ဗီယက်နမ် စစ်တပ်ပိုင် Viettel Global ကုမ္ပဏီနှင့် မြန်မာ အစိုးရ ကျောထောက်နောက်ခံပြု ရတနာပုံ တယ်လီပို့တို့ ပူးပေါင်းပြီး ရတနာပုံ တယ်လီပို့၏ တယ်လီဖုန်း ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများ တိုးမြှင့်ရန်စီစဉ်နေကြောင်း သိရသည်။
ယင်း အစီအစဉ်အတွက် အမေရိကန် ဒေါ်လာ သန်း ၈၀၀ နီးပါး ရင်းနှီးမြှုပ်နှံရန် ရှိကြောင်း နှစ်ဘက် ကုမ္ပဏီများက ဒီဇင်ဘာလ ၁၉ ရက်က ထုတ်ဖော် ပြောဆိုခဲ့သည်ဟု Reuters သတင်းဌာနတွင် ဖော်ပြထားသည်။
ဗီယက်နမ် စစ်တပ်ပိုင် Viettel Group ၏ ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းခွဲတခု ဖြစ်သည့် Viettel Global က မြန်မာနိုင်ငံမှ စီးပွားဖက် အဖွဲ့အစည်း တခုနှင့် ပူးပေါင်း၍ တယ်လီဖုန်း ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမေရိကန် ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိကြောင်း ပြီးခဲ့သည့် လ အတွင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ဟနွိုင်းမြို့မှ Viettel Global တာဝန်ရှိသူ တဦးက မြန်မာနိုင်ငံမှ ရတနာပုံ တယ်လီပို့နှင့် ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ကြောင်းလည်း အတည်ပြု ပြောဆိုသည်။
ရတနာပုံ တယ်လီပို့သည် လုပ်ငန်းများ တိုးချဲ့နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများထံမှ အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံ ရရှိရန် မျှော်လင့် ထားသည်ဟု ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်ကReuters သို့ ယမန်နှစ်က ပြောဆိုခဲ့သည်။
ရတနာပုံ တယ်လီပို့မှ ဒါရိုက်တာ အဖွဲ့ဝင် တဦးကလည်း Viettel ကုမ္ပဏီနှင့် ပြောဆိုညှိနှိုင်းမှုများကို နောက်ဆုံးအဆင့်အထိ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ သဘောတူညီချက်နှင့် ပတ်သက်ပြီး ရတနာပုံ တယ်လီပို့ ကုမ္ပဏီ အုပ်ချုပ်ရေးပိုင်း၏ အတည်ပြုပေးမှုကို စောင့်ဆိုင်း နေကြောင်း Reuters သတင်းဌာနသို့ ပြောဆိုထားသည်။
ထိုသို့ ရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်း ဒေါ်လာ ၁.၈ ဘီလီယံ (သန်း ၁၈၀၀) မှ ၂ ဘီလီယံ (သန်း ၂၀၀၀) အထိ ရှိလာနိုင်သည်ဟု ဟနွိုင်းမြို့မှ Viettel Global တာဝန်ရှိသူက ဆက်ပြောသည်။
ယခင် မြန်မာစစ်အစိုးရ လက်ထက်က ဆက်သွယ်ရေး ကဏ္ဍကို တင်းကျပ်စွာ ချုပ်ကိုင်ထားခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ တယ်လီဖုန်း ဈေးကွက်ထဲတွင် သုံးစွဲနိုင်သူဦးရေ အနည်းဆုံး နိုင်ငံတခု ဖြစ်ခဲ့ပြီး လူဦးရေ ၅၃ သန်းမျှ ရှိသည့် မြန်မာနိုင်ငံတွင် သုံးစွဲသူ ရာခိုင်နှုန်း အနည်းငယ်သာ မိုဘိုင်းဖုန်း အသုံးပြုနိုင်ခဲ့သည်။
အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) ကို အဆင့်မြှင့်တင်ရန် ကူညီပေးနေသော ရန်ကုန်အခြေစိုက် ကုမ္ပဏီတခု ဖြစ် သည့် ခိုင်သစ္စာ ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ဦးအောင်သာက မြန်မာနိုင်ငံ၏ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင် နေဆဲ ဖြစ်သည့် ရတနာပုံ တယ်လီပို့နှင့် Viettel ကုမ္ပဏီတို့ အကြား ထိုသို့ ဆွေးနွေးမှုများ ရှိနေသည်ကို မသိရှိရကြောင်း Reuters ကို ပြောဆိုသည်။
သို့သော် မြန်မာနိုင်ငံတွင် နော်ဝေနိုင်ငံ အခြေစိုက် Telenor နှင့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီများက တန်ဖိုးနည်း ဖုန်းကတ်များ စတင် ရောင်းချပေးပြီးနောက်ပိုင်းတွင် မိုဘိုင်းဖုန်း သုံးစွဲသူ အရေအတွက် သိသိသာသာ တိုးတက် လာခဲ့ သည်။
မြန်မာနိုင်ငံတွင် ယခင်က တခုတည်းသော တယ်လီဖုန်း ဝန်ဆောင်မှုလုပ်ငန်း ဖြစ်ခဲ့သည့် MPT က ဂျပန်နိုင်ငံမှ KDDI Corp၊ Sumitomo Corp စသည့် ကုမ္ပဏီများနှင့် ပူးပေါင်းပြီး တန်ဖိုးနည်း ဖုန်းကတ်များ တိုးမြှင့် ဖြန့်ဖြူး လုပ်ကိုင်လာပြီး ထိုကုမ္ပဏီ နှစ်ခု တို့၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ အထိ ရှိလာသည်ဟု သိရသည်။