ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးမှာ ရှိတဲ့ ကျောက်ပွဲစားတန်းဟာ ညနေ ၃ နာရီကျော်လောက်မှ စပြီး စည်ကားလာတာပါ။ ကျောက် ဝယ်ရောင်းပွဲစားတွေက ဈေးအတွင်း လမ်းမတလျှောက် ပြည့်နေသလို အရောင်းအဝယ် လာလုပ်နေကြတဲ့ သူတွေလည်း မနည်းမနောမို့ ကြည့်ရတာ ပွဲဈေးတန်းတခုကို လျှောက်နေရသလိုပါပဲ။
ဒီဝိုင်းအတွင်းမှာ ရှိတဲ့ ကျောက်ပွဲစားတွေက မနက်ပိုင်းမှာတော့ ရွှေဘုံသာလမ်းမှာရှိတဲ့ ရွှေငွေ ကျောက်ပွဲစားတန်းမှာ အရောင်းအဝယ် လုပ်ကြပြီး ညနေပိုင်းမှာတော့ ဗိုလ်ချုပ်ဈေး ကျောက်ဝိုင်းမှာ ရွှေ့ပြီး အရောင်းအဝယ် လုပ်ကြတာပါ။ မန္တလေး၊ မိုးကုတ်ဘက်က ကျောက်ကုန်သည်တွေ အပါအဝင် နယ်ကျောက်ပွဲစား တချို့က ရန်ကုန် ကျောက် ဝယ်ရောင်း ဈေးကွက် အခြေအနေနဲ့ ကျောက်လောက အခြေအနေကို လာပြီး လေ့လာကြတာရှိသလို ရန်ကုန်ကျောက်ပွဲစား အများစုကတော့ လက်ဝတ်ရတနာဆိုင်တွေ၊ ကျောက်ကုန်သည်တွေနဲ့ ပေါင်းပြီး ကျောက်ဝယ်ရောင်း လုပ်နေကြတာပါ။
ဗိုလ်ချုပ်ဈေး ကျောက်ပွဲစားတန်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါးလောက်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အစိုးရက တရားဝင် ရောင်းဝယ်ဖောက်ကားခွင့် ပေးမထားပေမဲ့ နားလည်မှုနဲ့ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရနေတယ်လို့ ကျောက်ဝယ်ရောင်း ပွဲစားတွေထံက သိရပါတယ်။
“တကယ်တမ်းကျတော့ ကျောက်ဝိုင်းအတွက် လိုင်စင်မရှိဘူး၊ တဦးနဲ့တဦး နားလည်မှုနဲ့လုပ်ကြတာ။ သက်ဆိုင်ရာက လာပြီး ဖမ်းဆီးတာတွေလည်း မရှိပါဘူး။ ဝိုင်းထဲမှာဆိုရင် ဘယ်သူမဆို လွတ်လပ်စွာ ရောင်းဝယ်ခွင့် ရှိကြတယ်ဗျ” လို့ နှစ်ပေါင်း ၂၀ ကျော် ကျောက်ပွဲစားလုပ်လာတဲ့ ဦးကျော်နိုင်က ရှင်းပြပါတယ်။
“ကျောက်ပွဲစား လုပ်ရတာက လောင်းကစား လုပ်နေရတာနဲ့တူတယ်။ ကိုယ့်ဆုံးဖြတ်ချက်ပေါ် မှုတည်ပြီး ဘဝပြောင်းသွားနိုင်တယ်။ ကျောက်ဝိုင်းထဲမှာကို မနေ့တနေ့ကလာပြီး တိုက်ဆောက် ကားစီးသွားနိုင်တာတွေ ရှိသလို ဆုံးဖြတ်ချက်မှားလို့ ဘဝပျက်သွားတာတွေလည်း အများကြီးပဲ” လို့ ဦးကျော်နိုင်က ပြောပြပါတယ်။
ဦးကျော်နိုင်ကတော့ ကျောက်အလိမ် ခံရဖူးတာတွေလည်း ရှိခဲ့သလို ကျောက်အောင်တာကြောင့် အမြတ် ၁၀ သိန်းကျော်အထိလည်း ရခဲ့ဖူးတယ်လို့ သူရဲ့ ကျောက်ပွဲစား ဘဝကို ပြောပြပါတယ်။
တချို့ပွဲစားတွေကတော့ မသမာတဲ့နည်းသုံးပြီး ကျောက်အတု၊ အရည်အသွေးနိမ့် ကျောက်တွေနဲ့ နိုင်ငံခြားသားတွေကို အဓိက ပစ်မှတ်ထားပြီး ရောင်းချတာတွေ ရှိပေမဲ့ အဲ့ဒီလိုလူတွေကတော့ ကျောက်ဝိုင်းထဲမှာ တာရှည် မရပ်တည်နိုင်ဘူးလို့ သိရပါတယ်။ ပွဲစားအများစုမှာတော့ ချိတ်ဆက်ထားတဲ့ ပုံမှန်ဖောက်သည်တွေလည်း ရှိတယ်လို့ သိရပါတယ်။
“ကျောက်ဝိုင်းတွေမှာ ဝယ်တာက ဆိုင်တွေမှာ ဝယ်တာထက် ပိုပြီးတော့သက်သာတယ်။ ဆိုင်တွေမှာကာ ဆိုင်ခွန်၊ အလုပ်သမားခတွေကြောင့် ဈေးပိုများတယ်လေ။ ပွဲစားအများစုကတော့ ကျောက်ကုန်သည်တွေနဲ့ ချိတ်ဆက်ထားပြီး အလုပ်လုပ်ကြတယ်။ ကိုယ့်အတွက် အမြတ်ကျန်အောင် တကွက်ချန် ရောင်းဝယ်ရတာပေါ့” လို့ ကျောက်ပွဲစားဦး ကျော်နိုင်က ရှင်းပြပါတယ်။
ပွဲစားတွေက ကျောက်ကုန်သည်တွေနဲ့ ဖောက်သည်တွေက အော်ဒါမှာထားတဲ့ ပစ္စည်းတွေကိုပဲ ရောင်းသူတွေထံက ဝယ်ကြပြီး ကြားဝင်ပစ္စည်း တွေဆိုရင်တော့အ ချင်းချင်းချိတ်ဆက်ပေးပြီး အမြတ်ယူ ဝင်ရောင်း၊ ဝယ်ပေးတာ ရှိတယ်လို့ သိရပါတယ်။
အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ပြန်လည် ဖွင့်ပေးပြီးတဲ့ နောက်ပိုင်းမှာတော့ ရန်ကုန် ကျောက်ဈေးကွက်က အရင်ကထက် အခြေအနေ ကောင်းလာကြောင်း၊ ကျောက်ကုန်သည်ကြီးတွေကလည်း ပြည်ပနိုင်ငံတွေကို ကျောက်မျက်တွေ တင်ပို့ဖို့ တာစူလာကြကြောင်၊ ကျောက်ဈေးတွေလည်း တက်လာကြောင်း ကျောက်ပွဲစားတွေထံက သိရှိရပါတယ်။
စီးပွားရေးပိတ်ဆို့မှုတွေ မရှိတော့တဲ့ နောက်ပိုင်းမှာ ကျောက်ဈေးတွေ တက်လာတယ်ဆိုပေမဲ့ ပုံမှန်ဈေး ပြောလို့မရသလို ကျောက်အပွင့်လှပြီး ကျောက်ချော ကျောက်သန့်တဲ့ အပေါ်မှုတည်ပြီးတော့ ဈေးတွေ ကွာတယ်လို့လည်း သိရပါတယ်။
“ဈေးသိပ်မကွာပေမဲ့ မျက်စိပွင့်နားပွင့် ဖြစ်ချင်လို့ ရန်ကုန်ဆင်းလာပြီး အရောင်းအဝယ် လာလုပ်ကြည့်တာပါ။ မိုးကုတ်မှာကတော့ ကျောက်ပိုစုံသလို ထိုင်းနဲ့ တရုတ်ဘက်ကို သွားရောင်းလို့လည်း ရတယ်။ နိုင်ငံခြားသားတွေကတော့ လက်ဆောင်ပေးဖို့လောက်ပဲ ဝယ်ကြပြီး လေ့လာရုံသက်သက်ပဲ လာကြတယ်လို့ သိရပါတယ်” လို့ မိုးကုတ် ကျောက်ပွဲစားတန်းကနေ ရန်ကုန်ဘက်ကို အခြေချလာတဲ့ ကျောက်ပွဲစား မဇင်မင်းထွန်းက ဆိုပါတယ်။
လက်ရှိမှာတော့ ကျောက်တူးဖော်ရေး လုပ်ငန်းတွေမှာ အစိုးရနဲ့ အကျိုးတူ ပူးပေါင်းထားတဲ့ ကုမ္ပဏီတွေကြောင့် ကျောက်တွေက အပြင်ဈေးကွက်ကို မရောက်လာတော့ဘဲ တနိုင်တပိုင် လုပ်ငန်းတွေ နည်းလာသလို ကျောက် ဝယ်ရောင်းလုပ်ဖို့ အတွက် ကျောက်တွေလည်း အပြင်ဈေးကွက်မှာ ရှားပါးလာတယ်လို့ သိရပါတယ်။
“တနိုင်တပိုင်က ကျောက်တွေက ဘယ်သူ့ရောင်းရောင်း ရပေမဲ့ အကျိုးတူတွေက ရသမျှကျောက် အကုန်သိမ်းကုန်တော့ ကျောက်တွေက အပြင်မထွက်တော့ဘူး၊ ရှားလာတယ်။ ကိုယ့်ဆီကလူတွေက လုပ်ငန်း ကြပ်ကုန်တာပေါ့” လို့ မဇင်မင်းထွန်းက ဆက်လက် ပြောပြပါတယ်။
မိုးကုတ် ကျောက်ပွဲစား တချို့ကတော့ ကျောက်အရိုင်းတုံးတွေကို ဝယ်ပြီး ကျောက်ပြန်သွေး ပြန်ရောင်းတာက ကျောက်အောင်ရင် အောင်သလို အမြတ်ရကြတယ်လို့ သိရပါတယ်။
ရန်ကုန် ကျောက်ဈေးကွက်ကတော့ နယ်ပယ်အစုံက ကျောက်တွေဝင်ပြီး မန္တလေးဘက်မှာက ကချင်ပြည်နယ် ဖားကန့်ဘက်က ကျောက်တွေဝင်ကြောင်း၊ မိုးကုတ်ကျောက်ဝိုင်း ဘက်မှာတော့ ကျောက်ဝိုင်း ၃ ဝိုင်းရှိပြီး ဒေသထွက် ကျောက်တွေဖြစ်တဲ့ ပတ္တမြား၊နီလာ ကျောက်မျက်တွေက အရောင်းအဝယ် ပိုဖြစ်တယ်လို့ ကျောက်ပွဲစားတွေက ဆိုကြပါတယ်။