လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံလုံးဆိုင်ရာ လွှတ်တော်နှင့် ဒေသဆိုင်ရာ လွှတ်တော်များတွင် ကိုယ်စားလှယ်နေရာ အများစု ရရှိရန် မျှော်လင့်ချက်ဖြင့် မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများမှ ဒေသခံ နိုင်ငံရေးပါတီများ ပူးပေါင်းလာကြသည်။ ထိုရည်မှန်းချက် အောင်မြင်လျှင် တိုင်းရင်းသားများ အနေဖြင့် ၎င်းတို့၏ အခွင့်အရေးများ တိုးတက်စေရန် လုပ်ပိုင်ခွင့် ပိုမို ရရှိမည်ဖြစ်သည်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှအပ မြန်မာနိုင်ငံ၏ အဓိက တိုင်းရင်းသား ၈ မျိုးတို့၏ ဒေသများအနက် လေးမျိုးတို့၏ ဒေသများမှ နိုင်ငံရေးပါတီများသည် ပူးပေါင်းလိုက်ကြပြီ ဖြစ်သည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ရလဒ်များသည် တိုင်းရင်းသားပါတီများအတွက် အဓိက သင်ခန်းစာဖြစ်ခဲ့သည်။ ထိုသင်ခန်းစာမှာ ၎င်းတို့အကြားတွင် ညီညွတ်မှုမရှိခြင်း၊ NLD အပြတ်အသတ် အနိုင်ရခြင်းကြောင့် နိုင်ငံလုံးဆိုင်ရာ လွှတ်တော်တွင် ကိုယ်စားလှယ် နေရာ ၁၁ ရာခိုင်နှုန်းသာ ရရှိခြင်းတို့ဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် နိုင်ငံရေးပါတီ ၉၁ ခု ရွေးကောက်ပွဲဝင်ခဲ့ပြီး ၎င်းတို့အနက် ၆၄ ရာခိုင်နှုန်း သို့မဟုတ် ၅၉ ပါတီသည် တိုင်းရင်းသားပါတီများ ဖြစ်သည်။ အဓိက တိုင်းရင်းသား အုပ်စုများဖြစ်သော ရှမ်း၊ ကချင်၊ ကယား၊ ချင်း၊ မွန်နှင့် ကရင် အုပ်စုများအနက် တခုစီကို အနည်းဆုံး ပါတီနှစ်ခုစီက ကိုယ်စားပြုခဲ့ကြသည်။
မဲကွဲသွားသောကြောင့် တိုင်းရင်းသားပါတီများ အနိုင်ရသည့် လွှတ်တော် ကိုယ်စားလှယ်နေရာမှာ စစ်အစိုးရ လက်အောက်တွင် ကျင်းပသည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင် ၄ ရာခိုင်နှုန်း ကျဆင်းသွားသည်။
တပါတီနှင့်တပါတီ အချင်းချင်း ယှဉ်ပြိုင်နေမည့်အစား တိုင်းရင်းသားပါတီငယ် အများအပြားတို့သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ ပိုမိုရရှိရေးအတွက် ပူးပေါင်းကြရန် ဆုံးဖြတ်လိုက်ကြသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် တိုင်းရင်းသား ပြည်နယ်များတွင် ကျေနပ်လောက်သော တိုးတက်မှုကို ဆောင်ကျဉ်းပေးနိုင်ခြင်းမရှိဟု ၎င်းတို့ ယူဆသောကြောင့် နောက်ဆုံးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုပင် အနိုင်ယူရန် ရည်မှန်းကြသည်။
ထိုသို့ ပေါင်းစည်းသည့် ဖြစ်စဉ်များသည် NLD အာဏာရပြီးနောက် စတင်ခဲ့သော်လည်း မတူညီသော ပါတီများ၏ အမာခံများတွင် အမျိုးမျိုးသော နိုင်ငံရေး အမြင်များနှင့် ရည်ရွယ်ချက်များ ရှိနေသောကြောင့် အစပိုင်းတွင် ပေါင်းစည်းရေး လုပ်ငန်းမှာ ခက်ခဲခဲ့ကြောင်း တွေ့ရသည်။ သို့သော် တိုင်းရင်းသားပြည်သူများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ် စနစ် ထူထောင်ရေးတွင် NLD ၏ အားထုတ်မှုကို မကျေနပ်သောအခါ ဒေသခံ နိုင်ငံရေးပါတီများ ပူးပေါင်းရန် ဖိအား ပိုမိုပေးလာကြသည်။
NLD အာဏာရလာပြီး နှစ်နှစ်ခွဲအတွင်းတွင် မြန်မာနိုင်ငံ၏ အဓိက တိုင်းရင်းသားဒေသများဖြစ်သည့် ကရင်၊ ကချင်၊ ကယား၊ မွန်နှင့် ချင်းပြည်နယ်များမှ နိုင်ငံရေးပါတီများသည် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာခဲ့ကြသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဒေသဆိုင်ရာနှင့် နိုင်ငံလုံးဆိုင်ရာ လွှတ်တော်များတွင် ကိုယ်စားလှယ်နေရာ တနေရာမျှ မရရှိသောကြောင့် မကျေမနပ်ဖြစ်ခဲ့ရသော ချင်းပါတီများသည် ၂၀၁၆ ခုနှစ်မှ စတင်ပြီး ပေါင်းစည်းရန် ပူးပေါင်း ဆောင်ရွက် နေကြသည်။ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (CDNP) နှင့် ချင်းတိုးတက်ရေးပါတီ (CPP) တို့သည် ချင်းအမျိုးသား ကွန်ဂရက် အဖြစ် ပူးပေါင်းရန် ၂၀၁၇ ခုနှစ် ဇူလိုင်လက သဘောတူခဲ့ကြသည်။
ချင်းပြည်နယ်မှ တတိယ နိုင်ငံရေးပါတီ ဖြစ်သော ချင်းဒီမိုကရေစီ အဖွဲ့ချုပ် (CLD) သည်လည်း ယခုနှစ်တွင် အထက်ပါ နိုင်ငံရေး ပါတီနှစ်ခုနှင့် ပူးပေါင်းရန် လေ့လာနေသည်။ ထို ချင်းပါတီ သုံးခုတို့သည် ရှေ့လာမည့် လများတွင် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အဖြစ် ပူးပေါင်းကြမည် ဖြစ်သည်။
“ပိုမိုထိရောက်မှု ရှိဖို့အတွက် ချင်းပါတီတွေ သွေးစည်းညီညွတ်ဖို့လိုတယ်။ ၂၀၂၀ ရွေးကောက်ပွဲကျရင် ကိုယ်စားလှယ် နေရာ အများစုရဖို့ ကျနော်တို့ ရည်မှန်းတယ်” ဟု ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဆလိုင်း ဆူ ဘစ်သောင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“တိုင်းရင်းသားတမျိုးကို ကိုယ်စားပြုတဲ့ပါတီ တခုတည်း ရှိသင့်တဲ့ အယူအဆကို ကျနော်တို့ လက်ခံတယ်” ဟု သူက ဆိုသည်။
“၂၀၁၅ တုန်းက ကျနော်တို့ ချင်းတွေဟာ NLD ကို မဲပေးခဲ့ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က တိုင်းရင်းသား အခွင့်အရေးတွေကို ကာကွယ်ပြီး ဖက်ဒရယ် ပြည်နယ်တွေ ထူထောင်ဖို့ မူဝါဒတွေ ချမှတ်မယ်ထင်ခဲ့ကြလို့။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်သွားတဲ့ အခါကျတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ သူတို့ရပ်တည်ချက်က အားနည်းတယ် ဆိုတာကို ကျနော်တို့ သဘောပေါက်လာတယ်။ NLD ဟာ ချင်းတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အာမ မခံနိုင်ဘူး ဆိုတာကို ချင်းတိုင်းရင်းသားတွေ သဘောပေါက်လာကြတယ်။ သူတို့က ချင်းပါတီတွေကို ပိုမို ထောက်ခံလာတာကို မြင်ချင်ကြတော့ ကျနော်တို့တတွေ ညီညွတ်ဖို့ တွန်းအားတွေ ပေးလာတယ်” ဟုလည်း သူက ရှင်းပြသည်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ NLD က ပြည်နယ်လွှတ်တော် နေရာ ၁၂ နေရာရသည်။ စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က နေရာ ၄ နေရာ ရသည်။ ဇိုမီး ဒီမိုကရေစီ ကွန်ဂရက် (ZCD) က နှစ်နေရာ ရခဲ့သည်။ ချင်းပြည်နယ်မှ ပြည်သူ့လွှွှတ်တော် နေရာများတွင် NLD က ၇ နေရာရပြီး ZCD က နှစ်နေရာ ရကာ အမျိုးသားလွှတ်တော်နေရာများတွင် NLD က ၉ နေရာ၊ USDP က ၂ နေရာနှင့် ZCD က ၂ နေရာရရှိကြသည်။
ကချင်ပါတီ များဖြစ်သော ကချင် ဒီမိုကရက်တစ်ပါတီ (KDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင် အမျိုးသားကွန်ဂရက် (KNC) နှင့် ကချင်ပြည်နယ် ပြည်ထောင်စုနှင့် ဒီမိုကရေစီ ပါတီတို့ သည်လည်း ပူပေါင်းကြရန် မကြာသေးမီက ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ထိုပူးပေါင်းဖွဲ့စည်းမည့် ပါတီကို ကချင်ပြည်နယ်ပါတီဟု အမည်ပေးထားပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ပိုမိုအားကောင်းစွာ ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ထားကြသည်။
KSDP သည် ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် နေရာရသည့် တခုတည်းသော ကချင်ပါတီဖြစ်သည်။ ပြည်သူ့လွှတ်တော် တနေရာနှင့် ပြည်နယ်လွှတ်တော်နေရာ ၃ နေရာကို KDSP က ရရှိခဲ့သည်။ NLD သည် ကချင်ပြည်နယ် လွှတ်တော်တွင် နေရာ အများစု ရရှိထားသည်။
အသစ်ဖွဲ့စည်းလိုက်သည့် ကချင်ပြည်နယ်ပါတီ၏ ဗဟိုကော်မတီဝင်၊ ယခင် KDP ဥက္ကဋ္ဌဟောင်း အောင်ခမ်းက “ကျနော်တို့ ပါတီသစ်က ကချင်တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတယ်။ ကျနော်တို့က ၂၀၂၀ ကျရင် တခြား တိုင်းရင်းသား ပါတီတွေ၊ တိုင်းရင်းသား အခွင့်အရေးတွေကို အာမခံပြီး ဖက်ဒရယ် ပြည်နယ်တွေ ထူထောင်နိုင်တဲ့ တခြားဘယ်ပါတီ မဆိုနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ မျှော်လင့်တယ်” ဟု ပြောသည်။
ကချင်ပြည်နယ်ပါတီသည် ၂၀၂၀ တွင် ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
“၂၀၂၀ ရွေးကောက်ပွဲမှာ တခြား တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ပါတီတွေ ကချင်ပြည်နယ်မှာ ဝင်ရောက် ယှဉ်ပြိုင်ရင်လည်း သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်။ မဲကွဲ မခံနိုင်ဘူး” ဟုလည်း အောင်ခမ်းက ပြောသည်။
အဓိကကျသော ကရင်နိုင်ငံရေးပါတီ အများအပြားတို့ကလည်း စည်းလုံးညီညွတ်ခြင်းကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု မျှော်လင့်ကြသည်။ ကရင် နိုင်ငံရေးပါတီဖြစ်သော ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP)၊ ကရင် ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ တို့သည် ပူးပေါင်းခဲ့ပြီး ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) ကို ဖေဖော်ဝါရီလက ထူထောင်ခဲ့သည်။
အခြား ကရင်တိုင်းရင်းသားပါတီ တခုဖြစ်သော ရန်ကုန်အခြေစိုက် ကရင်ပြည်သူ့ပါတီ နှင့် ဧရာဝတီတိုင်း အခြေစိုက် ကရင်အမျိုးသား ပါတီ တို့သည် ထိုပါတီသစ်နှင့် ပူးပေါင်းခြင်း မရှိပေ။
“NLD က ကရင်တိုင်းရင်းသားတွေ အခွင့်အရေးအတွက် ဘာတွေလုပ်နေတယ်ဆိုတာ ကရင်တိုင်းရင်းသားတွေက နားလည်ပြီး ဖြစ်နေတော့ ကျနော် ထုတ်မပြောချင်ဘူး။ ဒါကြောင့်မို့ ကျနော်တို့ ပူးပေါင်းဖို့ သူတို့ တိုက်တွန်းတယ်။ သူတို့ဆန္ဒကြောင့် ကျနော်တို့ ပူးပေါင်းလိုက်တာပဲ” ဟု ပူးပေါင်းလိုက်သော ကရင်တိုင်းရင်းသား ပါတီတခုဖြစ်သည့် PSDP ဒု ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“၂၀၂၀ ရွေးကောက်ပွဲကျရင် ပြည်နယ်လွှတ်တော်မှာ နေရာ အများစုရနိုင်မယ် လို့တော့ အနည်းဆုံး မျှော်လင့်ထားတာမို့ ကရင်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်” ဟုလည်း သူက ဆိုသည်။
“ပြည်သူတွေအနေနဲ့ ပါတီကိုပဲကြည့်ရမယ်၊ လူကို မကြည့်နဲ့လို့ ရွေးကောက်ပွဲမှာ မဲဆွယ်တုန်းက ပြည်သူတွေကို NLD က ပြောတယ်။ ဒါပေမယ့် ဒီတခါတော့ အရည်အချင်းနဲ့ စွမ်းဆောင်ရည် ရှိတဲ့သူတွေကို ကြည့်ဖို့၊ ပါတီကို မကြည့်ဖို့ ပြည်သူတွေကို ကျနော်တို့ တွန်းအားပေးသွားမယ်” ဟုလည်း သူက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်မှ နေရာအများစုကို NLD က အနိုင်ရပြီး ကရင်ပြည်သူ့ပါတီမှာ ပြည်နယ် လွှတ်တော်နေရာ တခုသာ ရရှိခဲ့သည်။
မွန်တိုင်းရင်းသားပါတီ နှစ်ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMRDP) နှင့် မွန်အမျိုးသားပါတီ (MNP) တို့သည်လည်း ၂၀၂၀ ရွေးကောက်ပွဲအတွက် ပူးပေါင်းပြီး ပါတီသစ်ထောင်ရန် ဇူလိုင်လက ဆုံးဖြတ်ခဲ့ကြသည်။ ထိုပါတီသစ်ကို မွန်ပါတီဟု အမည်ပေးထားပြီး ပါတီနှစ်ခု ပူးပေါင်းသော အခမ်းအနားကို ယခုလအတွင်း ကျင်းပမည် ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် AMRDP နှင့် MNP ပြည်နယ်လွှတ်တော် နေရာ ၄ နေရာသာရရှိပြီး NLD က နေရာအများစုတွင် အနိုင်ရသည်။
ကယားညီညွတ်ရေး ဒီမိုကရေစီပါတီနှင့် တိုင်းရင်းသားပေါင်းစုံ ဒီမိုကရေစီပါတီတို့ သည်လည်း ၂၀၁၇ ခုနှစ်က ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ပြီး ပါတီသစ်ကို ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီဟု အမည်ပေးခဲ့သည်။ ထိုပါတီသစ်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ တဆင့် ဖက်ဒရယ်စနစ် ထူထောင်ရေးကို ရည်ရွယ်သည်။
သို့သော် အချို့ အဓိကကျသည့် တိုင်းရင်းသားပါတီများသည် နိုင်ငံရေးအမြင်၊ လုပ်ငန်းစဉ် မတူညီခြင်းနှင့် ၎င်းတို့အကြား ပဋိပက္ခများကြောင့် ပေါင်းစည်းနိုင်ခြင်း မရှိကြသေးပေ။
ရှမ်းပြည်နယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ ပါတီ (SNDP) ဟူ၍ အဓိက နိုင်ငံရေးပါတီ နှစ်ခုရှိသည်။ SNLD သည် ရှမ်းတိုင်းရင်းသားများ အကြားတွင် ထောက်ခံမှု အရရှိဆုံး ပါတီဖြစ်သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်၌ USDP က မဲအများဆုံး ရရှိသည်။ ပြည်သူ့ လွှတ်တော်တွင် SNLD က ၂၄ နေရာ၊ NLD က ၂၁ နေရာ နှင့် SNDP က တနေရာရသည်။ သို့သော် SNLD နှင့် SNDP တို့၏ နိုင်ငံရေး ရပ်တည်မှုသည် ကွဲပြားလှသောကြောင့် ထိုပါတီနှစ်ခုတို့သည် လာမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ညီညွတ်ကြမည် မဟုတ်ဟု ကျွမ်းကျင်သူများက ပြောသည်။
ရခိုင်တိုင်းရင်းသား ပါတီနှစ်ခုဖြစ်သော ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နှင့် ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP) တို့သည် ရခိုင်တိုင်းရင်းသားများအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၄ ခုနှစ်က ရခိုင်အမျိုးသားပါတီ ဟူသောအမည်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ၎င်းတို့သည် တိုင်းရင်းသားပါတီများတွင် ပထမဆုံး ပေါင်းစည်းသော ပါတီလည်း ဖြစ်သည်။ သို့သော် ဆုံးဖြတ်ချက်ချရာတွင် မျှတမှုမရှိဟူသော စွပ်စွဲချက်နှင့် ပါတီနှစ်ခုမှ ပါတီဝင်များအကြား ပဋိပက္ခများရှိခဲ့ပြီး ထိုပါတီနှစ်ခု ပြန်ကွဲသွားသည်။
ဆယ်စုနှစ် ငါးခုနီးပါး စစ်အာဏာရှင် စနစ်အောက်တွင် အပြောင်းအလဲနှင့် ဒီမိုကရေစီကို ငတ်မွတ်နေသော ပြည်သူများက မဲပေးခဲ့သောကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD သည် လွှတ်တော်နေရာအားလုံး၏ ၇၇ ရာခိုင်နှုန်း ရပြီး အပြတ်အသတ် အနိုင်ရသည်။
သို့သော် လွန်ခဲ့သော နှစ်နှစ်အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် ပြုပြင်ပြောင်းလဲရေးနှင့် ဖွံဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ နှောင့်နှေးခြင်း၊ အောင်မြင်မှုမရှိဘဲ မှုန်ဝါးသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ မီဒီယာကို ဖြိုခွဲခြင်းနှင့် ရခိုင် ပြည်နယ်မှ ရိုဟင်ဂျာ အကျပ်အတည်းကြောင့် လူ့အခွင့်အရေး အုပ်စုများ၏ ဖိအားကို ဖိတ်ခေါ်သလို ဖြစ်ခဲ့ခြင်းတို့ကြောင့် ဝေဖန်ခံနေရသည်။
NLD အစိုးရသည် တိုင်းရင်းသားများ၏ အသံကို နားထောင်ရန် ပျက်ကွက်ပြီး ဆန့်ကျင် ဆောင်ရွက်သည်၊ အထူးသဖြင့် တိုင်းရင်းသား အခွင့်အရေးများနှင့် ပတ်သက်လျှင် ဆန့်ကျင်သည်ဟု ယခင် ထောက်ခံခဲ့သော တိုင်းရင်းသား အုပ်စုများက ယူဆကြသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းစစ်သည် NLD အစိုးရ လက်ထက်တွင် စစ်ဘေးရှောင် အရေအတွက် တိုးပွားစေသည်ကို တိုင်းရင်းသား ပြည်သူများက ထောက်ပြကြသည်။ ထို့အပြင် NLD ၏ ပြည်နယ် အစိုးရသည် မွန်ပြည်နယ်မှ တံတားတခုကို ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူဖခင် လွတ်လပ်ရေး သူရဲကောင်းကို အစွဲပြုပြီး မွန်တိုင်းရင်းသားများကို ဆန့်ကျင်ကာ အောင်ဆန်းတံတားဟု အမည်ပေးသည်။
ကန့်ကွက်မှုများ ရှိနေသော်လည်း ပြည်နယ်အာဏာပိုင် တချို့ အပါအဝင် NLD ထောက်ခံသူများသည် ကချင်နှင့် ချင်းပြည်နယ် တို့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများကို တည်ဆောက်ခဲ့ကြသလို၊ အလားတူ ရုပ်တုကို လွိုင်ကော်တွင် တည်ဆောက်မည့် အစီအစဉ်ကို ဆန့်ကျင်သူ ကယားပြည်နယ်မှ လူငယ်များသည်လည်း ထိုအစီအစဉ်ကို ဆန့်ကျင် သောကြောင့် အမှုရင်ဆိုင် နေကြရသည်။
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်သည် NLD အစိုးရအနေဖြင့် ၎င်းတို့အတွက် ပြဿနာရှိကြောင်း သိလိုက်ရသည့် အချိန် ဖြစ်သည်။ ထိုရွေးကောက်ပွဲတွင် NLD သည် ကိုယ်စားလှယ် နေရာ ၁၉ နေရာအနက် တဝက်ခန့်သာရပြီး SNLD က ခြောက်နေရာရကာ USDP က နှစ်နေရာရသည်။
ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်သည် NLD အစိုးရ၏ ဖွဲ့စည်းပုံကို ပြောင်းလဲစေနိုင်စွမ်း မရှိသော်လည်း တိုင်းရင်းသား များထံမှ ထောက်ခံမှု များစွာမရလှကြောင်း NLD အစိုးရကို ပြသသည့် သတိပေး ခေါင်းလောင်း ဖြစ်သည်။
ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသား ပါတီများသည် ၎င်းတို့၏ ပြည်နယ် အသီးသီးတွင် အောင်မြင်ရန် ရည်မှန်းကြသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် NLD ၊ တိုင်းရင်းသားပါတီများ မဟာမိတ်နှင့် USDP နှင့် မဟာမိတ်များဟူသည့် ပြိုင်ဖက်အုပ်စု သုံးခု ပေါ်လာမည်ဟု တိုင်းရင်းသားပါတီများက မျှော်လင့်ကြသည်။
တိုင်းရင်းသားပါတီများသည် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသော်လည်း ချင်းနှင့် ကချင် ကဲ့သို့သော ရည်မှန်းချက် ကြီးမားသည့် တချို့သော တိုင်းရင်းသားပါတီများသည် ပြည်နယ်နှင့် နိုင်ငံလုံးဆိုင်ရာ လွှတ်တော်များတွင် အများစု အနေအထား ရရှိရန် မျှော်လင့်ထားကြသည်။ ၎င်းတို့သည် NLD သို့မဟုတ် ဖက်ဒရယ် ပြည်နယ်များ ပေါ်ထွက်လာရန် အာမခံသော တိုင်းရင်းသားပါတီတခုနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရန် မျှော်လင့်နေကြသည်။
“၂၀၂၀ ပြည့်နှစ်မှာ ပါတီတခုတည်းနဲ့ အစိုးရ ဖွဲ့နိုင်နိုင်မှာ မဟုတ်ဘူး။ NLD က ဗမာတွေ လွှမ်းမိုးတဲ့ မဲဆန္ဒနယ်တွေမှာ နိုင်ရင်နိုင်မယ်၊ ဒါပေမယ့် NLD က ၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသားတွေကို ပေးခဲ့တဲ့ကတိတွေကို မဖြည့်ဆည်းနိုင်လို့ တိုင်းရင်းသားပါတီတွေ မဲရနိုင်ခြေရှိတယ်” ဟု ဆလိုင်း ဆူဘစ်သောင်က ပြောသည်။
“ကျနော်တို့ ၂၀၂၀ ပြည့်နှစ်မှာ ညွန့်ပေါင်း အစိုးရ ဖွဲ့မယ်” ဟု သူက ဆက်ပြောသည်။
(Ethnic Political Parties Merge to Seek Stronger Representation in 2020 Election ကို ဆီလျော်အောင် ဘာသာပြန်သည်။)