၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့သည် ဒီမိုကရေစီရေးအတွက်သာမက ပြည်သူ့ကျန်းမာရေးအတွက်ပါ ထည့်သွင်းစဉ်းစား အကောင်အထည်ဖော်ရသည့် တာဝန် ၂ ထပ်ကွမ်း ပိုကြီးသော ပြည်လုံးကျွတ် ရွေးကောက်ပွဲနေ့ ဖြစ်သည်။
ကိုဗစ် ၁၉ ကပ်ရောဂါပိုး ကူးစက်မှုနှုန်း နေ့စဉ် တထောင်ကျော် အများအားဖြင့် ရှိနေပြီး လူသေဆုံးမှုနှုန်းက အနည်းငယ် ကျဆင်းသွားသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်၏ လုပ်နိုင်ကိုင်နိုင်စွမ်းအပေါ် ဝေဖန်မှုများက ပြင်းထန်သည်။
လူထုကျန်းမာရေးအပေါ် စိုးရိမ်ချက်များက ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးရန် အတိုက်အခံ နိုင်ငံရေးပါတီများကို ကနဦးတောင်းဆိုစေခဲ့သလို ရွေးကောက်ပွဲစောင့်ကြည့်ရေး အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ယခင် ဦးတင်အေး၏ ကော်မရှင်လောက် ဆွေးနွေးညှိနှိုင်းမှု မရှိဟု ဝေဖန်ခံရသည်။ မဲပေးပိုင်ခွင့်ရှိသူများစာရင်း ထုတ်ပြန်ရာတွင်လည်း အမှားအယွင်းများ ရှိခဲ့သောကြောင့် ၂၀၁၅ ၌ ကြုံတွေ့ပြီးဖြစ်သည်ကို သင်ခဏ်းစာမယူ၊ ကြိုတင်မပြင်ဆင်ခဲ့ကြောင်း ထင်ရှားသည်။
ပြည်ပနှင့် ပြည်တွင်းတွင် ကြိုတင်မဲများ ကောက်ယူရာ၌လည်း မျှော်မှန်းသလောက် မတိုးတက်ခဲ့ပေ။ အထူးသဖြင့် ကိုဗစ် ၁၉ ကပ်ရောဂါပိုး ကူးစက်နိုင်ခြေများကို လျှော့ချခြင်းအားလျော်စွာ အသက် ၆၀ နှင့် အထက် မဲဆန္ဒရှင်များအား ကြိုတင်မဲ ထည့်စေခြင်း၊ ကျန်းမာရေး အားနည်းသော သက်ကြီးရွယ်အိုများအား အိမ်တိုင်ရာရောက် မဲကောက်ယူစေခြင်းများ ပြုလုပ်ရာ လျှို့ဝှက်မဲပေးနိုင်မှု အရည်အသွေးမှာ များစွာ အားနည်းခဲ့သည်။ ကိုဗစ် ၁၉ ကပ်ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရေး စည်းကမ်းသတ်မှတ်ချက်များကြောင့် မဲဆန္ဒရှင်များအား ပညာပေးခြင်းနှင့် မဲရုံဝန်ထမ်းများအား ကြိုတင်သင်တန်းပေးခြင်းများ မထိရောက်ဟုလည်း ထောက်ပြဝေဖန်ကြသည်။
ယင်းသည် နိုင်ငံရေးပါတီများ အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းအချင်းချင်း ထိန်းညှိကြခြင်း ဖြစ်၍ ဒီမိုကရေစီအတွက် ကောင်းသည်။ သို့ရာတွင် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အမှားအယွင်းများကြောင့် ရွေးကောက်ပွဲ တရားဝင်မှု အပေါ် စိုးရိမ်ကြောင်းနှင့် အစိုးရမှာ တာဝန်ရှိကြောင်း ဝင်ရောက်ပြောဆိုသောအခါ တပ်မတော်မှ အာဏာပြန်သိမ်းနိုင်သလောဟု တွေးပူစရာ ဖြစ်သွားသည်။
ယခု ၂၀၂၀ ရွေးကောက်ပွဲမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များအတိုင်း ကျင်းပသော တတိယအကြိမ်မြောက် ရွေးကောက်ပွဲ ဖြစ်သည်။ ၂၀၁၀ ပထမအကြိမ် ရွေးကောက်ပွဲတွင် မဲမသာမှု အကြီးအကျယ် ဖြစ်ခဲ့သဖြင့် လွတ်လပ်ပြီး မျှတသော ရွေးကောက်ပွဲဟု မသတ်မှတ်ကြချေ။ ၂၀၁၅ ရွေးကောက်ပွဲကမူ ကနဦးစိုးရိမ်မှုများ ပေါ်ထွက်လာခဲ့သော်လည်း လွတ်လပ်ပြီး မျှတသော ရွေးကောက်ပွဲအဖြစ် နောက်ဆုံး မှတ်တမ်းဝင်သွားခဲ့သည်။ ခြိမ်းခြောက်ဖိအားပေးမှု၊ လိမ်လည်မှုများ ကင်းစင်ပြီး မဲဆန္ဒရှင်များ မိမိစိတ်ဆန္ဒအတိုင်း လျှို့ဝှက်စွာ ဆန္ဒမဲပေးနိုင်မှ လူထု၏ ဆန္ဒ အစစ်အမှန်ကို ပေါ်လွင်စေမည် ဖြစ်သည်။
ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် လုံခြုံရေး စိတ်မချရသော လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာ ဒေသများရှိ မြို့နယ်အချို့ကို ရွေးကောက်ပွဲ မပြုလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို နားလည်နိုင်သည်။ ကိုဗစ်ရောဂါကူးစက်မှုကို စိန်ခေါ်၍ ဒီမိုကရေစီရေး ထောက်ခံကာ မဲရုံသို့ လာရောက်မဲထည့်သူ အများစု၏ ဆန္ဒ အစစ်အမှန်အား ထင်ဟပ်စေသော လွတ်လပ်ပြီး မျှတသော ရွေးကောက်ပွဲတခု အောင်မြင်စွာ ကျင်းပနိုင်ခဲ့ရန်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တာဝန်လုံးလုံးဖြစ်သည်။ ကနဦး အမှားအယွင်းများသည် ရာခိုင်နှုန်း မများလှဘဲ လက်ခံနိုင်သော အတိုင်းအတာဖြစ်ကြောင်းလည်း ကော်မရှင်က ပြသရမည်။
တချိန်တည်းမှာပင် လွတ်လပ်သော အရပ်ဘက်အဖွဲ့အစည်းများ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းကို ပိုမိုအားပေးခြင်းဖြင့် ဒီမိုကရေစီအုတ်မြစ်ကို ပိုမိုခိုင်မာစေသင့်သည်။ ဒီမိုကရေစီဆိုကတည်းက အသံဗလံတွေ ဆူညံကွဲပြားနေမည်၊ စစ်ဘက်လို တသွေး တသံ တမိန့်မဟုတ်ပါ။
You may also like these stories:
ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ရလဒ်ကိုတော့ လက်ခံရမှာ
တပ်မတော်အကြီးအကဲ၏ သတိပေးချက် ရွေးကောက်ပွဲလွန်ကာလအတွက် ပူပန်စရာ ဖြစ်လာ
လာမယ့်ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေ နိုင်မလဲ