ ၂၇၅၂၂ ဦးမှာ အသက်၁၅ နှစ်အောက် ကလေးငယ်များဖြစ်ပြီး လူနာ ၃၇၆၆ ဦးမှာ အသက် ၁၅ နှစ်အထက်ရှိသူ လူလတ်ပိုင်းနှင့် လူကြီးပိုင်းအရွယ်များ ဖြစ်နေခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် သွေးလွန်တုပ်ကွေး လူနာအားလုံး၏ ၈၈ ရာခိုင်နှုန်းမှာကလေးများဖြစ်ပြီး ၁၂ ရာခိုင်နှုန်းမှာ လူကြီးများဖြစ်နေခဲ့သည်။
ထို့ပြင် သွေးလွန်တုပ်ကွေးကြောင့် ၂၀၁၇ ခုနှစ်အတွင်း လူပေါင်း ၁၉၂ ဦးသေဆုံးခဲ့သည့်အနက် ၁၆၅ ဦးမှာ အသက် ၁၅ နှစ်အောက် ကလေးငယ်များဖြစ်ပြီး ကျန် ၂၇ ဦးမှာ အသက် ၁၅ နှစ် အထက်ရှိသူ လူငယ်၊ လူလတ်နှင့် လူကြီးပိုင်းအရွယ်များ ဖြစ်နေခဲ့သည်။ ထို့ကြောင့် သေဆုံးသူ အားလုံး၏ ၁၄ ရာခိုင်နှုန်းမှာ အသက် ၁၅ နှစ်အထက်ရှိသူ လူကြီးများ ဖြစ်နေခဲ့ပြီး ယင်းပမာဏမှာ မြန်မာနိုင်ငံသမိုင်းတွင် အများဆုံး ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ငှက်ဖျားတိုက်ဖျက်ရေးဌာန၊ သွေးလွန်တုပ်ကွေးနှင့် ဆင်ခြေထောက် ရောဂါတိုက်ဖျက်ရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်လင်းက ပြောဆိုသည်။
“သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူတွေမှာ ကလေးသူငယ်တွေတင် မကတော့ဘဲ အသက် ၂၀ တွေ၊ အသက် ၃၀၊ ၄၀ အရွယ်တွေ ပါဝင်လာတယ်။ ဒါဟာ ဘာမက်ဆေ့ချ် (သတင်းစကား) ပေးနေတာလည်း ဆိုတော့ ဒီရောဂါပိုးရဲ့ ပြင်းထန်နိုင်စွမ်းအားက အသက်အုပ်စုကို ချဲ့သွားခဲ့ပြီ။ ကလေးငယ်ငယ်လေးတွေ သာမက လူလတ်ပိုင်း၊ လူကြီးပိုင်းတွေပါ ဖြစ်လာနေပြီဆိုတော့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ရင် ကလေးတွေတင်မကဘဲ၊ လူကြီးတွေက မိမိကိုယ်တိုင်ကို ကာကွယ်ရတော့မယ့် အနေအထား ဖြစ်လာပြီ” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်လင်းက ဧရာဝတီကို ရှင်းပြသည်။
မြန်မာနိုင်ငံနှင့် သွေးလွန်တုပ်ကွေးရောဂါသမိုင်းကြောင်း
သွေးလွန်တုပ်ကွေးရောဂါမှာ ဒန်းဂွီးဗိုင်းရပ် (Dengue Virus) ကြောင့် ဖြစ်ပွားသည့်ရောဂါဖြစ်သည်။ အဆိုပါ ဗိုင်းရပ်ကို အေးဒီးစ်ခြင်ကျား အမက သယ်ဆောင်ပြီး လူကို ကူးစက်စေတာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၆၄ ခုနှစ်မှစတင်၍ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားပါက ကျန်းမာရေးဌာနသို့ အကြောင်းကြားရမည့် ရောဂါအဖြစ် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် ဖြစ်ပွားမှု အနည်းငယ်ရှိခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် လူအများအပြားဖြစ်ပွားသည့် ကူးစက်ရောဂါ အဖြစ် လူပေါင်း ၁၆၅၄ ဦးဖြစ်ပွားခဲ့ပြီး လူ ၉၁ ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှတ်တမ်းများအရ သိရသည်။
၁၉၇၀ ပြည့်နှစ်က ရန်ကုန်တိုင်းတခုတည်းတွင်သာ ဖြစ်ပွားခဲ့သော သွေးလွန်တုပ်ကွေးရောဂါမှာ ၁၉၇၅ ခုနှစ်တွင် ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် မွန်ပြည်နယ်များသို့ ပျံ့နှံ့ဖြစ်ပွားခဲ့ပြီး ၁၉၇၅ ခုနှစ် နောက်ပိုင်းတွင် ချင်းပြည်နယ်မှလွဲ၍ မြန်မာတနိုင်ငံလုံးသို့ ပျံ့နှံ့ဖြစ်ပွားခဲ့သည်။ ချင်းပြည်နယ်တွင် မဖြစ်ပွားရခြင်း အကြောင်းရင်း ကတော့ ခြင်များမှာ အမြင့်ပေ ၃၃၀၀ အောက် ဒေသများတွင်သာ အသက်ရှင်သန် ပေါက်ဖွားနိုင်သည့်အတွက် မြင့်မားသော တောင်တန်းဒေသဖြစ်သည့် ချင်းပြည်နယ်တွင် ဖြစ်ပွားမှုမရှိခြင်းဖြစ်ကြောင်း ဆေးပညာဆိုင်ရာ သုတေသန စာတမ်းများအရ သိရသည်။
သွေးလွန်တုပ်ကွေးကြောင့် လူသေဆုံးမှု အများဆုံးနှစ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်တွင် ဖြစ်ပြီး လူပေါင်း ၄၄၄ ဦး သေဆုံး ခဲ့သည်။ တနိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု အများဆုံးနှစ်မှာ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၅ ခုနှစ်ဖြစ်ပြီး တနိုင်ငံလုံးတွင် လူဦးရေပေါင်း ၄၂,၉၁၃ ဦး ဖြစ်ပွားခဲ့သည်။ ၁၉၆၈ ခုနှစ်တွင်လူပေါင်း ၁၆၀၀ ကျော်ဖြစ်ပွားခဲ့သည့် ရောဂါမှာ နှစ်ပေါင်း ၄၉ နှစ်အကြာ ၂၀၁၇ ခုနှစ်တွင် အဆ ၂၀ နီးပါး ဖြစ်ပွားမှုနှုန်း မြင့်တက်လာခဲ့သည်။
သွေးလွန်တုပ်ကွေး ဗိုင်းရပ်သယ်ဆောင်သည့် အေးဒီးစ်ခြင်ကျား
သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ကို သယ်ဆောင်သည့် အေးဒီးစ်ခြင်ကျားမှာ အသန့်အပြန့်ကြိုက်သည့် အတွက် ရေကြည်ရေသန့် တွင်သာ ပေါက်ဖွားသည်။ ရေအိုး၊ ရေစည်၊ ညောင်ရေအိုး၊ ဘုရားပန်းအိုး၊ မိုးရေတင် ကျန်နိုင်သည့် ဘူး၊ ခွက်၊ ဘထ္ထရီ အိုးဟောင်းနှင့် တာယာအဟောင်းများ၊ အချိုရည်ဘူးခွံ၊ စည်သွပ်ဘူးခွံ၊ အုန်းမှုတ်ခွက်၊ အမှိုက်များဖြင့် ပြည့်နေသည့် ရေတံလျောက်များက အေးဒီးစ်ခြင်ကျားတို့အတွက် ပေါက်ဖွားဖို့ အကောင်းဆုံး နေရာများဖြစ်သည်။
ထို့အပြင် သဘာဝအလျှောက် မိုးရေတင်ကျန်လေ့ရှိသော သစ်ပင်သစ်ခေါင်း၊ အုန်းလက်၊ ငှက်ပျောလက်များ အကြား၊ ဝါးဆစ်၊ ဝါးငုတ်များ၊ ရာဘာအစေးခံခွက်များ၊ အသုံးမပြုတော့သော နွားစာခွက်များနှင့် လှေဟောင်း များတွင်လည်း ခြင်ကျားတို့ ပေါက်ဖွားလေ့ရှိသည်။ ရေကြည်ရေသန့် တဇွန်းစာမျှရှိလျှင်ပင် အေးဒီးစ် ခြင်ကျားများ ပေါက်ဖွားနိုင်ပြီး ဥဘဝမှ ခြင်ဘဝသို့ရောက်ရှိရန် အချိန်တပတ် ကြာသည်။ ခြင်အဖြစ် ရောက်ရှိသည့် အေးဒီးစ်ခြင်မမှာ နေ့ခင်းဘက်တွင် အစာရှာထွက်ကာ လူကို ကိုက်လေ့ရှိကြောင်း သိရသည်။
“ခြင်တကာ့ခြင်ထဲမှာ သွေးလွန်တုပ်ကွေး ရောဂါကို သယ်ဆောင်တဲ့ခြင် မက အရမ်းကိုလည်တဲ့ ခြင်မ ဖြစ်ပါတယ်။ သူက လူကိုသွေးစုပ်ဖို့ ကိုက်တဲ့နေရာမှာ အသေခံ မကိုက်ဘူး။ ရိုက်မယ်ဆို ပျံပြေးပြီး တခြားတယောက်ကို ရအောင် ထပ်ကိုက်တယ်။ သူက ဗိုက်တခါဝဖို့ကို လူ ၄ ယောက်၊ ၅ ယောက်လောက်ကို ကိုက်တယ်။ အဲဒီလို ဗိုက်သုံးလေးခါဝမှ ဥချတယ်။ အဲဒီတော့ သူတခါဥချဖို့အတွက် လူ ၁၅ ယောက်လောက်ကို ကိုက်ပြီးမှ ဥချတော့ ရောဂါကူးစက်မှုကို လျင်လျင်မြန်မြန် ဖြစ်ပွားစေတာဖြစ်ပါတယ်။ ပြီးတော့ အဲဒီခြင်မ တွေဟာ သတ်ရတာ သိပ်ခက်ပါတယ်” ဟု သြစတြေးလျနိုင်ငံ မဲလ်ဘုန်းတက္ကသိုလ်မှ ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်း ဆိုင်ရာ မဟာဘွဲ့ရရှိထားသည့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်လင်းက ရှင်းပြသည်။
သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ
သွေးလွန်တုပ်ကွေးဗိုင်းရပ် သယ်ဆောင်သည့် အေးဒီးစ်ခြင်မ အကိုက်ခံရပြီးနောက် ရောဂါဖြစ်ပွားချိန်တွင် ကိုယ်အပူချိန် မြင့်တက်ခြင်း၊ ဦးခေါင်း၊ ခန္ဓာကိုယ် အဆစ်အမြစ်များနှင့် ကြွက်သားများ ကိုက်ခဲခြင်း၊ မျက်လုံးအတွင်းပိုင်းမှ နာကျင်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ခန္ဓာကိုယ်တွင် အနီစက်များထွက်ခြင်း စသည့် ရောဂါလက္ခဏာများ ခံစားရလေ့ရှိကြောင်း ဆရာဝန်များက ပြောဆိုသည်။
“ဖျားနေတဲ့ လူနာတယောက်မှာ သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာတခုခု တွေ့ပြီဆိုတာနဲ့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံယူဖို့လိုပါတယ်။ သွေးလွန်တုပ်ကွေး လူနာအများစု အသက် ဆုံးရှုံးရတာက ဆေးရုံဆေးခန်းတွေရောက်တာ နောက်ကျတဲ့အတွက် အသက်တွေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတာတွေ ဖြစ်ပေါ်နေတာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ကျန်းမာရေးဌာနမှ ကူးစက်ရောဂါ တိုက်ဖျက်ရေး တာဝန်ခံ ဒေါက်တာ မြတ်မင်းထွန်းက ရှင်းပြသည်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည့်လူနာကို အချိန် ၂ ပတ် (၁၄ ရက်) အထိ သတိပြုစောင့်ကြည့်သင့်ပြီးအန္တရာယ်အရှိဆုံး အချိန်မှာ စတင်ဖျားနာချိန်က ရေတွက်လျှင် ၃ ရက်မြောက်နေ့မှ ၅ ရက်မြောက်နေ့ အတွင်း ဖြစ်ကြောင်း၊ သေဆုံးသူအများစုမှာ အဆိုပါ ရက်အပိုင်းအခြား ကာလအတွင်း သွေးလန့်၍ ခန္ဓာကိုယ်အတွင်း သွေးယိုစီးကာ သေဆုံးလေ့ရှိသည့်အတွက် အထူးသတိပြုရမည့် အချိန်ဖြစ်ကြောင်း ကုသရေးကျွမ်းကျင် ဆရာဝန်များက ပြောဆိုကြသည်။
“သွေးလွန်တုပ်ကွေးမှာက အသက်အန္တရာယ်ပေးမယ့် သွေးလန့်တဲ့အချိန်ကျရင် ရုတ်တရက်အဖျားကျ သွားတတ်ပါတယ်။ ကလေးမိဘတွေက အဖျားတက်နေချိန်မှာ ကလေးကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်တယ်။ အဖျားကျတဲ့ အချိန်ကျတော့ ကလေးက ကိုယ်ပူကျသွားပြီ အိပ်ပါစေဆိုပြီး ထားလိုက်တယ်။ တကယ်က အဲဒီအချိန်ဟာ သွေးလန့်နေတဲ့အချိန် ဖြစ်တတ်ပါတယ်။ သွေးလန့်တာဟာ ထိရောက်တဲ့ဆေးကုသမှု မရဘဲ အချိန်ကြာခဲ့မယ်ဆိုရင် အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဖျားတက်တာလည်း စိတ်ပူရသလို အဖျားကျချိန်မှာလည်း ပိုပြီးသတိထားရပါတယ်” ဟု ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ သူရဇော်က ရှင်းပြသည်။
သွေးလွန်တုပ်ကွေး လူနာမှာ အဖျားကျသော်လည်း လန်းဆန်းခြင်းမရှိဘဲ မှိန်းနေခြင်း၊ ဂဏှာမငြိမ် ဖြစ်နေခြင်း၊အဖျားကျပြီး ခြေဖျား လက်ဖျားများ အေးစက်နေခြင်း၊ ဗိုက်နာသည်ဟု ပြောခြင်း၊ ဗိုက်ကိုစမ်းသပ်ကြည့်လျှင် နာကျင်သည့်လက္ခဏာ ရှိခြင်း၊ မကြာခဏ အန်ခြင်း၊ ဆက်တိုက်အန်ခြင်း၊ အန်သည့်အခါတွင် ကော်ဖီနှစ်ရောင်အညိုအမဲ အဖတ်ကလေးများပါခြင်း၊ ကတ္တရာစေးကဲ့သို့ ဝမ်းမဲမဲသွားခြင်း၊ အသည်းကြီးခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ ဆီးနည်းခြင်း၊ ၄ နာရီကြာ ဆီးမသွားခြင်းများ စသည်တို့မှာ သွေးလန့်သည့်လက္ခဏာများ ဖြစ်သည်။ တနည်းအားဖြင့် လူနာနှင့် သေမင်း စစ်ခင်းနေရချိန် ဖြစ်သည်။ အဆိုပါ သွေးလန့်သည့်လက္ခဏာများ ဖြစ်ပွားပါက လူနာကို နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးပို့ဆောင်နိုင်မှသာ အသက်ချမ်းသာရနိုင်မည် ဖြစ်သည်ဟု ဆရာဝန်များက ရှင်းပြသည်။
“သွေးလန့်တဲ့ လက္ခဏာမျိုးတွေ ပြနေပြီဆိုနေရင် မဆိုင်းမတွဘဲ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံး ပို့ရမယ်။ အဲဒါတွေဖြစ်မှ ဆေးရုံဆေးခန်း လာပါလို့ ပြောတာမဟုတ်ဘူး။ ဖျားပြီဆိုကတည်းက ဆေးရုံဆေးခန်း ပြသင့်တယ်။ သွေးလန့်တဲ့လက္ခဏာတွေ ဖြစ်နေပြီဆိုရင် လူနာဟာ တော်တော်လေး အသက်အန္တရာယ် ရှိနေပြီလို့ ပြောချင်တာပါ” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်လင်းက ပြောဆိုသည်။
ထို့ပြင် ဖျားနာချိန် ၇ ရက်ကျော်၍ သွေးလွန်တုပ်ကွေးရောဂါ ပျောက်ကင်းပြီဆိုသော်လည်း တချို့သော ကလေးငယ်များတွင် ရောဂါနောက်ဆက်တွဲအဖြစ် ဦးနှောက်ရောင်ရမ်းခြင်းနှင့် နှလုံးကြွက်သား ရောင်ရမ်းခြင်း တို့ကြောင့် အသက်ဆုံးရှုံးတတ်သည့်အတွက် လူနာအား အချိန် ၂ ပတ်အထိ စောင့်ကြည့်၍ ဂရုစိုက်ရန် လိုအပ်ကြောင်း ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ သူရဇော်က တိုက်တွန်းပြောဆိုသည်။
“သွေးလွန်တုပ်ကွေးလူနာကို အရောင်မပါတဲ့ အရည်တွေ၊ အုန်းစိမ်းရည်နဲ့ ဆန်ပြုတ်အရည်ကြည်တို့ တိုက်လို့ရပါတယ်။ အစာမဝင်၊ ရေမဝင်တော့ဘူးဆိုရင်၊ သွေးလွန်တုပ်ကွေးလို့ သံသယရှိပြီဆိုတာနဲ့ နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံးပြဖို့ လိုပါတယ်။ တချို့မိဘတွေက အစိုးရိမ်လွန်ပြီး ပုလင်းကြီးချိတ်တာ၊ အသားဆေး ထိုးတာတွေ ကြိုပြီးလုပ်တတ်ကြတယ်။ အဲဒါဟာ လူနာကို ကူညီရာမကျဘဲ သေတွင်းထဲ တွန်းပို့သလို ဖြစ်တတ်ပါတယ်။ လုံးဝမလုပ်သင့်ပါဘူး” ဟု ဒေါက်တာ သူရဇော်က ရှင်းပြသည်။
အေးဒီးစ်ခြင်မဖြစ်မီ ပိုးလောက်လန်းဘဝတွင် ဖျက်ဆီးနှိမ်နင်း
ကမ္ဘာပေါ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေး ယခုထိ မပေါ်ပေါက်သေးပါ။ အကောင်းဆုံး ကာကွယ်နည်း ကတော့ အေးဒီးစ်ခြင်ကျားဖြစ်လာမည့် ပိုးလောက်လန်းများကို ဖျက်ဆီးနှိမ်နင်းခြင်း ဖြစ်သည်။ကျန်းမာရေး ဝန်ကြီးဌာန၏ မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် နှစ်စဉ်သွေးလွန်တုပ်ကွေး အများဆုံး ဖြစ်ပွားလေ့ရှိသည့် အချိန်မှာ ဇွန်လကုန်ပိုင်းနှင့် ဇူလိုင်လ လဆန်းပိုင်းအချိန်ကာလများဖြစ်သည်။
လက်ရှိတွင် ဇွန်လ ဒုတိယပတ်အတွင်း ရောက်ရှိနေသည့်အတွက် ယခုကာလအတွင်း ပိုးလောက်လန်းနှိမ်နင်းရေး လုပ်ငန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ဆောင်ရွက်ပါက ယခုနှစ်၏ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းကို ကျိန်းသေလျှော့ချနိုင်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်လင်းက ပြောဆိုသည်။
“သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ရင် ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ အခုဆိုရင် မိုးရွာနေတဲ့ကာလ။ မိုးရွာပြီးရင် နောက်ထပ် ၇ ရက်လောက်ကြာရင် ပိုးလောက်လန်းတွေဟာ ခြင်ဖြစ်တော့မယ်။ အဲဒီတော့ ဒီလိုအချိန်မှာ ပိုးလောက်လန်းတွေကို ဖြတ်ပြီးနှိမ်နင်းထားရင် လာမယ့်တလခွဲ၊ နှစ်လအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုကို မများပြားစေဘဲ လျော့နည်းသွားအောင် လုပ်လို့ရနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ပိုးလောက်လန်းကြိုတင် နှိမ်နင်းရေး လုပ်ငန်းတွေ ကြိုတင်လုပ်ဆောင်ကြဖို့ တိုက်တွန်းပါတယ်” ဟု ဒေါက်တာ ဇော်လင်းက ပြောဆိုသည်။
ပိုးလောက်လန်းနှိမ်နင်းရေး လုပ်ငန်းစဉ်တွင် မြို့ပြနှင့် ကျေးလက်ဒေသရှိ လူနေအိမ်များ၊ ခြံဝန်းများ၊ လမ်းများရှိအေးဒီးစ် ခြင်ကျားပေါက်ဖွားနိုင်သည့် နေရာများအား ဖျက်ဆီးခြင်း၊ လူအများနှင့်သက်ဆိုင်သည့် အစိုးရရုံးများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဈေးများ၊ ဘာသာရေး အဆောက်အဦများနှင့် ရေချိုများသိုလှောင် အသုံးပြုနေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များရှိ ခြင်ကျားပေါက်ဖွားသည့် နေရာများကို လူထုအားဖြင့် စုပေါင်း ဖျက်ဆီးသည့်လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဒေါက်တာ ဇော်လင်းက ဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် တနင်္လာနေ့တွင် အစိုးရရုံးများနှင့် ပုဂ္ဂလိကဌာနများ၊ အင်္ဂါနေ့တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ ဗုဒ္ဓဟူးနေ့တွင် ဈေးများ၊ ကြာသာပတေးနေ့တွင် ဘာသာရေးဆိုင်ရာ အဆောက်အဦးများ၊ သောကြာနေ့တွင် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ၊ စနေနေ့တွင် ရပ်ကွက်နှင့် ကျေးရွာများရှိ နေအိမ်၊ ခြံဝန်းနှင့် လမ်းများတွင် ပိုးလောက်လန်းနှိမ်နင်းရေး လုပ်ဆောင်ရန် စီမံချက် ရေးဆွဲထားသည်ကို တွေ့ရသည်။
“ကျနော်တို့ ပုသိမ်မြို့၊ အမှတ် ၈ နယ်မြေမှာတော့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရပ်မိရပ်ဖတွေ ပူးပေါင်းပြီး အိမ်တွေမှာ ဖုံး၊ သွန်၊ လဲ၊ စစ် လိုက်လုပ်တယ်။ အဘိတ်ဆေး (ပိုးလောက်လန်း သေစေသည့်ဆေး) ခတ်ပါတယ်။ တချို့ကျတော့လည်း ကြိုဆိုတယ်။ တချို့ကျတော့လည်း သူတို့ ရေလှောင်
ထားတာ ပိုးလောက်လန်းတွေ့လို့ သွန်ပစ်တာကို မကြိုက်ချင်ဘူး။ ဒါက သွေးလွန်တုပ်ကွေးဖြစ်မှာစိုးလို့ လုပ်တာပါလို့ ရှင်းပြရတယ်။ ပြည်သူတွေထဲမှာလည်း နားမလည်သေးသူတွေ အများကြီးရှိနေသေးတယ်” ဟု ပုသိမ်မြို့၊ အမှတ် ၈ နယ်မြေ အုပ်ချုပ်ရေးမှူး ဦးအောင်အောင်က ပြောပြသည်။
ဖုံး၊ သွန်၊ လဲ၊ စစ် ဆိုသည်က ရေလှောင်ထားသည့် ရေအိုး၊ ရေခွက်နှင့် စည်ပိုင်းအားလုံးကို ခြင်မဝင်နိုင်အောင် ဖုံးအုပ်ခြင်း၊ ရေထဲတွင် ပိုးလောက်လန်းတွေ့ရှိပါက သွန်ပစ်ခြင်း၊ ပိုးလောက်လန်းများကို လက်ကိုင်ရှည် ရေစစ်ဖြင့် ခပ်ပစ်ခြင်း၊ ဘုရားပန်းအိုး၊ ညောင်ရေအိုးများကို တပတ်တခါ တိုက်ချွတ်ဆေးကြော၍ ရေလဲခြင်း၊ ရေစစ်အသုံးပြု၍ ရေထည့်ခြင်း စသဖြင့် ပိုးလောက်လန်း နှိမ်နင်းသည့် လုပ်ငန်းစဉ်များဖြစ်သည်။
ထို့ပြင် ပိုးလောက်လန်း ပေါက်ဖွားနိုင်သည့် ဘူး၊ ခွက်၊ ကားတာယာအဟောင်းများကို မြေမြုပ်ခြင်း၊ ခြင်ခိုအောင်းနိုင်သည့် အိမ်တွင်းအိမ်ပြင်နေရာများ ရှင်းလင်းခြင်း၊ ရေကန်များ၊ စဉ့်အိုးများ၊ ရေအိုးများကို အဘိတ် ဆေးခတ်ခြင်း၊ အိပ်စက်ချိန်တိုင်း ခြင်ထောင်ဖြင့် အိပ်စက်ခြင်းတို့က သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်သည့် လုပ်ဆောင်မှုများဖြစ်သည်။ အဆိုပါ နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်ပြီး သွေးလွန် တုပ်ကွေးအန္တရာယ် ကာကွယ်ကြဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။
ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲ မှာပင် သွေးလွန်တုပ်ကွေး ရောဂါမှာ ချင်းပြည်နယ်မှအပ မြန်မာနိုင်ငံအနှံ့အပြား၌ အသက်အရွယ်မရွေး ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ ယခုလက်ရှိ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၂ က်နေ့အထိ စာရင်းများအရ မြန်မာနိုင်ငံ ဒေသအနှံ့အပြားရှိ လူပေါင်း ၂၆၉၇ ဦး သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားခဲ့ပြီး အဆိုပါ လူနာများအနက် လူ ၁၈ ဦး အသက် ဆုံးရှုံးခဲ့ကြောင်း ဝန်ကြီးဌာနစာရင်းများအရ သိရသည်။
လက်ရှိကာလအတွင်း သွေးလွန်တုပ်ကွေး အများဆုံး ဖြစ်ပွားနေသည့်ဒေသမှာ ရန်ကုန်တိုင်းဖြစ်ပြီး ဒုတိယအများဆုံးက တနင်္သာရီတိုင်းဖြစ်သည်။ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်က တတိယနှင့် စတုတ္ထအများဆုံး ဒေသအဖြစ် တည်ရှိနေသည်။
“သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးမှာ ကျနော်တို့ဝန်ကြီးဌာန တခုတည်းနဲ့ လုပ်လို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဝန်ကြီးဌာနရော၊ အစိုးရရော၊ ကျန်းမာရေး ဝန်ထမ်းတွေရော၊ ပြည်သူလူထုအားလုံး ပါဝင် လုပ်ဆောင်ပြီးတော့ တညီတညွတ်တည်း ဆောင်ရွက်မှသာ သွေးလွန်တုပ်ကွေးဆိုတဲ့ အန္တရာယ်ကြီးကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်လင်းက ပြောဆိုသည်။