ယနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနေ့မှာ ပြည်သူလူထု အများစုဟာ သူတို့အတွက် အားကိုးအားထားရမယ်လို့ ယုံကြည်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲ ပေးဖို့ မဲရုံစတင်ဖွင့်မယ့် မနက် ၆ နာရီ မတိုင်ခင်ကတည်းက တန်းစီ စောင့်ဆိုင်းနေကြပါတယ်။
COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလမို့ ဆန္ဒမဲ လာရောက်ပေးမယ့်သူ နည်းပါးနိုင်တယ်ဆိုပြီး နိုင်ငံရေး အသိုင်း အဝိုင်းတွေက သုံးသပ်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ နိုင်ငံအဝှမ်းက နေရာအများအပြားမှာ ဆန္ဒမဲ ပေးသူများစွာဟာ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေနဲ့ အညီ လာရောက်ကြကာ မဲရုံပိတ်ချိန် ညနေ ၄ နာရီမတိုင်ခင်အထိ ဆန္ဒမဲတွေ ပေးခဲ့ကြပါတယ်။
သမ္မတ ဦးဝင်းမြင့် ဝင်ရောက်ယှဉ်ပြိုင်တဲ့ တာမွေမြို့နယ် ကျားကွက်သစ် ရပ်ကွက်မဲရုံမှာဆိုရင် မဲလာပေးသူတွေဟာ မနက် ၈ နာရီဝန်းကျင်မှာပင် လူ ၁၀၀ ဝန်းကျင် တန်းစီစောင့်ဆိုင်းနေကြတာ တွေ့ရပြီး၊ မဲရုံအတွင်း မဝင်မီ ၎င်းတို့ တပ်ဆင် ခဲ့တဲ့ Mask တွေအစား N 95 Mask များ ပြောင်းလဲ တပ်ဆင်စေတာ၊ လက်သန့်ဆေး ရည်သုံးစေတာတွေကို ပြုလုပ်ပေး ကြတာလည်း တွေ့ရပါတယ်။
မဲဆန္ဒပြုဖို့ လာရောက်ခဲ့သူ တာမွေမြို့နယ်နေသူ ၁ ဦးကတော့ “လူထုအသံကို ကိုယ်စားပြုပေးနိုင်မယ့်သူတွေကို ရွေးချယ် ခဲ့ပါတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။
ဗိုလ်တထောင်မြို့နယ် အမှတ် ၂ ရပ်ကွက်မှာ တည်ရှိတဲ့ ဧရာဝတီရေတပ်စခန်းဌာနချုပ်က တပ်မတော်သားတွေနဲ့ မိသားစု ဝင် အများစု လာရောက်မဲပေးရာ မဲရုံ အမှတ် ၅ မှာ ဆိုရင် မဲလာပေးသူအများစုဟာ Mask၊ ခေါင်းစွပ်နဲ့ လက်အိတ်တွေ ဝတ်ဆင်ကာ လာခဲ့ကြတာတွေ့ရပါတယ်။ သူတို့တွေကတော့ အင်တာဗျူးဖြေဖို့ ငြင်းဆန်ကြပါတယ်။

အဲဒီ တပ်မဲရုံမှာဆိုရင် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၁၈၀၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီ ၅ ခု၊ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၁ ဦးလည်း ပါဝင်ပါတယ်။
အဆင်ပြေစွာ မဲပေးနိုင်ကြတဲ့ မဲရုံတွေ ရှိသလို မဲတံဆိပ်တုံး အတုပြုလုပ်မှု၊ တိုင်းရင်းသား အချို့ မဲပေးခွင့်မရတဲ့ ပြဿနာ အပါအဝင် မဲမသမာမှု ဖြစ်စဉ် အချို့လည်း ရှိခဲ့ပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ အစင်စံပြကျေးရွာမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) တံဆိပ်တုံးနဲ့ ပုံစံဆင်တူတဲ့ တံဆိပ်တုံး အတု ယူဆောင်လာသူကို ဖမ်းမိခဲ့တယ်လို့ အစင်စံပြကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရပါတယ်။
ဆန္ဒမဲပေးခွင့်ရှိသူ ၁၂၉၀၀၀ ကျော်ရှိတဲ့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာတော့ ရှမ်းတိုင်းရင်းသားအချို့ တိုင်းရင်းသား ရေးရာ မဲပုံးမရှိတာကြောင့် မဲပေးခွင့်မရတဲ့ ပြဿနာ ဖြစ်ခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ တာကလေးမြို့သစ်ရပ်ကွက်၊ မဲရုံအမှတ် ၄ မှာလည်း နိုင်ငံရေးပါတီတခုက ထုတ်ပေးထားတယ်လို့ဆိုတဲ့ မဲစာရင်းစာရွက်အတု ယူဆောင်လာကာ အမျိုးသား ၁ ဦးက လာရောက်မဲပေးမှုလည်း ဖြစ်ပွားခဲ့ပါတယ်။
ဒီလိုပြဿနာတွေကိုတော့ သက်ဆိုင်ရာက အရေးယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီကနေ့မှာ မဲပေးသူ လာရောက်မှုများပြားတဲ့ မဲရုံတွေမှာတော့ မဲရုံအတွင်းကို လူ ၃ ဦး တလှည့်၊ ၅ ဦး တလှည့် စသည်ဖြင့် Social Distancing အရ မဲပေးစေခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့က နိုင်ငံရေးသမားတွေလည်းမဟုတ်ဘူး။ ပြည်သူထဲက ပြည်သူပါ။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲဆိုပြီး ဝိုင်းပြီး တည်ဆောက်ကြမယ်ပေါ့။ အများကြီး ကောင်းလာမယ်လို့လည်း ယုံကြည်ပါတယ်”လို့ မရမ်းကုန်းမြို့နယ်က မဲရုံ ၁ ရုံမှာ ဆန္ဒမဲလာပေးသူ တဦးက ပြောပါတယ်။
ပြည်သူအများစု ပြောပြချက်တွေအရ ကိုဗစ်ကာလမှာ သူတို့ကို ရောဂါပိုး ကူးစက်မှာ စိုးရိမ်စိတ်တွေ ရှိကြပေမယ့် နိုင်ငံ သားတာဝန်ကျေပွန်ဖို့ လိုအပ်တာ၊ ပြည်သူကိုယ်စားပြု အစိုးရ တရပ် ပေါ်ထွက်လာဖို့ လိုအပ်တာကြောင့် စိုးရိမ်မှုတွေ ကြားကနေပဲ လာရောက်မဲပေးကြတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ ၁ ဖွဲ့ဖြစ်တဲ့ PEACE မှ စိုင်းရဲကျော်စွာမြင့်က “မဲရုံတွေကို အချိန်မီ ဖွင့်လှစ်နိုင် ခဲ့သလို ကိုဗစ် ၁၉ ကာကွယ်ရေးအစီအမံတွေကိုပါ ပြင်ဆင်ထားနိုင်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနဲ့ မဲရုံ တာဝန်ရှိသူတွေ အားလုံးရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်” လို့ ယနေ့ ညနေပိုင်းက အဖွဲ့ရဲ့ ကနဦးအစီရင်ခံစာ သတင်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အဲဒီ ကနဦးအစီရင်ခံစာမှာ မဲရုံမှူးများရဲ့ ၃ ပုံ ၂ ပုံဟာ အမျိုးသမီးများ ဖြစ်နေတာကို တွေ့ရပြီး မဲရုံအဖွဲ့ဝင်တွေရဲ့ ၆၆ ရာခိုင်နှုန်းကလည်း အမျိုးသမီးတွေ ဖြစ်နေတာ တွေ့ရတယ်လို့ ရေးသားထားပါတယ်။
ထို့အပြင် မဲရုံ ၇ ရာခိုင်နှုန်းကသာ ကိုဗစ် သံသယရှိသူ သို့မဟုတ် ကိုယ်ပူချိန် မြင့်မားသူတွေအတွက် ဆန္ဒမဲပေးရန် သီးခြားအခန်း သို့မဟုတ် သီးခြားနေရာ စီစဉ်ထားတာကို တွေ့ရကြောင်း၊ မဲရုံအားလုံး (၉၄ ရာခိုင်နှုန်းခန့်) မှာ ကိုဗစ် ကာကွယ်ရေး လမ်းညွှန်ချက်တွေ သိသာထင်ရှားစွာ ကပ်ထားကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ အချို့ မဲရုံတွေမှာ ပြည်သူတွေပေးခဲ့တဲ့ ဆန္ဒမဲတွေကို ဖွင့်ဖောက်ကာ ရရှိတဲ့ဆန္ဒမဲတွေကို ရေတွက် နေကြ ပါပြီ။
တပ်မဲရုံ တခု ဖြစ်တဲ့ ဇေယျာသီရိမြို့နယ်ထဲက အနော်ရထာရပ်ကွက် မဲရုံ အမှတ် ၈ မှာတော့ မဲပေးခွင့်ရှိသူ ၃၀၀ အနက် NLD ပါတီက ပြည်သူ့လွှတ်တော်နေရာ ၃ မဲ၊ အမျိုးသားလွှတ်တော်နေရာ ၆ မဲရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီက ပြည်သူ့လွှတ်တော်နေရာ ၂၃၇ မဲနဲ့ အမျိုးသား လွှတ်တော်နေရာ ၂၅၁ မဲ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဇေယျာသီရိမြို့နယ် မဲရုံအမှတ် ၁ မှာ ဆန္ဒမဲလာရောက်ပေးခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ကို ဧရာဝတီသတင်းထောက် ကိုထက်နိုင်ဇော်က မေးမြန်းခဲ့ရာမှာတော့ “ကျနော်ကတော့ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ဒီအပေါ်မှာ အလေးထားတဲ့ ပါတီပေါ့နော်။ နောက်တခါ ဒို့တာဝန် အရေး ၃ ပါးကို အလေးထားတဲ့ ပါတီ ပေါ့။ ကျနော် အမြဲတမ်းပြောတယ်။ ကျနော်တို့ တပ်မတော်နဲ့ လက်တွဲပြီး အလုပ်လုပ်လို့ ရတဲ့ပါတီကို ကျနော် ရွေးချယ်ပြီး ပေးခဲ့ပါတယ်။ ပိုပြီးကောင်းတဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်လို့လည်း ကျနော် အပြည့်အဝ ယုံကြည်ပါတယ်။” ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဇေယျာသီရိမြို့နယ်ဟာ ၂၀၁၅ ခုနှစ်က ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရ ခဲ့ပြီး အမျိုးသားလွှတ်တော်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က အနိုင်ရရှိခဲ့တဲ့နေရာ တခု ဖြစ်ပါတယ်။
မင်းကင်းမြို့နယ် တောင်တွင်းဒေသ ဇနပုဒ်ရွာမှာတော့ NLD ပါတီက ၇၀ မဲ၊ USDP က ၂၇ မဲ ၊ ငအုံးကျေးရွာမှာ ပြည်သူ့လွှတ်တော်နေရာအတွက် NLD က ၁၆၁ မဲ၊ USDP က ၂၆ မဲ၊ အမျိုးသားလွှတ်တော်အတွက် NLD က ၁၆၈ မဲ၊ USDP က ၂၄ မဲနဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၁ အတွက် NLD က ၁၅၄ မဲ၊ USDP က ၂၄ မဲ ရရှိထားပြီးဖြစ်တယ်လို့ ဗေဒါအင်စတီကျူ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမျိုးရန်နောင်သိန်းက သူရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။
ယနေ့ နိုဝင်ဘာ ၈ ရက်နေ့ည ရောက်သည်အထိ ပြည်သူတွေပေးခဲ့တဲ့ ဆန္ဒမဲတွေဟာ မဲရုံအလိုက် ရေတွက်နေဆဲ ဖြစ်တာကြောင့် အနိုင်ရ ကိုယ်စားလှယ် နာမည်တွေကိုတော့ သေချာ မသိရှိရသေးပါ။
ယခု ရွေးကောက်ပွဲမှာလည်း ၂၀၁၅ ခုနှစ် ကလို NLD ပါတီက သောင်ပြိုကမ်းပြို နိုင်မလား၊ ၂၀၁၀ ကာလက အနိုင်ရခဲ့တဲ့ ပါတီကြီး တခုဖြစ်တဲ့ USDP ပါတီက နိုင်မလား၊ မဲဆန္ဒနယ်အလိုက် နေရာများစွာမှာ မည်သည့်ပါတီက ကိုယ်စားလှယ်တွေ အနိုင်မလဲ။ တိုင်းရင်းသားမဲဆန္ဒနယ်မြေတွေကလည်း တိုင်းရင်းသားအသံတွေကိုယ်စားပြု ထွက်ပေါ်လာဖို့ ဘယ်ကိုယ်စား လှယ်လောင်းတွေ အနိုင်ရလာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ပါစေ ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေတဲ့ ကာလထဲမှာတောင် နိုင်ငံတော်အတွက် အရေးကြီးဆုံး အလုပ်တခုကို လုပ်ဆောင်ခဲ့တဲ့ နိုင်ငံသားများစွာကတော့ သူတို့ရဲ့ တာဝန်ကျေခဲ့ပြီလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ။
You may also like these stories:
ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ရလဒ်ကိုတော့ လက်ခံရမှာ
မွန်ပြည်နယ် ရေးမြို့တွင် UEC တံဆိပ်တုံးအတု ယူလာသူကို ဖမ်းမိ
လူထုဆန္ဒကို လေးစားမှ ဒီမိုကရေစီ ပီသမည်