ဆောင်းပါး

သမ္မတဦးဝင်းမြင့် အိန္ဒိယ ခရီးစဉ်က တရုတ်ကို တန်ပြန်ခြင်းလား

မြန်မာနိုင်ငံအကျိုးစီးပွားအတွက် တရုတ်နိုင်ငံ၏ အရေးပါမှု မြင့်မားဆဲ အခြေအနေမှာပင် နိုင်ငံ၏ အနောက်မြောက်ဘက်က အိမ်နီးချင်းဖြစ်သည့် အိန္ဒိယနှင့် မြန်မာတို့အကြား ဆက်ဆံရေးမှာ ပိုမိုနက်ရှိုင်းလာသည်။

မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးသည် အိန္ဒိယသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီလ ၂၆ ရက်ကတည်းက အိန္ဒိယနိုင်ငံသို့ ၄ ရက်ကြာ အလည်အပတ် သွားခဲ့သည်။

သမ္မတဦးဝင်းမြင့်၏ အိန္ဒိယခရီးစဉ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ တတိယအပတ်အတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး တလကျော်အကြာတွင် စတင်ခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာ့ နိုင်ငံခြားရေးမူဝါဒသည် လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒ ဖြစ်ရာ ယင်းမူဝါဒအရ အိန္ဒိယခရီးစဉ်ကို အကောင်အထည်အဖော်ခြင်းအားဖြင့် တရုတ်နှင့် လွန်ကဲစွာ နီးစပ်မှုရှိသည်ဟူသော ယူဆချက်များကို လျော့သွားစေမည်ဖြစ်ကြောင်း နိုင်ငံတကာဆက်ဆံရေး ပညာလေ့လာသူများက အကဲခတ်ကြသည်။

အချို့သော လေ့လာသူများကလည်း သမ္မတဦးဝင်းမြင့်၏ ခရီးစဉ်သည် မြန်မာနိုင်ငံ၏ စီးပွားရေး နှင့် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စများတွင် အပေါ်စီးက လွှမ်းမိုးထားသည့် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို တန်ပြန်ခြင်းလောဟု မေးခွန်းထုတ်ကြသည်လည်း ရှိသည်။

အိန္ဒိယနိုင်ငံသည် လက်ရှိကာလတွင် ၎င်း၏ နိုင်ငံခြားရေးမူဝါဒအဖြစ် “အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ”နှင့် “အိမ်နီးချင်းဦးစားပေးမူဝါဒ” တို့ကို ကျင့်သုံးနေသည်။

ယင်းမူဝါဒအရ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး မြှင့်တင်ရန် ကြိုးပမ်းလာသကဲ့သို့ မြန်မာနိုင်ငံကလည်း အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးကောင်းရန် လိုလားသည့် အခြေအနေရှိကြောင်း ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပညာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာစိုင်းခိုင်မျိုးထွန်းက သုံးသပ်သည်။

“အချို့သုံးသပ်တာက တရုတ်ရဲ့ လွှမ်းမိုးမှုကို လိုက်ပြီး Balance လုပ်တယ်ပေါ့။ ချိန်ခွင်လျှာ ညှိတာပေါ့။ ဒါပေမယ့် အိန္ဒိယနဲ့ တရုတ်ကွာတာက အိန္ဒိယက ဖြေးဖြေးမှန်မှန်သွားတဲ့ သဘောရှိတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသည် ကမာ္ဘ့ထိပ်တန်းအင်အားကြီး နိုင်ငံတနိုင်ငံဖြစ်ရန် ပြင်ဆင်သည့်အနေဖြင့် နိုင်ငံတကာ ဆက်ဆံရေးတွင် ကမာ္ဘနှင့်ဆိုင်သည့် အမြင် Global Vision ထားလာပြီး အိန္ဒိယနိုင်ငံကမူ ဒေသတွင်းအမြင်ဖြင့်သာ ပြုမူလှုပ်ရှားနေကြောင်းလည်း ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောသည်။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ရဲ့ အကြီးတန်းသုတေသီ ဦးအမရာသီဟကလည်း သမ္မတဦးဝင်းမြင့်၏ အိန္ဒိယခရီးစဉ်သည် တရုတ်နိုင်ငံနှင့် အိန္ဒိယအကြားတွင် နေပြည်တော်က ဟန်ချက်ညီသည့် ဆက်ဆံရေး ဖြစ်ရန် ဂရုစိုက်လာသည့် သဘောဖြစ်ကြောင်း The Diplomat မဂ္ဂဇင်းတွင် ၎င်းရေးသားထားသည့် Myanmar’s India Balancing Act ဆောင်းပါးတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ၎င်း၏ တရုတ်– မြန်မာ စီးပွားရေး စင်္ကြံလမ်း စီမံကိန်း (China-Myanmar Economic Corridor CMEC) အကောင်အထည် ဖော်ရန်ကြိုးပမ်းနေစဉ်တွင် နယူးဒေလီကလည်း မြန်မာနိုင်ငံနှင့် စီးပွားရေးဆက်ဆံမှုထက် ကျော်လွန်၍ ဆောင်ရွက်နိုင်စွမ်း ရှိလာကြောင်း ၎င်းက ဆိုထားသည်။

စစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဗဟုသုတဖလှယ်ရေးကို အာရုံစိုက်သည့်အနေဖြင့် အိန္ဒိယသည် မြန်မာ့တပ်မတော်ကို စည်းရုံးထားနိုင်ကြောင်း ဦးအမရာသီဟက ဆောင်းပါးတွင် ရေးသားထားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် အိန္ဒိယသည် မြန်မာ့ရေတပ်အတွက် ပထမဆုံးဖြစ်လာမည့် Kilo အတန်းအစား ဒီဇယ်အင်ဂျင်သုံးရေငုပ်သဘောင်္အပါအဝင် ၊ လေ့ကျင့်ရေးလေယာဉ်များ နှင့် ရေငုပ်သဘောင်္ဖျက်ဒုံးများ ရောင်းချပေးထားသည်။

ယခုနှစ်အတွင်းမှာပင် အိန္ဒိယရေတပ်၏ ဦးစီးချုပ်သည် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံသွားခဲ့သည်။

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသွားသူများ၏ အရေးကိစ္စနှင့် စပ်လျဉ်း၍ အနောက်နိုင်ငံများက မြန်မာ့တပ်မတော်ကို ဖိအားပေးမှုများ မြင့်တက်နေစဉ်မှာပင် အိန္ဒိယတပ်မတော်သည် မြန်မာ့တပ်မတော်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိနေခြင်းလည်း ဖြစ်သည်။

အိန္ဒိယက မြန်မာ့တပ်မတော်မှ အရာရှိများကို လေ့ကျင့်သင်ကြားပေးမှုများရှိနေပြီး အပြန်အလှန်အားဖြင့် မြန်မာ့တပ်မတော်ကလည်း အိန္ဒိယနိုင်ငံအတွက် ဆောင်ရွက်ပေးခဲ့သည်များလည်း ရှိသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် မြန်မာ့တပ်မတော်က အိန္ဒိယအစိုးရကို ဆန့်ကျင်နေသော အိန္ဒိယရှိ နာဂပြည်နယ်နှင့် အခြားအရှေ့မြောက် ပြည်နယ်များမှ လူမျိုးစုသူပုန်များကို မြန်မာ့မြေပေါ်မှ မောင်းထုတ်သည့် စစ်ဆင်ရေးတရပ်ကို အကောင်အထည်ဖော်ခဲ့သည်။

အိန္ဒိယအစိုးရကို ဆန့်ကျင်သည့် သူပုန်များကို လက်ခံထားသည့် စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသရှိ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K ၏ ဌာနချုပ် ဖြစ်သော တခါး အခြေစိုက်စခန်းကို ဝင်ရောက်ထိန်းချုပ်လိုက်ခြင်းလည်း ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနှင့် အိန္ဒိယတို့အကြား ဆက်ဆံရေးတွင် အစိုးရချင်းဆက်ဆံရေးထက် တပ်မတော်ချင်းဆက်ဆံရေးမှာ ပိုမိုနီးကပ်၍ နက်ရှိုင်းပုံရကြောင်း နိုင်ငံရေးလေ့လာသူများက ခန့်မှန်းကြသည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar ၏ ပြင်ပဆက်သွယ် ဆက်ဆံရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းကလည်း မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်ကြားဆက်ဆံ ရေးသည် ကောင်းမွန်ကြောင်း ပြောဆိုသည်။

“မြန်မာ့တပ်မတော်က သူလက်နက်ဝယ်တဲ့ ရင်းမြစ်ကို ဖြန့်ချင်ပုံရပါတယ်။ တရုတ်ကို မမှီခိုဘဲနဲ့ပေါ့။ ကျနော်မြင်တာတော့ အခုက သူ့ Source က ရုရှားကနေလာတာ များတယ်။ နောက် ယူကရိန်းပေါ့။ နောက်တခါ အခု အိန္ဒိယဘက်လည်း စဉ်းစားတာပေါ့” ဟု၎င်းက ဆိုသည်။

၂၀၁၉ ခုနှစ်အောက်တိုဘာလ တွင် နေပြည်တော်၌ ကျင်းပသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လေးနှစ်ပြည့်အခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် အိန္ဒိယ၏ ဖက်ဒရယ်ပုံစံအကြောင်း ထည့်သွင်းပြောဆိုသွားသည်လည်း ရှိကြောင်း ဦးအောင်သူငြိမ်းက ပြောဆိုသည်။

“ကျနော်တို့က ဖက်ဒရယ်မိုဒယ်လို့ ပြောတဲ့အခါ အိန္ဒိယပုံစံမိုဒယ်ကို စိတ်ဝင်စားတယ်ဆိုတဲ့ ဟာ သူထည့် ပြောသွားတာရှိတယ်။ အိန္ဒိယဘက်ကလည်း လေ့လာမယ်ဆိုရင် Welcome ပါဆိုတာမျိုးတွေ ရှိတာပေါ့” ဟု ၎င်းက ဆိုသည်။

နှစ်နိုင်ငံတပ်မတော်များအကြား နီးကပ်သည့် ဆက်ဆံရေး ရှိနေသော်လည်း အစိုးရချင်းဆက်ဆံရေးအရ သမ္မတဦးဝင်းမြင့်၏ အိန္ဒိယခရီးစဉ်သည် မြန်မာနိုင်ငံအပေါ်တရုတ်၏ လွှမ်းမိုးမှုကို အံတုရန်အတွက်ဟု မယူဆကြောင်း ဦးအောင်သူငြိမ်းက ဆက်လက်ပြောဆိုသည်။

“အိန္ဒိယ အနေအထားက တရုတ်ကို ဒီလောက်ကြီး Power Balance လုပ်နိုင်တဲ့ အနေအထားမရှိဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ဘက်မှာကျတော့ အခု BRI ပေါ့။ ခါးပတ်တကွင်း လမ်းတစင်း။ သူက Global Agenda ရှိတယ်ဗျ။ အားကို အပြင်ကို ဆန့်ထုတ်ဖို့ဆိုတဲ့ အာဂျင်ဒါရှိတယ်လေ။ အိန္ဒိယမှာကျတော့ အဲဒီလို ကြီးကြီးမားမား မရှိလှဘူး” ဟု ၎င်းက သုံးသပ်သည်။

အိန္ဒိယခေါင်းဆောင်များလည်း မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ဖူးသဖြင့် သမ္မတဦးဝင်းမြင့်၏ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး ပုံမှန် ကောင်းမွန်ရန်ရွယ်ကာ မြန်မာဘက်ကလည်း အိန္ဒိယသို့ သွားရောက်လည်ပတ်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

သို့ဖြစ်ရာ သမ္မတဦးဝင်းမြင့်၏ ခရီးစဉ်အပေါ် လေ့လာသူများ၏ သုံးသပ်ချက်များအရ အိန္ဒိယ ခရီးစဉ်သည် နူကလီးယားလက်နက်ပိုင်သည့် ကမာ္ဘ့အင်အားကြီးနှစ်နိုင်ငံဖြစ်သော အိန္ဒိယနှင့် တရုတ်အကြားတွင် မြန်မာနိုင်ငံသည် ၎င်းတရားဝင်ကြေညာထားသည့် အတိုင်း တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေး မူဝါဒကို အကောင်အထည်ဖော်ခြင်းဟု ယူဆဖွယ် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အိန္ဒိယခရီးစဉ်အတွင်း သမ္မတဦးဝင်းမြင့်သည် ဖေဖော်ဝါရီလ ၂၇ ရက်တွင် အိန္ဒိယသမ္မတ မစ္စတာကိုဗင့်ဒ် ၊ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့နှင့် သီးသန့်တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့သည်။

ခရီးစဉ်အတွင်း နားလည်မှုစာချွန်လွှာ (MOU) ငါးခု၊ စီမံကိန်း သဘောတူညီချက် လေးခုနှင့် သဘောတူညီချက်တစ်ခု စုစုပေါင်း သဘောတူညီမှု ၁၀ ခု လက်မှတ်ရေးထိုးခဲ့ကြောင်း အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ထုတ်ပြန်ကြေညာထားသည်။

MOU ငါးခုမှာ ကျားနှင့် အခြားတောရိုင်းတိရစာ္ဆန် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရေနံထွက်ကုန်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ဆက်သွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ဆေးကောင်စီများ အကြား ဆေးသုတေသနကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး နှင့် လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးတို့ဖြစ်သည်။

ထို့အပြင် လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ်အတွင်း အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်ရေးကိုလည်း နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့သည်။

ယင်းစီမံကိန်းများတွင် ကုလားတန်မြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကဲ့သို့သော စီမံကိန်းနှင့် ရခိုင်ပြည်နယ်၏ မြို့ငါးမြို့တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးကဏ္ဍ မြှင့်တင်ရေး စီမံကိန်းများလည်း ပါဝင်သည်။

သမ္မတဦးဝင်းမြင့်၏ အိန္ဒိယခရီးစဉ်အတွင်း မြန်မာ့အကျိုးစီးပွားအတွက် အကူအညီများပေးရန် အိန္ဒိယအစိုးရဘက်က သဘောတူညီခဲ့သော်လည်း တရုတ်က မြန်မာကိုပေးမည့် အကူအညီထက် ပမာဏ များပြားမှုမရှိကြောင်းတွေ့ရသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် ခရီးစဉ်တွင် မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လာမည့် သုံးနှစ်အတွင်း တရုတ်ယွမ် လေး ဘီလီယံ (အမေရိကန် ဒေါ်လာသန်း ၆၀၀ ကျော်) ကူညီသွားမည် ဖြစ်ကြောင်း တရုတ်သမ္မတက ကတိပေးထားသည်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပထဝီအနေအထားအရ ပြောင်းရွှေ့မရဘဲ အင်အားကြီးနှစ်နိုင်ငံအကြား တည်ရှိနေသည့် မြန်မာနိုင်ငံအနေဖြင့် တစ်ဖက်ဖက်သို့ လွန်ကဲစွာ တိမ်းညွတ်မှုမရှိဘဲ သတိထားကာ မျှမျှတတဆက်ဆံသင့်ကြောင်း မှတ်ချက်ပေးသည်။

“တည့်အောင်ပေါင်းဖို့လိုတယ်။ တဖက်ကလည်း အိန္ဒိယနဲ့ ပေါင်းတယ်ဆိုတဲ့နေရာမှာ မဟာမိတ်တွေဖွဲ့တယ်။ စစ်အင်အားတွေတည်ဆောက်တယ်။ ဒေသအတွင်း တည်ငြိမ်ရေးကို ထိခိုက်တဲ့ ပုံစံမျိုးဆိုရင်တော့ တဖက်ဖက်နဲ့ ပြဿနာဖြစ်မှာပဲလေ။ အဲဒီလိုမဖြစ်ဖို့ကတော့ လိုတာပေါ့” ဟု ၎င်းက ဆိုသည်။

You may also like these stories:

အိန္ဒိယ-မြန်မာ နယ်ခြားမျဉ်းပေါ်က နိုင်ငံရေးကျားကွက်များ

မြန်မာသမ္မတရဲ့ အိန္ဒိယခရီးစဉ်မှာ နှစ်ဖက် ဘာတွေ သဘောတူညီခဲ့သလဲ

ဗိုလ်ချုပ်ကြီးနေဝင်း၏ ဘက်မလိုက်မူဝါဒကို ဒေါ်အောင်ဆန်းစုကြည် ဆက်ခံကျင့်သုံးနေသလား

Loading