ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များ မီးလုံလောက်စွာ ရရှိရေး မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ဂတ်စ်ရောင်းချထား သောနိုင်ငံများနှင့် ညှိနှိုင်းရန် ကြိုးစားဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ်ရုံး၌ ဧပြီလ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် စက်မှုဇုန် (ရန်ကုန်) ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“လျှပ်စစ်နဲ့ ပတ်သက်လို့ စက်မှုဇုန်တွေ လုံလောက်အောင်မရဘူး ဖြစ်နေတာ တွေ့ရတယ်။ မီးရအောင်ဆိုရင် အခက်အခဲက ရှိလာပါတယ်။ ဒါကြောင့် ကျနော်တို့ဆီက ဂတ်စ်ဝယ်ထားတဲ့ နိုင်ငံတွေနဲ့ ညှိရပါမယ်။ ကုန်ကြမ်းတွေကို သယ်သွားမယ့်အတူတူ ကျနော်တို့ဆီမှာ ကုန်ချောပြောင်းပြီး ရောင်းပေးခဲ့ဖို့ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ဒါကို ကြိုးစားဆောင်ရွက်နေပြီ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
လျှပ်စစ်မီးပြဿနာကို ဖြေရှင်းရာတွင် ရေအားဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်သည့် အနေအထားမှာ နည်းပါးနေပြီး၊ ဂတ်စ်ဖြင့် လုပ်ဆောင်မည်ဆိုပါက ကုန်ကျစရိတ်တန်ဖိုး များနိုင်သည့်အတွက် အခက်အခဲ ဖြစ်နေရသည်ဟု ဦးဖြိုးမင်းသိန်းက ဆက်ပြောသည်။
မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို လက်ရှိအချိန်၌ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့နေပြီး ထိုင်းနိုင်ငံ သို့ တင်ပို့သည့်ပမာဏသည် များပြားနေဆဲဖြစ်ကြောင်း သိရသည်။ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက် များမှ ထုတ်လုပ်တင်ပို့နေသည့် ပမာဏမှာ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ နေ့စဉ် ကုဗပေ ၁ ဒသမ ၄ ဘီလီယံနှင့် တရုတ်နိုင်ငံသို့ ကုဗပေ ၀ ဒသမ ၃ ဘီလီယံ ဖြစ်ပြီး၊ ပြည်တွင်းသို့ ဖြန့်ဖြူးပေးနေသည့် ပမာဏသည် ကုဗပေ သန်း ၃၀၀ သာရှိကြောင်း အစိုးရ၏ သတင်းအချက်အလက်များအရ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးသည် တနိုင်ငံလုံး အတိုင်းအတာနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးတိုးတက်မှု အကြီးဆုံးဖြစ်ပြီး လျှပ်စစ်စွမ်းအား ရယူသုံးစွဲမှုအနေဖြင့် နိုင်ငံတနိုင်လုံး၏ ထက်ဝက်ခန့်ကို သုံးစွဲနေခြင်းဖြစ်သော်လည်း ယခုအချိန်ထိ စက်မှုဇုန်များ လည်ပတ်နိုင်ရန် လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိသေးကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များက ပြောသည်။
လျှပ်စစ်မီးလုံလောက်စွာ မရရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့ (YESB) သို့ မီတာထိန်းသိမ်းခအဖြင့် လှိုင်သာယာစက်မှုဇုန်က နှစ်စဉ် ကျပ်သိန်းပေါင်း တသောင်းခန့် ပေးဆောင်နေရကြောင်း လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဒုဥက္ကဌ ဦးအုန်းဆိုင်က ပြောသည်။
လှိုင်သာယာစက်မှုဇုန်သည် ရန်ကုန်တိုင်းဒေသြက်ီးအတွင်းရှိ စက်မှုဇုန်များတွင် အကြီးဆုံး စက်မှုဇုန်ဖြစ်ပြီး မြေဧကပေါင်း ၁၄၀၀၊ စက်ရုံကွက်ပေါင်း ၇၀၀ ကျော် ရှိပြီး၊ လုပ်ငန်းလည်ပတ်နေသည့် စက်ရုံပေါင်း ၆၆၀ ရှိကြောင်း စက်မှုဇုန် မှတ်တမ်းများအရ သိရသည်။