ဝါရင့် ကရင့်တော်လှန်ရေး ခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်ချုပ်ကြီး စောဌေးမောင် ခေါ် စောထိန်မောင်သည် လူကြီးရောဂါဖြင့် မေလ ၃ ရက်နေ့ ညနေတွင် KNU/KNLA PC (ငြိမ်းချမ်းရေးကောင်စီ) ၏ ဌာနချုပ်တည်ရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ထိုးကော်ကိုးဒေသတွင် ကွယ်လွန်သွားပြီဖြစ်သည်။
KNU/KNLA PC ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်းဖြစ်သည့် ဗိုလ်ချုပ်ကြီး စောထိန်မောင်သည် ကွယ်လွန်ချိန် တွင် အသက် ၉၃ နှစ်ရှိနေပြီ ဖြစ်သည်။ လူသေသွားသော်လည်း ၎င်း၏ ကရင့်တော်လှန်ရေးတွင် စွမ်းဆောင်မှုများမှာ သမိုင်းမှတ်တမ်းများအဖြစ် ကျန်ခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က “ခေါင်းဆောင်တဦး ဆုံးရှူံးရခြင်း၊ ရဲဘော် ရဲဘက် တဦး ဆုံးရှူံးရခြင်း၊ မိသားစုဝင်တဦးဆုံးရှူံးရခြင်း အစရှိသည့် ဆုံးရှူံးခဲ့ရသူများ အားလုံးနှင့် ထပ်တူထပ်မျှ လွန်စွာမှပင် ဝမ်းနည်းရပါသည်” ဟု ဆိုကာ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သေးသည်။

ဗိုလ်ချုပ်ကြီး စောထိန်မောင်ကို ကရင့်တော်လှန်ရေး အစကတည်းက ၎င်း၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုများနှင့် တွဲဖက်၍ ကရင့် တော်လှန်ရေး အသိုင်းအဝိုင်းတွင် ၎င်းကို ဗိုလ်ထိန်မောင်ဟုလည်းသိကြပြီး ကရင်လူမျိုး ခရစ်ယာန်ဘာသာဝင် တဦးလည်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီး စောထိန်မောင်သည် ကွယ်လွန်သွားသော KNU ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး စောဘိုမြနှင့်လည်း မယားညီအကို ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ပေါက်ကျော်ကျေးရွာ ဇာတိဖြစ်သည့် ဗိုလ်ထိန်မောင်သည် ကရင့် တော်လှန်ရေး မစတင်မီ ကရင်သေနတ်ကိုင်တပ်ရင်း ၁ တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည့်အပြင် ကရင့်တော်လှန်ရေး စတင်သည့် ၁၉၄၉ ခုနှစ်အချိန်မှ စကာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် -KNLA တွင် အဆင့်ဆင့် သောတာဝန်များကို ထမ်းဆောင်ခဲ့သူ လည်းဖြစ်သည်။
၎င်းသည် KNLA တွင် တပ်မဟာ (၇) တပ်မှူးအဖြစ် ဗိုလ်မှူးချုပ် ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးမှ ခွဲထွက်ကာ မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့ပြီး ဖေဖော်ဝါရီလ ၁၁ ရက်တွင် KNU/KNLA (PC) ကို ဖွဲ့စည်း တည်ထောင်ခဲ့သည်။
“သူက သာမန် ကျေးလက်တောင်သူလယ်သမား မိသားစုကနေ ပေါက်ဖွားလာတဲ့ သူတယောက်ပဲ။ ဒါပေမယ့် သူကစစ်တိုက်ချင်တဲ့ ဝါသနာကို ငယ်ငယ်ကတည်းက ပါလာတာ” ဟု KNU/KNLA (PC) မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီသို့ပြောသည်။

ကရင်တော်လှန်ရေးသမား၏ငယ်ဘဝ
လွတ်လပ်ရေးခေတ်ဦးကာလတွင် ကရင်အမျိုးသားလူငယ် အမြောက်အများ အင်္ဂလိပ်စစ်တပ်တွင် ဝင်ရောက် တာဝန် ထမ်းဆောင်ကြသည့် နည်းတူ ဗိုလ်ထိန်မောင်လည်း ဝင်ရောက်လျှောက်ထားခဲ့သည်။
ပထမတကြိမ် လျှောက်ထားရာတွင် အသက်မပြည့်သေးသဖြင့် စစ်သားစုဆောင်းရေးက ၎င်းကို ငြင်းပယ်ခဲ့သည်။ ဒုတိယအကြိမ် အသက်ပြည့်ပြီး ပြန်လည်လျှောက်ထားရာတွင် ဒုဗိုလ်မှူးကြီး စောမင်းမောင် ကွပ်ကဲသော ကရင်သေနတ်ကိုင် တပ်ရင်း (၁) တွင် တပ်သားဘဝဖြင့် တာဝန် ထမ်းဆောင်ခွင့်ရခဲ့သည်။
ဗိုလ်ထိန်မောင်သည် ကရင်အမျိုးသားတော်လှန်ရေး စတင်သည့် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်မှ စတင်ကာ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ KNDO နှင့်အတူ မြန်မာနိုင်ငံအလယ်ပိုင်း မြို့ကြီးများဖြစ်သည့် မြို့လှ၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ မေမြို့၊ သာစည်၊ မြစ်ငယ်စသည့် မြို့များကို တိုက်ခိုက်သိမ်းယူသည့် မြို့သိမ်း တိုက်ပွဲများတွင် ပါဝင်ခဲ့သည်။
ဗိုလ်မှူးကြီး စောကျော်ညွန့် က “ကျနော်တို့ ၁၉၄၉ ခုနှစ်မှာ ကရင်အမျိုးသားတော်လှန်ရေး စတင်တယ်လေ။ အဲဒီမှာ သူက စတင်ပြီး ပါဝင်လာခဲ့တာ။ ယနေ့အထိ သာမန်တပ်သားဘဝကနေ နောက်ဆုံးအမှတ် (၇) တပ်မဟာရဲ့ တပ်မဟာမှူး တာဝန်ထမ်းဆောင်တဲ့အချိန်အထိပေါ့” ဟု ပြောဆိုသည်။

စစ်တိုက်ကောင်းသောစစ်သား
ဗိုလ်ထိန်မောင်သည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တွင် စစ်တိုက်ကောင်းသော စစ်သားတဦး အဖြစ်လည်း ကျော်ကြားသည်။
“KNU ထဲမှာရှိခဲ့တဲ့ အချိန်တုန်းက သူက တကယ့်ဖိုက်တာ” ဟု ဗိုလ်ထိန်မောင်နှင့် ပတ်သက်၍ မှတ်ချက် ပေးသူက ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး ဖြစ်သည်။
ဒေါက်တာ မင်းဇော်ဦးက ၎င်းလက်နက်ကိုင် တော်လှန်ရေးနယ်ပယ်တွင် ရှိစဉ်က ဗိုလ်ချုပ်ကြီး စောထိန်မောင်၏ တပ်ဖွဲ့ထံ အလည်အပတ် ရောက်ခဲ့ဖူးပြီး ဗိုလ်ချုပ်ကြီး စောထိန်မောင်နှင့် တွေ့ဆုံဖြစ်ခဲ့ကြောင်း ဆိုသည်။
ဒေါက်တာမင်းဇော်ဦးက “တကယ့်ဖိုက်တာ။ ဖိုက်တာဆိုတာ တကယ်ကို စစ်တိုက်လည်းကောင်းတယ်။ ရဲဘော်တွေကလည်း သူ့ကိုချစ်တယ်။ တပ်မတော် တပ်စခန်းတခုကို တပ်မတော် စစ်ကြောင်း အယောင်ဆောင်ပြီး သူကိုယ်တိုင် ရှေ့ဆုံးက ဝင်တိုက်တာတော့ ကြားဖူးတယ်” ဟု ပြောပြသည်။
ဗိုလ်မှူးကြီး စောကျော်ညွန့်ကလည်း ကရင်ပြည်နယ်တွင် KNLA နှင့် တပ်မတော်တို့ စစ်ရေးပြင်းထန်သည့် ကာလများတွင် ဗိုလ်ချုပ်ကြီး စောထိန်မောင်သည် KNLA တပ်မဟာ (၇) ၏ တပ်မဟာမှူး အဖြစ် ကွပ်ကဲခဲ့ပြီး တပ်မဟာ (၇) သည် တိုက်ပွဲများတွင် နာမည်ကောင်း ရခဲ့သည်လည်း ရှိကြောင်း ရှင်းပြသည်။

၁၉၈၄ ခုနှစ် ဧပြီလတွင် တပ်မတော်က KNLA တပ်မဟာ (၇) ၏ ဌာနချုပ်ကို ထိုးစစ်ဆင်ခဲ့ရာ စခန်းတချို့ ဆုံးရှုံးခဲ့ရသော်လည်း တပ်မဟာ (၇) သည် ဗိုလ်ချုပ်ကြီး စောထိန်မောင်၏ ကွပ်ကဲမှုဖြင့် တန်ပြန်ထိုးစစ်ဆင်နွှဲ၍ ဆုံးရှုံးသွားသော စခန်းများကို ပြန်လည်သိမ်းပိုက်ခဲ့သည်။
ဗိုလ်ချုပ်ကြီး စောထိန်မောင်သည် ၁၉၉၅ မှ ၂၀၀၃ ခုနှစ်အတွင်း တပ်မတော်နှင့် KNLA တပ်မဟာ (၇) တို့ တိုက်ခိုက် ခဲ့သည့် မောင်ကလာလေးတိုက်ပွဲ၊ တခေါ်တို့ဘောတိုက်ပွဲ နှင့် လေးဒေးတိုက်ပွဲတို့တွင် စစ်ရေးအရ ထူးချွန်စွာ ကွပ်ကဲနိုင်သဖြင့် ကရင်တော်လှန်ရေး တပ်ဖွဲ့ဝင်များအကြား အသိအမှတ်ပြုခံခဲ့ရသည်။
ဗိုလ်မှူးကြီး စောကျော်ညွန့် က “သူတကယ် အားကောင်းမောင်းသန် တိုက်ပွဲတွေကို ကွပ်ကဲနေတဲ့ အချိန်တုန်းက ဆိုရင် သူ့တပ်မဟာက တရက်တကြိမ်မှ တိုက်ပွဲမဖြစ်ရင် သူက မကြိုက်ဘူး။ တိုက်ပွဲ ဖန်တီးပေးရတယ်။ အဲဒီလောက်အထိ ဖြစ်ခဲ့တယ်” ဟု မှတ်ချက်ပေးသည်။
ဗိုလ်ချုပ်ကြီး စောထိန်မောင်သည် ကရင့်တော်လှန်ရေး တိုက်ပွဲများအတွင်း ထူးချွန်စွာ စွမ်းဆောင်နိုင်မှုကြောင့် KNU အဖွဲ့က ပေးအပ်သော ဂုဏ်ပြုဆုတံဆိပ် ၄ ခုလည်း ရရှိခဲ့ဥည်။
ငြိမ်းချမ်းရေးယူခဲ့သည့် ဗိုလ်ချုပ်ကြီး ထိန်မောင်
တချိန်က ရန်သူဖြစ်ခဲ့သည့် တပ်မတော်နှင့် အသေအကြေတိုက်ခိုက်ခဲ့သော ဗိုလ်ချုပ်ကြီး စောထိန်မောင်သည် အဘယ်ကြောင့် တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သလဲဆိုသည့် အချက်မှာလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။
၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ဗိုလ်ချုပ် မင်းချစ်ဦးနှင့် ဗိုလ်ချုပ်မြထွန်းဦးတို့သည် KNU နှင့် ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးရန်ကြိုးပမ်းခဲ့သည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မြ ကိုယ်တိုင် ၂၀၀၄ ခုနှစ် ဇန်နဝါရီလတုန်းကလည်း ရန်ကုန်သို့သွားရောက်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများလည်းရှိခဲ့သည်။ ၂၀၀၆ ခုနှစ်ကုန်ခါနီးတွင် ဗိုလ်ချုပ်မြသည် ကျန်းမာရေး မကောင်းဖြစ်လာပြီး ထိုင်းနိုင်ငံရှိ မဲဆောက်ဆေးရုံတွင် ဆေးကုသမှုခံယူရသည့် အခြေအနေစိုက်လာသည်။
ထိုအခါ ဗိုလ်ချုပ်မြသည် ထိုစဉ်က တပ်မဟာ (၇) တပ်မဟာမှူးဖြစ်သူ ဗိုလ်ချုပ်ကြီးစောထိန်မောင်ကို ခေါ်ယူခဲ့ပြီး ၎င်းမရှိသည့် နောက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ရန် ပြောဆိုခဲ့ရာ ဗိုလ်ချုပ်ကြီးစောထိန်မောင်က ၎င်းသည် ငယ်စဉ်ကတည်းက စစ်တိုက်လာသည့် စစ်သားသာဖြစ်၍ နိုင်ငံရေးကိစ္စဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မလုပ်လိုကြောင်း ငြင်းခဲ့သေးသည်။
“ကျနော်လုပ်လို့လည်း တတ်မှာမဟုတ်ဘူး။ သူက အဲဒီလိုငြင်းခဲ့သေးတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြီး စောဗိုလ်မြက မင်းက စစ်သားတယောက်ဟုတ်ပါတယ်နော် .. ဆိုတော့ သူက ဟုတ်ပါတယ်ပေါ့။ စစ်သားဆိုရင် အထက်အမိန့်ကို နာခံရမယ်ဆိုတော့ အဲဒီစကားတခွန်းနဲ့ပဲ နောက်ဆုံးကျတော့သူလည်း အပစ်အခတ်ရပ်စဲဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဗိုလ်ချုပ်မြမရှိတဲ့နောက်ပိုင်း ဆောင်ရွက်ခဲ့ရတာပေါ့” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီသို့ ပြောသည်။
ဗိုလ်ချုပ်ကြီး စောထိန်မောင် သည် အဖြေမပေါ်သော တိုက်ပွဲများကို ရပ်ပြီး ငြိမ်းချမ်းရေး ယူလိုသဖြင့် KNU က ခွဲထွက်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်မှုများ ရှိသလို ဗိုလ်ချုပ်မြ ကွယ်လွန်ပြီးနောက် KNU အတွင်း ငြိမ်းချမ်းရေး ယူချင်သည့် ဗိုလ်ချုပ်ကြီး စောထိန်မောင်နှင့် မယူလိုသေးသော ခေါင်းဆောင်များ အကြား အကြီးအကျယ် သဘောထားကွဲမှုက အက်ကြောင်းထခဲ့ခြင်းဖြစ်သည်ဟုလည်း သုံးသပ်မှုများရှိသည်။
ယင်းနောက်တွင် ဗိုလ်ချုပ်ကြီး စောထိန်မောင်သည် KNU အဖွဲ့မှ ခွဲထွက်ကာ KNU/KNLA (PC) ကို တည်ထောင်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုဘဝလုံခြုံရေး၊ ငြိမ်းချမ်းရေးကိစ္စများကို တတ်နိုင်သမျှ ဆောင်ရွက်ခဲ့သည်။
KNU/KNLA (PC) သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သည်။
KNU ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်ကမူ ဗိုလ်ထိန်မောင်သည် ဗိုလ်ချုပ်ကြီးစောဘိုမြ၏ အားကိုးရသော လက်ရုံးတဆူဖြစ်ပြီး ကရင့်တော်လှန်ရေး အစပိုင်းနှင့် အလယ်ပိုင်းတွင် ထူးချွန် ပြောင်မြောက်သည့် ခေါင်းဆောင်ဟောင်း တယောက်ဖြစ်ကြောင်း ပြောသည်။
ဗိုလ်ချုပ်ကြီး စောထိန်မောင်သည် စစ်ရေးဘက်သာ အားသန်ပြီး နိုင်ငံရေးဆောင်ရွက်မှုတွင် အားနည်းသည့် သဘောရှိကြောင်း ဗိုလ်ချုပ်ကြီး စောထိန်မောင် KNU အဖွဲ့က ခွဲထွက်သွားခြင်းနှင့် ပတ်သက်၍ ပဒိုမန်းငြိမ်းမောင် က သုံးသပ်သည်။

“တော်လှန်ရေး အစပိုင်းမှာ တကယ့်ကို ရွပ်ရွပ်ချွံချွံနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်တယ်။ နောက်ပိုင်းမှာတော့ KNU နဲ့ လမ်းခွဲပြီး တစင်ထောင်ပြီး KNU ကို ပြန်ဆန့်ကျင်သွားတဲ့ ခေါင်းဆောင်ဟောင်း တယောက်လို့ အဲဒီလိုပဲ ပြောချင်ပါတယ်” ဟု ပဒိုမန်းငြိမ်းမောင် က ဆိုသည်။
ဗိုလ်မှူးကြီး စောကျော်ညွှန့်ကမူ ဗိုလ်ချုပ်ကြီးစောထိန်မောင်သည် ဗိုလ်ချုပ်မြ အမိန့်ကြောင့် ငြိမ်းချမ်းရေးကို ကြိုးပမ်းဆောင်ရွက်သူဖြစ်သော်လည်း ၎င်းကိုယ်တိုင်ပင် နှစ်ဖက်လုံးအထိနာသည့် ပြည်တွင်းစစ်ကို ဆက်မတိုက်လိုသည့် သဘောဖြစ်ကြောင်း ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။
၎င်းက “ဒီလောက်နှစ်ပေါင်းကြာကြာ ငါတို့တိုက်ခိုက်လာတာ။ အစိုးရလည်း မနိုင်ဘူး။ ငါတို့လည်း မနိုင်ဘူး။ နှစ်ဖက်စလုံးက သေကြေပျက်စီး၊ အို၊ နာ၊ ကျိုး၊ ကန်း အများကြီးဒုက္ခတွေရောက်ခဲ့ရတယ်။ အခုအစိုးရဘက်က လည်း နိုင်ငံရေးပြဿနာကို လက်နက်ချစရာမလိုဘဲ နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ အခွင့်အလမ်း ပေါ်လာတဲ့ အခါကျတော့ သူက ထဲထဲဝင်ဝင် ယုံယုံကြည်ကြည်နဲ့ ပါဝင်လုပ်ကိုင်ခဲ့တယ်” ဟု ဆိုသည်။
မည်သို့ပင်ဖြစ်စေ ငယ်စဉ်ကတည်းက စစ်တိုက်လာသည့် ကရင့်တော်လှန်ရေးသမားကြီး ဗိုလ်ချုပ်ကြီး စောထိန်မောင်သည် တိုက်ပွဲများရပ်ပြီး ငြိမ်းချမ်းရေးရရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာပြည် အလုံးစုံ ငြိမ်းချမ်းရေး ရသည်ကို မြင်မသွားရရှာဘဲ အသက် ၉၃ တွင် တိမ်းပါးသွားခဲ့သည်။
သူ၏ ဈာပနအခမ်းအနားကို မေလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ထိုးကော်ကိုးဌာနချုပ်ရှိ အာဇာနည် ဗိမာန်ကုန်းတွင် အဖွဲ့အစည်း၏ ထုံးတမ်းစဉ်လာနှင့်အညီ ဂူသွင်းသင်္ဂြီုဟ် သွားမည် ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ၎င်း၏ ဇနီးဖြစ်သူနော်မရိုင်ယာနှင့်အတူ သား ၁ ဦးသမီး ၃ ဦးနှင့်မြေးများ ကျန်ခဲ့သည်။
ကရင့်တော်လှန်ရေးသမား တဦး၏ တိုက်ပွဲများနှင့် ကြမ်းရှသည့် ဘဝဖြတ်သန်းမှု ခရီးသည်ကား ညင်သာစွာပင် ပြည်ဖုံးကားချ၍ အဆုံးသတ်သွားခြင်းလည်း ဖြစ်ပေသည်။
You may also like these stories:
ဒေါ်မြင့်မြင့်စိန်ဖြစ်ရပ်က ကျန်းမာရေးလုပ်သားများဘဝကို မီးမောင်းထိုးပြနေ
ထိုင်ဝမ်ကို တရုတ်သိမ်းချိန်ရောက်ပြီလား
ကိုဗစ် ဂယက်ကြားက ပြည်တော်ပြန် ဒုတိယလှိုင်း