ဆောင်းပါး

NLD အစိုးရ ဒုတိယသက်တမ်းမှာ နိုင်ငံခြားရေးမူဝါဒ ဘယ်လိုပြောင်းလဲနိုင်သလဲ

နိုဝင်ဘာလ ရွေကောက်ပွဲမတိုင်မီက မြန်မာနိုင်ငံသည် တရုတ်၊ ဂျပန်နှင့် အိန္ဒိယတို့မှ အဆင့်မြင့် ခရီးစဉ် သုံးခုကို လက်ခံခဲ့သည်။ အောက်တိုဘာလကလည်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့တခုသည် မြန်မာနိုင်ငံသို့ လာရောက်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင့်မြင့် ဝန်ကြီးများကို တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံ၏ သေနင်္ဂဗျူဟာကျသော တည်နေရာကြောင့် ကိုရိုနာဗိုင်းရပ်စ်ကာလတွင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန်နှင့် မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံမှု မြှင့်တင်ရန် မျှော်လင့်ကြောင်း အမေရိကန် ကိုယ်စားလှယ်အဖွဲ့က ပြောခဲ့သည်။

သတင်းကောင်းမှာ မြန်မာနိုင်ငံသည် အထီးကျန်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်မနေတော့ဘဲ မြန်မာနိုင်ငံခြားရေး မူဝါဒသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ဒုတိယ သက်တမ်းတွင် ပိုမိုလက်ဦးမှု ရယူနိုင်ဖွယ်ရှိသည့် ဆိုသည့် အချက်ပင်ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းတွင် NLD က တက်ကြွလွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးရန် နှင့် အခြားနိုင်ငံများနှင့် ခင်မင်ရင်းနှီး နီးကပ်သော နိုင်ငံရေး ဆက်ဆံမှု ထူထောင်ရန် ကတိပြုသည်။

ရခိုင်ပြည်နယ်မှ မတည်ငြိမ်မှုနှင့် အစိုးရနှင့် တပ်မတော်အကြား မလွယ်ကူဘဲ တည်ငြိမ်မှု ကင်းမဲ့သည့် ဆက်ဆံရေးတို့သည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအတွက် အတားအဆီးနှင့် အကန့်အသတ်များကို ဖြစ်စေသည်။ သို့သော် မြန်မာနိုင်ငံသည် လာမည့်နှစ်များအတွင်း ပိုမိုတည်ငြိမ်လာမည်ဟု သတိထား အကောင်းမြင်ရမည်ဖြစ်ပေသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင်များ ကြုံတွေ့ခဲ့ရသော ပဋိ့ပက္ခကြောင့် NLD အစိုးရ ပထမသက်တမ်းအတွင်း မြန်မာနိုင်ငံနှင့် အချို့သော အနောက်နိုင်ငံများအကြား ဆက်ဆံရေးသည် အဆင်မပြေခဲ့ပေ။ မျှော်လင့်ထားသည့် အတိုင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကူညီခဲ့ရပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC) တွင် မြန်မာနိုင်ငံအတွက် လွန်စွာလိုအပ်နေသည့် သံတမန်ရေးရာ ထောက်ခံကာကွယ်မှု ပေးခဲ့ရသည်။

တကယ်တော့ မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ်တွင် ကွန်မြူနစ်များ ဦးဆောင်သည့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံထူထောင်ခြင်း ပထမဆုံး အသိအမှတ်ပြု ကွန်မြူနစ်မဟုတ်သော နိုင်ငံဖြစ်ပြီး ကုလသမဂ္ဂတွင် တရုတ်နိုင်ငံအဖွဲ့ဝင်ဖြစ်ရေးအတွက် ထောက်ခံခဲ့သည်။

ရှုပ်ထွေးသော ဆက်ဆံရေး

တရုတ် သမ္မတ ရှီကျင့်ဖျင်သည် နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေးထူထောင်သည့် နှစ်ပေါင်း ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလက မြန်မာနိုင်ငံသို့ တရားဝင် လာရောက်လည်ပတ်ခဲ့သည်။

နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခြင်းအတွက်လည်း အာဏာရ NLD အတွက် ဂုဏ်ပြုစာလွှာတစောင်ကို ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားသည့် မဟာအခြေခံ အဆောက်အအုံစီမံကိန်းဖြစ်သည့် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းသည်။

ယခုနှစ် အစောပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့သည့် တရုတ် သမ္မတ ရှီကျင့်ပင်ကို လက်ခံတွေ့ဆုံခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် (ဓာတ်ပုံ – State Counsellor Office)

တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် စီမံကိန်း (CMEC)၊ တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန် နှင့် ရခိုင်ပြည်နယ်မှ အထူး စီးပွားရေးဇုန် (SEZ) စီမံကိန်းတို့ ကဲ့သို့သော အဓိကကျသည့် စီမံများ စတင်အကောင် အထည်ဖေါ်ရေးကို စတင်ရန် တရုတ်က အကြိမ်ကြိမ် အားထုတ်နေသော်လည်း လက်ရှိ CMEC အစိုးရလက်အောက်တွင် ထိုစီမံကိန်းများအနက် မည်သည်ကိုမျှ စတင်လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။ ထိုစီမံကိန်းများနှင့် ပတ်သက်ပြီး အစိုးရက လွန်စွာ သတိထားနေပြီး ၎င်းတို့သည် စီးပွားရေးအရ အကောင်အထည်ဖော်ရန် တွက်ခြေကိုက်မကိုက်နှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် ကိုက်ညီခြင်းရှိမရှိ သုံးသပ်နေကြောင်း သာပြောသည်။

ထို့အပြင် တရုတ်နှင့် နှစ်နိုင်ငံ နယ်စပ်ဒေသမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများအကြား ဆက်ဆံရေးသည်လည်း ထိခိုက်လွယ်သော ကိစ္စတခုဖြစ်နေသည်။

ထိုကဲ့သို့သော ပြဿနာများ ရှိနေသည့်တိုင်မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် အကြီးအကျယ် မှီခိုနေရသည်။

အိမ်နီးချင်းဆက်ဆံရေးများ

NLD အစိုးရအောက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမှာ အိမ်နီးချင်းများအပြင် ထိုထက်ဝေးကွာသော နိုင်ငံများနှင့်လည်း ခင်မင်ရင်းနှီးသော ဆက်ဆံရေး ထူထောင်ရန်ဖြစ်သည်။ “အိမ်နီးချင်းများနှင့် ဆက်ဆံရေးသည် ဝေးကွာသော နိုင်ငံများနှင့် ဆက်ဆံရေးထက် ပိုမိုသိမ်မွေ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် တခါက ပြောခဲ့ဖူးသည်။

NLD အစိုးရလက်အောက်တွင် အရှေ့တောင်အာရှ နိုင်ငံများ အသင်းဝင် နိုင်ငံတခုအနေဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံများနှင့် တည်ငြိမ် အပြုသဘောဆောင်သော ဆက်ဆံရေးများ ရှိခဲ့သည်။

နယူးဒေလီ၏ Act East မူဝါဒသည် အရှေ့တောင်အာရှ နိုင်ငံများနှင့် ပိုမိုကျယ်ပြန်သည့် အာရှပိစိဖိတ်ဒေသတို့နှင့် ဆက်ဆံရေး ကောင်းမွန်ရေးကို ရည်ရွယ်သောကြောင့် မြန်မာအတွက် အရေးပါလှသည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်းတွင် အစိုးရနှင့် တပ်မတော်တို့သည် နယူးဒေလီနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးများ ပြုစုပျိုးထောင်ရာတွင် တိုးတက်မှုများ ရရှိကြသည်။ မြန်မာနိုင်ငံတွင် နယူးဒေလီ၏ နားလည်မှုနှင့် လက်တွေ့ကျမှုကို မြန်မာခေါင်းဆောင်များက အသိအမှတ်ပြုကြသည်။ နှစ်နိုင်ငံ လက်နက်ကိုင်တပ်များသည်လည်း နယ်စပ်တွင် လုံခြုံရေးနှင့် ပုန်ကန်မှု နှိမ်နင်းရေး စစ်ဆင်ရေးများတွင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ထားပြီးဖြစ်သည်။

မှတ်သားစရာကောင်းသောအချက်မှာ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံနှင့် တည်ငြိမ်သော ဆက်ဆံရေးကိုလည်း ရရှိနေခြင်းပင်ဖြစ်သည်။ ယခင်က တိုင်းရင်းသားလက်နက်ကိုင်များနှင့် အဝေးရောက်အဖွဲ့အစည်းများသည် ရှည်လျှားသော နှစ်နိုင်ငံနယ်စပ်တွင် တိုက်ပွဲငယ်များ ဆင်နွဲသောကြောင့် နှစ်နိုင်ငံဆက်ဆံရေး မတည်မငြိမ် ဖြစ်ရသည်။

ယခုနှစ်တွင်မူ ထိုင်းနိုင်ငံပိုင်နက်မှနေပြီး မြန်မာအစိုးရကို ဆန့်ကျင်သည့် လုပ်ရပ်များ လုပ်ကိုင်ပါက သီးခံမည် မဟုတ်ကြောင်း ထိုင်း လုံခြုံရေးတပ်များက တိုင်းရင်းသား လက်နက်ကိုင်များကို သတိပေး ပြောကြားထားသည်။ သို့သော် ထိုင်းနိုင်ငံသည် မြန်မာအာဏာပိုင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မြောက်ပိုင်းမြို့တော်ဖြစ်သော ချင်းမိုင်တွင် ဆက်လက် လက်ခံကျင်းပပြီး ထိုင်းနိုင်ငံရှိ စခန်းများတွင် သိန်းနှင့်ချီသော ကရင်၊ ကရင်နီ နှင့် ရှမ်းဒုက္ခသည်များကိုလည်း ဆက်လက် လက်ခံသည်။

တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းနှင့် ဇနီးတို့သည့် အရှေ့တောင်အာရှ နိုင်ငံများ အသင်းဝင်နိုင်ငံများနှင့် ဆက်ဆံရေး တောင်ပိုင်း မူဝါဒသစ်ကို အားပေးရန် စက်တင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည်။ တောင်ကိုရီးယားနှင့် မြန်မာတို့သည် ကျန်းမာရေး၊ ပညာရေး၊ လူသားရင်းမြစ်တိုးတက်မှု၊ ယဉ်ကျေးမှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးနှင့် သတင်းနည်းပညာ မောင်းနှင်သည့် အနာဂါတ် စက်မှုလုပ်ငန်းများ စသည့်နယ်ပယ်အများအပြားတွင် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုကြသည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်းတွင် မြန်မာနိုင်ငံ၏ အချက်အခြာကျမှုကို ပိုမိုတောင့်တင်းကြံ့ခိုင်စေ နိုင်သည်။ မကြာသေးမီက မြန်မာနိုင်ငံသည် တရုတ်၊ ဂျပန်နှင့် အခြား နိုင်ငံ ၁၂ နိုင်ငံနှင့်အတူ ကမ္ဘာ့အကြီးမားဆုံး လွတ်လပ်သော ကုန်သွယ်ရေးဇုန် ထူထောင်ရာတွင် ပါဝင်လိုက်သည်။ ထိုလွတ်လပ်သော ကုန်သွယ်ရေးဇုန်၏ စုစုပေါင်းထုတ်လုပ်မှုသည် ကမ္ဘာ့စုစုပေါင်း ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်း ရှိသောကြောင့် ထိုသဘောတူညီချက်သည် ဒေသတွင်းတွင် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ကာ ဒေသတွင်း အသေးစားနှင့် အလတ်စား လုပ်ငန်းမျာအတွက် နိုင်ငံတကာ ကုန်ထုတ်မှု ကွန်ရက်သို့ ဝင်ရောက်နိုင်မှု တိုးချဲ့ရန်နှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် နိုင်ငံ၏ စီးပွားရေးနာလန်ထမှုကို အထောက်အကူပြုရန် စသည်တို့ကို မျှော်လင့်ပြီး စာချုပ်တွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျှ၊ နယူးဇီလန်နှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်းဝင် ဆယ် နိုင်ငံသည် ထို ဒေသတွင်း ကျယ်ပြန့်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ကို လက်မှတ်ရေးထိုးကြသည်။

ထိုစာချုပ်သည် အကောက်အခွန် အတားအဆီးများကို လျှော့ချခြင်း အထူးသဖြင့် စက်မှုနှင့် စိုက်ပျိူးရေး ထုတ်ကုန်များ အတွက် အခွန်များကို လျှော့ချခြင်းနှင့် အစိုးရဝယ်ယူမှု၊ ယှဉ်ပြိုင်ရေးမူဝါဒ၊ E-Commerce၊ ကုန်သွယ်ရေး၊ အချက်အလက်ထုတ်လွှင့်ရေးနှင့် ဉာဏပစ္စည်းဆိုင်ရာများအတွက် စည်းမျဉ်းသစ်များ ချမှတ်ခြင်းတို့ဖြင့် အာရှပိစိဖိတ်ဒေသ တလွှားတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဖွင့်လှစ်ပေးရန် ရည်ရွယ်သည်။

ဗီဒီယို ကွန်ဖရင်ဖြင့် ထို RCEP စာချုပ်လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က “ဒေသတွင်း ပူးပေါင်းဆောင်မှု စနစ်အပေါ် ယုံကြည်မှု ထိန်းသိမ်းရန်၊ စီးပွားရေးလုပ်ငန်း အသိုင်းအဝန်း၏ ယုံကြည်မှုကို ထိန်းသိမ်းရန်နှင့် ဒေသတွင်းစီးပွားရေး နာလန်ထရေးကို အကျိုးပြုရန် စိတ်ပိုင်းဖြတ်ထားကြောင်း ယခုသမိုင်းဝင် ကုန်သွယ်ရေး သဘောတူစာချုပ်သည် ကမ္ဘာသို့ အခိုင်အမာ ပြသလိုက်ခြင်းပင်ဖြစ်သည်” ဟု ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင်အသိုင်းအဝိုင်း ပြဿနာ သို့မဟုတ် မြန်မာအတွက် ဆူးတချောင်း

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင်အသိုင်းအဝိုင်း ပြဿနာ နှင့်ပတ်သက်သော ဝေဖန်မှုများကို ဆက်လက် ရင်ဆိုရမည်ဖြစ်ပြီး ထိုပြဿနာသည် အမေရိကန်တွင် မကြာမီတက်လာတော့မည့် ဘိုင်ဒင်အစိုးရအပါဝင် အနောက်နိုင်ငံများ နှင့် ဆက်ဆံရေးကို ဆက်လက်ထိခိုက်စေနိုင်မည်ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ နိုင်ငံရေး တံခါးဖွင့်လာခြင်းနှင့် ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုထွေးပွေ့ခဲ့သည်မှာ သမ္မတ အိုဘားမားအောက်မှ ဒီမိုကရက်တစ်ပါတီဖြစ်သည်။ အိုဘားမားသည် မြန်မာနိုင်ငံသို့ နှစ်ကြိမ်လာရောက်လည် ပတ်ခဲ့သည်။ ၎င်းတို့၏ တံခါးဝ သို့မဟုတ် အိမ်နီးချင်း နိုင်ငံတွင် ဖြစ်ပျက်သော ကိစ္စဖြစ်သောကြောင့် ထိုအလျှင်အမြန် တိုးတက်လာသော မြန်မာနှင့်အမေရိကန်အကြား ဆက်ဆံရေး တိုးတက်မှုသည် တရုတ်နိုင်ငံကို အံ့သြတုန်လှုပ်စေခဲ့သည်။ ထိုသို့သော တရုတ်သြဇာလွှမ်းမိုးမှု ကျဆင်းနေချိန်တွင် အနောက်သြဇာလွှမ်းမိုးတိုးလာသည်ကိုလည်း မိမိတို့ တွေ့ပြီးဖြစ်သည်။

အိန္ဒိယ ခရီးစဉ်တွင် ဝန်ကြီးချုပ် မိုဒီနှင့် အတူတွေ့ရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

သို့သော် မြန်မာနိုင်ငံ၏ သေနင်္ဂဗျူဟာ ပြန်လည်ချိန်ညှိခြင်းတွင် အတက်အကျများ ရှိခဲ့သည်။

ထို့နောက် တရုတ်ကျောထောာက်နောက်ခံပြု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ နယ်စပ်တလျှောက်တွင် လှုပ်ရှားလာသည်ကို မိမိတို့တွေ့ရပြီး မြန်မာစစ်တပ်နှင့် ပြင်းထန်သော တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်လာသည်။

တရုတ်နယ်စပ်တလျှောက်မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် တရုတ်အိပ်ကပ်ထဲသို့ ရောက်နေကြပြီ ဖြစ်သည်။ ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများသည် တရုတ်အတွက် မြန်မာနှင့် အပေးအယူလုပ်ရာတွင် အသုံးချခံ ဖြစ်လာကြသည်။ ဘေဂျင်းက နေပြည်တော်ကို စိတ်ပျက်လျှင် ၎င်းသည် လက်နက်ကိုင် အုံကြွမှုဖြစ်စေပြီး မြန်မာပြည်တွင် မတည်ငြိမ်အောင်လုပ်နိုင်သည်။

သို့သော် ထိုသို့ဖြစ်သောကြောင့် မြန်မာနှင့် အနောက်နိုင်ငံအစိုးရ အချို့အကြား ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင် အသိုင်းအဝိုင်းနှင့် ပတ်သက်ပြီး ဆက်ဆံရေး အချဉ်ပေါက်လာသောအခါ တရုတ်ကလည်း ဖြည်းဖြည်း ရှေ့တိုးလာပြီး မြန်မာအပေါ် သူ၏သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်လာသည်ကိုလည်း မိမိတို့ တွေ့ပြီးဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်များအပေါ် ၎င်း၏ သြဇာကို တိုးချဲ့ကာ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်မှ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ထောက်ခံသည်။

မြန်မာနိုင်ငံသည် အင်အားချိနဲ့သော နိုင်ငံဖြစ်ပြီး ၁၉၅၀ ခုနှစ်များမှ စတင်ကာ ဘက်မလိုက်ဘဲ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ထိန်းသိမ်းထားခဲ့သည်။ ထိုမူဝါဒမှ သွေဖယ်ပြီး မည်သည့် အစိုးရကမျှ၊ ဒေါ်အောင်ဆန်းစုကြည် အစိုးရကပင် ကြီးမားသော အပြောင်းအလဲကို လုပ်ဆောင်ခြင်းမရှိပေ။

ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် ၎င်း၏ မိတ်ဟောင်းများနှင့် မိတ်သစ်များအကြား ထိုနိုင်ငံခြားရေး မူဝါဒက မည်သို့ ချိန်ညှိမည်ဆိုသည်ကို တရုတ်နိုင်ငံက အရိပ်မဲထိုးနေသည်။ ပြဿနာမှာ မြန်မာနှင့် နယ်နိမိတ်ခြင်း ကီလိုမီတာ ၂၀၀၀ ကျော် ထိစပ်နေသော တရုတ်နိုင်ငံကို မည်သို့ ကိုင်တွယ်မည်နည်း ဟူသော မေးခွန်းပင်ဖြစ်သည်။

လက်တွေ့တွင် မြန်မာအစိုးရ အရာရှိများသာမက စစ်ဖက်အရာရှိများကပါ တရုတ် အပြင် အခြားအိမ်နီးချင်း နိုင်ငံတခုဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့်ပါ အဆင်မပြေသော ဆက်ဆံရေးကို မျှော်လင့်ထားသင့်ပေသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ထွက်ခွာသွားသော မွတ်ဆလင်များ ဘင်္ဂလားဒေ့ရှ် နိုင်ငံကော့စ်ဗဇား ခရိုင်ရှိ စခန်းများတွင် ရှိနေပြီး သူပုန်များနှင့် အကြမ်းဖက်သမားများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း အခြေစိုက်နေသည်ဟု ယူဆရပေသည်။

စက်တင်ဘာလက ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝေဖန်ပြီး ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်များကို ပြန်လည်လက်ခံရေး အစီအစဉ်များ တုံ့ဆိုင်းနေခြင်းသည် ထိုလုပ်ငန်းစဉ်ကို နှောက်ယှက်နေသည့် စစ်သွေးကြွအုပ်စုနှင့် ထိုအဖွဲ့အား ထောက်ခံသူများကို ဒါကာဖက်က ဖြိုခွင်းရန် ပျက်ကွက်သော ကြောင့်ဖြစ်ကြောင်းပြောသည်။

အရေးကြီးသောအချက်တခုကတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ခံနေသော ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍကို မိမိတို့အနေဖြင့် မမေ့လျှော့သင့်ဟူသည့် အချက်ဖြစ်သည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံပေါ်တွင် ပို၍ပို၍ အပြုသဘော ဆောင်လာခြင်းဖြစ်သည်။ မကြာသေးမီက ပြုလုပ်သည့် ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင် ဂျပန်သံအမတ်ကြီး အီချီရို မာရူယာမက မြန်မာအာဏာပိုင်များနှင့် ရက္ခိုင့်တပ်မတော် (AA) အကြားတွင် ဂျပန် အထူးသံတမန်၏ ကြားဝင်စေ့စပ်မှုများအကြောင်း ရှင်းပြသည်။

တရုတ်နိုင်ငံသည်လည်း တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၊ မြန်မာအစိုးရနှင့် တပ်မတော်အကြား ငြိမ်းချမ်းရေး ပွဲစားလုပ်ရန် အလားတူစွာပင် ကတိပြုခဲ့သည်။

အနောက်တိုင်း သံတမန်များနှင့်မတူဘဲ သံအမတ်ကြီး မာရုယာမက ရခိုင်ပြဿနာနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများတွင် အပြုသဘောဆောင်သည့် ကောက်ချက်များကို ပေးရန် စိတ်အားထက်သန်ပြီး “ရခိုင်ပြည်နယ်နဲ့ ပတ်သက်ရင် သမိုင်းဆိုင်ရာ ပြဿနာ ရှိတယ်ဆိုတာကို ဂျပန်အစိုးရက အမြဲတမ်း သဘောပေါက်တယ်။ အရမ်းကို ရှုပ်ထွေးတဲ့ အခြေအနေပဲ။ ဒါကြောင့် ဘယ်သူမှ ချက်ခြင်း မဖြေရှင်း နိုင်ဘူး” ဟု ပြောသည်။

ထို့ကြောင့် ယေဘုံယျ အားဖြင့် ဆိုရပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူများအပါအဝင် မြန်မာပြည်သူများသည် ဂျပန်နှင့်ပတ်သက်လျှင် တရုတ်ကို ပူပန်သလောက် စိုးရိမ်ပူပန်ခြင်းမရှိကြပေ။

တရုတ်၊ ဂျပန်တို့နှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တခါက “ကျမတို့က တရုတ်ကိုလည်း မိတ်ဆွေလို့ မြင်သလို ဂျပန်ကိုလည်း မိတ်ဆွေလို့မြင်တယ်။ မိတ်ဆွေတွေကြားမှာ ထပ်ပြီး ရွေးခိုင်းတာတော့ မှန်တယ်လို့ မထင်မိဘူး” ဟု ပြောကြားခဲ့ဖူးသည်။

မည်သို့ပင်ဆိုစေကာမူ အစိုးရနှင့် တပ်မတော် နှစ်ဖက်စလုံးက မြန်မာနိုင်ငံတွင် တရုတ်သြဇာကြီးမားလာခြင်း နှင့် နယ်စပ်တလျှောက်မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို လက်နက်တပ်ဆင်ပေးနေခြင်းကို ဗြောင်ကျကျ ဝေဖန်လာကြသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင် အသိုင်းအဝိုင်း ပြဿနာနှင့် ပတ်သက်ပြီး အနောက်နိုင်ငံများက တွန်းအားပေးပါက မြန်မာနိုင်ငံသည် မလွှဲရှောင်သာဘဲ တရုတ်နိုင်ငံ၏ အကာအကွယ်ကို ယူရကာ တရုတ်နိုင်ငံ၏ ပတ်လမ်းအတွင်း တွန်းပို့ခံရမည်သာဖြစ်သည်။

ထို့ကြောင့် မြန်မာနှင့် တရုတ်နိုင်ငံအစိုးရများသည် ရခိုင်ပြည်နယ် မြောက့်ပိုင်းနေ မွတ်ဆလင် အသိုင်းအဝိုင်း ပြဿနာ အပါအဝင် မြန်မာနိုင်ငံအတွက် ထိခိုက်လွယ်သော ကိစ္စများတွင် နှစ်ဖက်သဘောတူနိုင်သည့် အခြေခံနှင့် လက်တွေ့ကျသော နည်းလမ်းကို ရှာဖွေရ လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအတွင်းမှ များပြားလှစွာသော အသံများကို နားထောင်ပြီး နိုင်ငံ၏ ကွဲပြားခြားနားမှုများကို တန်ဖိုးထားကာ ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင် အသိုင်းအဝိုင်း ပြဿနာ အကြပ်အတည်းမှ အမြတ်ထုတ်လိုသူ လက်တဆုပ်စာနှင့် လူ့အခွင့်အရေး လုပ်စားသူ အသိုင်းအဝန်း၏ စကားများကို နားမယောင်ရန် အရေးကြီးသည်။ မည်သည့်လက်နက်ကိုင်အုပ်စု၏ မည်သည့် လူ့အခွင့်အရေးချိုးဖေါက်မှုမဆိုနှင့် ဖိနှိပ်မှုမျိုးမဆိုကို မည်သူမျှ ပေါ့ပေါ့တန်တန် သဘောမထား သင့်ပေ။

ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ရိုဟေး ဆာဆာကာဝါအား ၂၀၁၉ ခုနှစ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ – State Counsellor Office)

ဘိုင်ဒင်အစိုးရအောက်တွင် မြန်မာနိုင်ငံသည် အမေရိကန်နှင့် ထိတွေ့ဆက်ဆံရန် အခွင့်အလမ်းရှာရေးအတွက် ကြိုးစားသင့်ပေသည်။

အင်ဒို ပိစိဖိတ်ဒေသအကြောင်း ဆွေးနွေးရာတွင် ဘိုင်ဒင်သည် သမ္မတ ထရမ့်နှင့် မတူဘဲ သိမ်မွေ့သော အသုံးအနှုန်း ပြောင်းလဲမှု တခုကို လုပ်ဆောင်ခဲ့သည်။ ထိုဒေသနှင့် ပတ်သက်သည့် ဝါရှင်တန်၏ ရည်ရွယ်ချက်အကြောင်း ပြောကြားရာတွင် ဘိုင်ဒင်က လွတ်လပ်ပွင့်လင်းသော စကားရပ်အစား လုံခြုံ ကြွယ်ဝချမ်းသာသော ဟူသည့် စကားရပ်ကို ပြောင်းလဲ အသုံးပြုခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်အောက်တွင် အချို့သော ပညာရှင်များက အမေရိကန်သည် ကမ္ဘာတဝှမ်း ဆက်စပ်ပြောင်းလဲမှုကို ဆန့်ကျင်သည့် အမြင်ရှိသော မယုံကြည်ရသည့် မိတ်ဖက်အဖြစ် ဝေဖန်ခဲ့သော်လည်း သူ၏ သမ္မတရာထူးကို ဆက်ခံသူ၏ ခေတ်တွင်မိမိတို့သည် နိုင်ငံစုံဝါဒ သို့ အပြန်ခရီး၊ လစ်ဘရယ် စနစ်နှင့် “အမေရိကန် တန်ဖိုး” များကို မြှင်တင် အားပေးခြင်းကို မြင်ရမည်ဖြစ်သည်။ ဘိုင်ဒင်၏ သမ္မတ ရာထူးသက်တမ်းသည် အိုဘာမား၏ “တတိယ” ရာထူး သက်တမ်း ကဲ့သို့သာ ဖြစ်ပါက ကမ္ဘာကြီးအနေဖြင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသည်ကို မျှော်လင့်ရနိုင်သည်။

ထရမ့်ရာထူးသက်တမ်းအတွင်း မိမိတို့သည် မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများအကြောင်း မကြားရ သကဲ့သို့ ပူပန်ကြောင်း ဖေါ်ပြချက်မျိုးလည်း မတွေ့ရသော်လည်း လူ့အခွင့်ရေးများနှင့် ဒီမိုကရေစီမူများကို လေးစားလိုက်နာရန်နှင့် သိနားလည်ရန်အရေးကြီးကြောင်း စစ်တပ်နှင့် လက်နက်ကိုင်များအားလုံးကို အမြဲသတိပေးနေရန် အရေးကြီးပေသည်။ ထိုသို့သောကိစ္စမျိုးနှင့် ပတ်သက်ပြီး ဘိုင်ဒင်အစိုးရထံမှ ပိုမိုပြီးကြားရမည်ဟု မျှော်လင့်နိုင်သည်။

တဖက်က ပြောရမည်ဆိုလျှင်လည်း အနည်းဆုံး မိမိတို့သည် တရုတ် နိုင်ငံအပေါ် ထရမ့်အစိုးရ၏ ဆက်ဆံပုံနှင့် ပတ်သက်ပြီး ထရမ့်ခေတ်ကို သတိရကောင်း ရနေနိုင်သည်။ ဒေသတွင်းမှ မြန်မာအပါအဝင် အချို့သော နိုင်ငံများသည် ထရမ့်၏ တရုတ်ဆန့်ကျင်ရေးမူဝါဒမှ အကျိုးခံစားခဲ့ရသောကြောင့်ပင် ဖြစ်သည်။

တရုတ်၏ အိမ်နီးချင်းနိုင်ငံအဖြစ်သည့် မြန်မာနိုင်ငံသည် ဘိုင်ဒင်အစိုးရ တက်ပြီးနောက်ပိုင်း၊ အစောပိုင်း ကာလအတွင်း ဘေဂျင်းက မည်သို့ သွေးတိုးစမ်းမည်ကို စောင့်ကြည့်သင့်သည်။ ထိုအကျိုးဆက်ကိုလည်း ဒေသတွင်းမှ နိုင်ငံများသည် ချက်ခြင်းခံစားရမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ဖြစ်နိုင်ခြေအားလုံးအတွက် ပြင်ဆင်ထားသင့်သည်။

အနာဂါတ်ကို မျှော်ကြည့်လိုက်သောအခါ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများ အသင်းဝင် နိုင်ငံများ၊ အခြား အာရှနိုင်ငံများ၊ အနောက်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံပြီး ဆက်ဆံရေး ချဲ့ထွင်ရာတွင် လက်ဦးမှု ရှိရန်လိုပြီး စီးပွားရေးနှင့် သံတမန်ရေး ပိုမိုကျယ်ပြန်စေကာ အချုပ်အခြာအာဏာနိုင်ငံတခုအနေဖြင့် နိုင်ငံတခု၏ လွတ်လပ်မှုကို ဆက်လက်ပြသသင့်ပေသည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော How Myanmar’s Foreign Policy Is Likely to Evolve in the NLD’s Second Term ကို ဘာသာပြန်ဖော်ပြခြင်းဖြစ်သည်။

You may also like these stories:

သက်တမ်းကုန်ခါနီး နိုင်ငံရေးပွတ်တိုက်မှုတွေ ဖြစ်လာတဲ့ ရခိုင်လွှတ်တော်

မြန်မာနယ်စပ်တွင် ခြံစည်းရိုးကာရံမှု တရုတ်ကို တပ်မတော် ကန့်ကွက်

ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း ဒုတိယ သမ္မတ ဖြစ်လာဖွယ် ရှိ

Loading