ကျနော်တို့နိုင်ငံရဲ့ရွေးကောက်ပွဲ တွေကို ပြန်လှည့်ကြည့်လိုက်မယ်ဆိုရင် ပြည်သူတွေက ညီညီညွတ်ညွတ်၊ ပြတ်ပြတ်သားသား၊ ဂုဏ်သိက္ခာရှိရှိနဲ့ မဲပေးခဲ့ကြတာကို တွေ့ရပါတယ်။ အလားတူ ပြည်သူတွေရဲ့ နိုင်ငံရေးအသိနဲ့ ယုံကြည်ပြတ်သားမှူတွေကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ထပ်တွေ့ရဖို့များပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာ ဘယ်လိုရလဒ်တွေ ဖြစ်လာနိုင်မလဲဆိုတာကို ကြိုခန့်မှန်းနိုင်ဖို့ သမိုင်းထဲကရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ စိတ္တဇနာမ်ဖြစ်တဲ့ ပြည်သူတွေရဲ့ နိုင်ငံရေးအမြင်နဲ့ စိတ်ဂုဏ်သတ္တိကို ပေါင်းစပ်သုံးသပ်ကြည့်ရအောင်ပါ။
အဲ့ဒီအတွက် အရင်ဆုံး ၁၉၉၀ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ အချက်အလက်တွေကို ပြန်လေ့လာဖို့လိုပါတယ်။
ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀၊ ၁၉၉၀ခုနှစ် မေလ ၂၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ကြည့်မယ်ဆိုရင် သန်းနဲ့ချီတဲ့ မဲဆန္ဒရှင်တွေ သူတို့ရဲ့ခိုင်မာတဲ့ နိုင်ငံရေးအသိအပြင် အာခံရဲတဲ့သတ္တိနဲ့ မဲပေးခဲ့ကြပါတယ်။ အဲဒီအချိန်ဟာ စစ်အစိုးရက ၁၉၈၈ ဒီမိုကရေစီတောင်းဆိုထားတဲ့ ပြည်သူတွေကို ချေမှုန်းပြီးလို့ ၂ နှစ်ပဲ ရှိပါသေးတယ်။ နောက်ပြီး ဒီမိုကရေစီအလေ့အကျင့် အနေနဲ့ပြောရရင် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးကတည်းက မဲပေးပိုင်ခွင့် ရုပ်သိမ်းခံထားခဲ့ရတဲ့ ပြည်သူတွေက စည်းကမ်းသိသိ၊ သိက္ခာရှိရှိ နဲ့မဲပေးခဲ့ကြပါတယ်။
အဲဒီအချိန် နိုင်ငံရဲ့လူဦးရေ ၃၈ သန်းထဲက ၂၀.၈ သန်းဟာ မဲပေးခွင့်ရှိပါတယ်။ အဲဒီထဲက ၁၅ သန်းကျော် မဲပေးခဲ့ပါတယ်။ ဒါကြောင့်မို့လို့ မဲပေးတဲ့နှုန်းဟာ ၇၂.၅၉ ရာခိုင်နှုန်းရှိပါတယ်။ မဲပေးတဲ့ရာခိုင်နှန်းများတာက လူထုရဲ့ နိုင်ငံရေးအသိမြင့်တာကိုပြတာပါ။
၁၉၉၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း ၉၃ ပါတီ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီလောက်များတဲ့ပါတီတွေထဲကနေ မဲဆန္ဒရှင်တွေ ဘယ်လိုလုပ်ပြီး ရွေးချယ်ကြမလဲဆိုတာ အံ့သြရင်လည်း အံ့သြစရာပါ။ ဒါပေမယ့် လက်တွေ့မှာတော့ ရွေးချယ်စရာ ၂ စုပဲရှိပါတယ်။ ဒီမိုကရေစီအင်အားစုနဲ့ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်တွေပံ့ပိုးထားတဲ့ အင်အားစု နှစ်ခုပဲရှိပါတယ်။ ဒီမိုကရေစီအင်အားစုမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ တိုင်းရင်းသားပါတီတွေအပါအဝင် ဒီမိုကရေစီလိုလားတဲ့ ပါတီတွေ ပါပါတယ်။ ဗိုလ်ချုပ်တွေရဲ့ အမာခံတွေထဲမှာ အာဏာရှင် ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကို ဆက်ခံပြီး စစ်အစိုးရရဲ့ထောက်ခံမှုရထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နဲ့ သူတို့ရဲ့လက်ဝေခံပါတီတွေဖြစ်ပါတယ်။
ပြတ်သားတဲ့နိုင်ငံရေးအမြင် ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေနဲ့ မဲဆန္ဒရှင်အများစုက ဒီမိုကရေစီလိုလားတဲ့ ပါတီတွေကို မဲပေးပြီး စစ်တပ်လက်အောက်ခံပါတီတွေကို ဆန့်ကျင်ခဲ့ပါတယ်။ ဒါက ညီညွတ်ပြတ်သားတာကို ပြတာပါ။
သူတို့တွေ ဘယ်ပါတီတွေကို မဲပေးခဲ့တယ်ဆိုတာ လေ့လာကြည့်ရအောင်။ အနိုင်ရတာကတော့ NLD ဖြစ်ပြီး ဝင်ပြိုင်တဲ့ ကိုယ်စားလှယ် နေရာပေါင်း ၄၈၅ ထဲက ၃၉၂ နေရာ ရရှိခဲ့ပါတယ်။ ရာခိုင်နှန်းနဲ့ဆိုရင် ၈၀.၈၂ ရာခိုင်နှုန်းပါ။ ရွေးကောက်ခံရတဲ့ တိုင်းရင်းသားပါတီတွေကို ပေါင်းကြည့်မယ်ဆိုရင် ၅၇ နေရာရပြီး၊ ရာခိုင်နှုန်းအနေနဲ့ဆုရင် ၁၁.၇ ရာခိုင်နှုန်းပါ။ ဒုတိယအများဆုံးရတာပါ။ တိုင်းရင်းသားပါတီတွေထဲမှာ အများဆုံးရတဲ့ပါတီတွေကတော့ ၂၃ နေရာ အနိုင်ရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နဲ့ ၁၁ နေရာအနိုင်ရတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ဖြစ်ပါတယ်။
ဦးနေဝင်းရဲ့ မဆလ ပါတီကိုပြန်လည် ဖွဲ့စည်းထားတဲ့ တစည ပါတီက အားလုံးပေါင်း ၁၀ နေရာပဲရပါတယ်၊ ၂ ရာခိုင်နှုန်းပေါ့။ တစည ရဲ့လက်ဝေခံပါတီတွေက သူ့ထက် နည်းကြပါတယ်။
ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီပေါင်း ၉၃ ပါတီမှာ ၂၇ ပါတီသာ ရွေးကောက်ခံရပြီး မဲအများစုက NLD နဲ့ တိုင်းရင်းသားပါတီအချို့ရခဲ့ပါတယ်။ ကျန်ပါတီတွေက လက်တဆုပ်စာမဲလောက်ပဲ ရကြပါတယ်။ ဒါကတော့ မြန်မာမဲဆန္ဒရှင်တွေ အနေနဲ့ ပါတီတွေ အများကြီးကြားမှာ ဘယ်လိုရွေးချယ်သလဲဆိုတာပဲ ဖြစ်ပါတယ်။ ကိန်းဂဏန်းတွေကို အောက်မှာ ကြည့်ရအောင်။
၁၉၉၀ ရွေးကောက်ပွဲ
— မဲပေးသူ ရာခိုင်နှုန်း — ၇၂.၅၉ ရာခိုင်နှုန်း
— NLD (ဒီမိုကရေစီအင်အားစု) အနိုင်ရသော ရာခိုင်နှုန်း — ၈၀.၈၂ ရာခိုင်နှုန်း
— တိုင်းရင်းသားပါတီများ (ဒီမိုကရေစီအင်အားစု) အနိုင်ရသော ရာခိုင်နှုန်း — ၁၁.၇၅ ရာခိုင်နှုန်း
— တစည နှင့် လက်ဝေခံပါတီများ (စစ်အစိုးရနှင့် နီးစပ်သည့်ပါတီများ) အနိုင်ရသော ရာခိုင်နှုန်း — ၅.၅ ရာခိုင်နှုန်း
မဲဆန္ဒရှင်တွေရဲ့ရွေးချယ်မှုကို ရှင်းရှင်းလင်းလင်း တွေ့ နိုင်ပါတယ်။ သူတို့ဟာ ညီညီညွတ်ညွတ်၊ ဂုဏ်သိက္ခာရှိရှိ၊ ပြီးတော့ ပြတ်သားတဲ့နိုင်ငံရေးအမြင် ဆုံးဖြတ်ချက်တွေနဲ့ မဲပေးခဲ့တယ်ဆိုတာကို တွေ့နိုင်ပါတယ်။
အခု ၂၀၁၅ ရွေးကောက်ပွဲကို လေ့လာကြည့်ရအောင်။ (ကျနော် ၂၀၁၀ ရွေးကောက်ပွဲကို ဘာလို့ ထည့်မတွက်လည်းဆိုတာ နောက်ပိုင်းမှာ ရှင်းပြပါမယ်။)
၂၀၁၅ နိုဝင်ဘာလ ၇ ရက် နေ့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃၄ သန်းထဲက ၂၄ သန်း မဲပေးခဲ့ပါတယ်။ မဲပေးမှုနှုန်းက ၆၉ ရာခိုင်နှုန်း ရှိပါတယ်။ ဒီတခါမှာလည်း ယှဉ်ပြိုင်တဲ့ပါတီပေါင်း ၉၁ ပါတီ ရှိပါတယ်။ ပါတီတွေ အများကြီးထဲက ထပ်ပြီးရွေးရပေမယ့် မဲဆန္ဒရှင်တွေဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကအတိုင်း ဆုံးဖြတ်ရွေးချယ်ခဲ့တာ တွေ့ရပါတယ်။ ရလဒ်ကလည်း သိပ်မကွာခြားလှပါဘူး။
အနိုင်ရတဲ့ပါတီတွေကတော့ ၁၉၉၀ ရွေးကောက်ပွဲကအတိုင်း NLD နဲ့ ယေဘုယျအားဖြင့် ဒီမိုကရေစီအင်အားစုဖက်မှာရှိတဲ့ တိုင်းရင်းသားပါတီတွေပဲဖြစ်ပါတယ်။ NLD ကတော့ တနိုင်ငံလုံးက လွှတ်တော်အားလုံးမှာ အပြတ်အသတ် အနိုင်ရပြီး ကိုယ်စားလှယ်နေရာပေါင်း ၁၁၅၀ ထဲက ၈၈၆ နေရာ အနိုင်ရပါတယ်။ ၇၇ ရာခိုင်နှုန်းကျော်ပါ။
တိုင်းရင်းသားပါတီတွေကလည်း နိုင်ငံတဝှမ်းမှာ နေရာပေါင်း ၁၄၀ အနိုင်ရပြီး ၁၂.၂ ရာခိုင်နှုန်းနိုင်ပါတယ်။ သူတို့ထဲက အများဆုံးရတဲ့ ပါတီတွေကတော့ ကိုယ်စားလှယ်နေရာ ၄၅ နေရာ အနိုင်ရတဲ့ ရခိုင်အမျိုးသားပါတီ (ANP) နဲ့ နေရာ ၄၀ အနိုင်ရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပဲဖြစ်ပါတယ်။ ကျန်တဲ့နေရာတွေကိုတော့ အခြားတိုင်းရင်းသားပါတီများက အနည်းငယ်ခွဲဝေရရှိကြပါတယ်။
ဗိုလ်ချုပ်ဟောင်းတွေ ဖွဲ့စည်းပြီး စစ်တပ်ကျောထောက်နောက်ခံရထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကတော့ ၁၉၉၀ မှာ တစည ရတာထက် ပိုခဲ့ပါတယ်။ လွှတ်တော်အသီးသီးမှာ ၁၁၇ နေရာရပါတယ်။ ၁၀ ရာခိုင်နှုန်းခန့်ပါ။ ဒီရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တဲ့ ၉၁ ပါတီထဲက ၂၂ ပါတီပဲ ကိုယ်စားလှယ်နေရာတွေ အနိုင်ရခဲ့ပါတယ်။ အောက်က ကိန်းဂဏန်းတွေကို ကြည့်ကြည့်ပါ။
၂၀၁၅ ရွေးကောက်ပွဲ
— မဲပေးသူရာခိုင်နှုန်း — ၆၉.၇ ရာခိုင်နှုန်း
— NLD (ဒီမိုကရေစီအင်အားစု) အနိုင်ရသော ရာခိုင်နှုန်း — ၇၇.၀၄ ရာခိုင်နှုန်း
— တိုင်းရင်းသားပါတီများ (ဒီမိုကရေစီအင်အားစု) အနိုင်ရသော ရာခိုင်နှုန်း — ၁၂.၂ ရာခိုင်နှုန်း
— စစ်တပ်ကထောက်ခံပြီး ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသော USDP အနိုင်ရသော ရာခိုင်နှုန်း — ၁၀.၁၇ ရာခိုင်နှုန်း။
ဒီတကြိမ်လည်း သန်းပေါင်းများစွာသော မဲဆန္ဒရှင်များဟာ ညီညီညွတ်ညွတ်၊ ဂုဏ်သိက္ခာရှိရှိ၊ ပြတ်သားတဲ့နိုင်ငံရေးအမြင် ဆုံးဖြတ်ချက်တွေနဲ့ မဲပေးခဲ့တယ်ဆိုတာကို ပြသခဲ့ပါတယ်။
ဒီသုံးသပ်မှုမှာ ၂၀၁၀ ရွေးကောက်ပွဲကို ဘာကြောင့်ချန်လှပ်ထားတယ်ဆိုတာ ရှင်းပြပါရစေ။ ၂၀၁၀ ရွေးကောက်ပွဲကို NLD နဲ့ SNLD တို့လို အဓိကအတိုက်အခံပါတီကြီးတွေက သပိတ်မှောက်ခဲ့ပါတယ်။ ဒါကြောင့် ၃၇ ပါတီသာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အားလုံအကြုံးဝင်တဲ့ ရွေးကောက်ပွဲတခု မဟုတ်ခဲ့ပါဘူး။ ပြီးတော့ ကြိုတင်မဲတွေသုံးပြီး မဲမသမာမှုတွေနဲ့ USDP က နိုင်ခဲ့တယ်လို့ ရွေးကောက်ပွဲလေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။ ဒါကြောင့် လွတ်လပ်ပြီး မျှတမှု မရှိတဲ့ ရွေးကောက်ပွဲကို ထည့်မသုံးသပ်တာပါ။
ဒါကြောင့်မို့ အားလုံးပါဝင်ပြီး အများအားဖြင့် လွတ်လပ်တဲ့ ရွေးကောက်ပွဲနှစ်ခုကို ကောက်ချက်ချ လေ့လာကြည့်ရအောင်။ ဒီရွေးကောက်ပွဲ ၂ ခုကို ၂၅ နှစ်ခြားပြီးမှ ကျင်းပခဲ့တာဖြစ်ပေမယ့် ဒီရွေးကောက်ပွဲနှစ်ခုမှာ ထူးခြားတဲ့ တူညီမှုတွေရှိနေပါတယ်။
— မဲပေးသူရာခိုင်နှုန်း — ၇၀ ရာခိုင်နှုန်းခန့်
— NLD အနိုင်ရသော ရာခိုင်နှုန်း — ၇၇ မှ ၈၀ ရာခိုင်နှုန်းအထိ ကိုယ်စားလှယ်နေရာများ
— တိုင်းရင်းသားပါတီများ အနိုင်ရသော ရာခိုင်နှုန်း — ၁၂ ရာခိုင်နှုန်းခန့်
— တစည နဲ့ USDP အနိုင်ရသော ရာခိုင်နှုန်း — ကိုယ်စားလှယ်နေရာများ၏ ၅ မှ ၁၀ ရာခိုင်နှုန်းအကြား
ဒီနေ့ နိုင်ငံရေး အခြေအနေက ပိုပြီး ကွဲပြားရှုတ်ထွေးတာမို့ နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်တွေဟာ အဲဒီအတိုင်းဖြစ်လာမယ်လို့တော့ မမျှော်လင့်သင့်ပါဘူး။ ဒါပေမယ့် နိုင်ငံရဲ့အခြေခံနိုင်ငံရေးစနစ်ဟာ အရင်စစ်အစိုးရက ပုံစံချခဲ့တဲ့အတိုင်းလည်ပတ်နေဆဲဖြစ်တာက အဓိကကျပါတယ်။ ဒီအပေါ်မှာကြည့်ပြီး မဲဆန္ဒရှင်တွေက ပါတီတွေကို ရွေးချယ်တာပါ။ ၁၉၉၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတွေမှာလည်း ဒီအတိုင်းပဲ ရွေးချယ်ကြတာ တွေ့ခဲ့ပြီးသားပါ။
ယနေ့ မြန်မာနိုင်ငံ လူဦးရေ ၅၅ သန်းထဲက ၃၈ သန်းဟာ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ မဲပေးခွင့် ရှိပါတယ်။ အခုတကြိမ်မှာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း NLD ရဲ့ စွမ်းဆောင်မှုကို မဲဆန္ဒရှင်အချို့ စိတ်ပျက်တာကြောင့်သာမက လတ်တလော မြန်မာနိုင်ငံမှာ ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့်ပါ မဲပေးသူနည်းမယ်လို့ လေ့လာသူများက ခန့်မှန်းထားပါတယ်။
ဆန္ဒမဲပေးသူ အရေအတွက် နည်းနိုင်ပေမယ့် အများအပြားလျှော့ကျသွားမယ့် အခြေအနေ မရှိလောက်ပါဘူး။ စက်တင်ဘာလ ၈ ရက်နေ့က စတင်ခဲ့တဲ့ မဲဆွယ်ပွဲလှုပ်ရှားမှုတွေမှာ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို တွေ့မြင်ပြီးဖြစ်ပါတယ်။ ပြည်ပက မြန်မာနိုင်ငံသား ၁ သိန်းကျော်ဟာ နိုဝင်ဘာရွေးကောက်ပွဲအတွက် သံရုံးနဲ့ ကောင်စစ်ဝန်ရုံး ၄၅ ရုံးမှာ ကြိုတင်မဲပေးတာဟာ အရင်ရွေးကောက်ပွဲတွေထက် သုံးဆလောက်များပါတယ် (၂၀၁၅ ရွေးကောက်ပွဲတုန်းကက ပြည်ပရောက်မြန်မာနိုင်ငံသား ၃၀၀၀၀ ကျော်သာ မဲပေးခဲ့တယ်) ။ မြန်မာနိုင်ငံသားများဟာ ထိုင်း၊ တောင်ကိုရီးယား၊ စင်္ကာပူနဲ့ ဂျပန်နိုင်ငံများမှာ ကြိုတင်မဲထည့်ဖို့ ရှည်လျှားစွာ တန်းစီနေခဲ့ကြတယ်။
ပြည်တွင်းမှာလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲနေ့မှာ သက်ကြီးရွယ်အို မဲဆန္ဒရှင်များ ကိုဗစ်-၁၉ ကူးစက်န်ိုင်ခြေ မြင့်မားတဲ့ နေအိမ်ပြင်ပမှာ စွန့်စားပြီး မဲပေးရမယ့်အစား နေအိမ်တွေမှာပဲ မဲပေးခွင့်ရစေပါတယ်။ ဒီလိုစီစဉ်ပေးတဲ့အတွက် အထူးသဖြင့် သက်ကြီးရွယ်အို မဲဆန္ဒရှင်တွေ ကိုဗစ်-၁၉ ထိတွေ့ကူးစက်မှုအပေါ် မဲပေးဖို့ အများပြည်သူပူပန်မှုကို လျှော့ချပေးလိုက်တဲ့သဘောပါ။
အရင်ရွေးကောက်ပွဲတွေတုန်းကလိုပဲ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၉၃ ခု ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် မဲရနိုင်တဲ့ပါတီက အရင်လို တဒါဇင်၊ နှစ်ဒါဇင် လောက်ထက်ပိုမှာမဟုတ်ပါဘူး။ အခြေခံနိုင်ငံရေး စည်းကတော့ အရင်ရွေးကောက်ပွဲတွေမှာလိုပဲ မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့သူတို့ရဲ့ ဆန့်ကျင်ဖက်ပါတီ တွေအကြားခြားထားတဲ့ စည်း ပဲဖြစ်ပါတယ်။
အခုလည်း ပါတီပေါင်း ၉၃ ပါတီထဲမှာ NLD နဲ့ တိုင်းရင်းသားပါတီအချို့ပဲ မဲရာခိုင်နှုန်း အတော်များများကို ရဖို့ရှိပါတယ်။ တိုင်းရင်းသားမဲဆန္ဒရှင် တော်တော်များများက ၂၀၁၅ ခုနှစ်က စတင်ပြီး NLD နဲ့ ခပ်စိမ်းစိမ်းဖြစ်လာလို့ ဒီတကြိမ်မှာတော့ တိုင်းရင်းသားပါတီတွေဟာ အရင်က NLD ကို မဲပေးခဲ့တဲ့ သူတို့ဒေသက ပြည်သူတွေဆီက ထောက်ခံမှုကို ပိုမိုရရှိနိုင်ခြေရှိပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက NLD ရခဲ့တဲ့မဲ ရာခိုင်နှုန်းအချို့ဟာ တိုင်းရင်းသားပါတီတွေဆီကို ရောက်သွားနိုင်ပါတယ်။
အဲဒီလိုဖြစ်ရင်တော့ NLD ဟာ ၂၀၁၅ ခုနှစ်က ရခဲ့တဲ့ မဲ ၇၇.၀၄ ရာခိုင်နှုန်းထက် လျှော့နည်းရရှိနိုင်ပြီး တိုင်းရင်းသားပါတီတွေက သူတို့နောက်ဆုံးရခဲ့တဲ့ ၁၂.၂ ရာခိုင်နှုန်းထက် ပိုမိုရရှိ နိုင်ပါတယ်။ ဒီလိုနိုင်ငံရေး ရာသီဥတုမှာ လာမယ့်ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ ခန့်မှန်းပြောကြားရတဲ့ စိန်ခေါ်မှုကို လူသိရှင်ကြား လက်ခံစွန့်စားသူ မရှိသလောက်ပဲဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။ ကျနော်ကတော့ ဒီစိန်ခေါ်မှုကို လက်ခံပြီး ကျနော် ခန့်မှန်းထားတာလေးတွေကို တင်ပြချင်ပါတယ်။ အာမခံချက်တော့ မပေးနိုင်ပါဘူး။
အဆိုးဆုံးအခြေအနေမှာတောင်မှ NLD ဟာ မဲ ၇၀ ရာခိုင်နှုန်းလောက်တော့ ရနိုင်မယ့်သဘောတွေ့ရပါတယ်။ ကံကောင်းရင်တော့ ၁၉၉၀ ရွေးကောက်ပွဲမှာ ရခဲ့သလို မဲ ၈၀ ရာခိုင်နှုန်း လောက်အထိ ရကောင်းရနိုင်ပါတယ်။ မကြာသေးခင်ကဖွဲ့ပြီး ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ပါတီအသစ်တွေအတွက်တော့ သိပ်များများနိုင်မယ်လို့ ကျနော်မထင်မိဘူး။
တိုင်းရင်းသားပါတီတွေကတော့ အရင်ရွေးကောက်ပွဲတွေနဲ့ ယှဉ်လိုက်ရင် ကိုယ်စားလှယ်နေရာပိုမိုရရှိလာဖို့အရမ်းကို ဖြစ်နိုင်ခြေ များပါတယ်။ တိုင်းရင်းသားပါတီတွေအတွက် ကိုယ်စားလှယ်နေရာဟာ ၂၀ ရာခိုင်နှုန်းဖြစ်လာပြီး NLD က ၇၀ ရာခိုင်နှုန်း ကျသွားမယ့် အခြေအနေမျိုးဖြစ်လာနိုင်ပါတယ်။
USDP ကတော့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းက ရခဲ့တဲ့ ၁၀ ရာခိုင်နှုန်းကို ပြန်ရဖို့ ခက်ပါတယ်။ အဲဒီလောက်ပြန်ရရင် ကံကောင်းတယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။ USDP ရဲ့ မဟာမိတ် ၂၃ ပါတီဟာလည်း ကိုယ်စားလှယ်နေရာ တနေရာရမယ့်ပါတီ မရှိသလောက်ဖြစ်နေပါတယ်။
အနာဂတ်ကို ဘယ်သူမှကြိုမမြင်နိုင်ပါဘူး။ မနက်ဖြန် ဘာဖြစ်မလဲဆိုတာတောင် ပြောရခက်ပါတယ်။ ဒီခန့်မှန်းချက်တွေကတော့ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အများစုပါဝင်ပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေရဲ့ ရလဒ်ကို အခြေခံထားပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာ အပြောင်းအလဲများစွာဖြစ်နိုင်ပါသေးတယ်။
ဒါပေမယ့် ယုံကြည်မှုအပြည့်နဲ့ ကျနော်ပြောနိုင်တာကတော့ နိုဝင်ဘာလ ၈ ရက်နေ့မှာ သန်းနဲ့ချီတဲ့ မဲဆန္ဒရှင်ပြည်သူတွေဟာ သူတို့နိုင်ငံရဲ့ မခိုင်မာသေးတဲ့ ဒီမိုကရေစီကို ပိုမိုခိုင်မာဖို့ ညီညီညွတ်ညွတ်၊ ဂုဏ်သိက္ခာရှိရှိနဲ့ မဲပေးကြဦးမယ်ဆိုတာပါ။
(ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်း၏ တာဝန်ခံ အယ်ဒီတာဖြစ်သည်။ ၎င်း၏ A Few Predictions for Myanmar’s Upcoming Election ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။)
You may also like these stories:
NLD မဲနိုင်အောင် ဝိုင်းဝန်းဖို့ အနုပညာရှင်များကို ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ
ကမ္ဘောဇတိုင်းက စောင့်ကြည့်ရမယ့် ပါတီစုံ အားစမ်းပွဲ
ဗိုလ်ချုပ်ကြီးတွေ ခြေကုပ်ပြန်ယူဖို့ ကြိုးစားနေတဲ့ နေပြည်တော်က ရွေးကောက်ပွဲ