အစိုးရသစ် တက်လာပြီးနောက်ပိုင်း ပြန်လည်ဖွဲ့စည်းရန်လိုသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) ကို လက်ရှိအချိန်ထိ မဖွဲ့စည်းနိုင်သေးရာ လုပ်ငန်းလုပ်ခွင့် တင်ထားသော ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုချက် မပေးနိုင်သေးကြောင်း သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် MIC ကို ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တဦးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ၍ ဖွဲ့စည်းရမည်ဟု ပါရှိသည့်အတွက် ယခင်ဝန်ကြီးဟောင်း ဦးဇေယျာအောင် ဥက္ကဋ္ဌ တာဝန်ယူသည့် MIC ကို လက်ရှိ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် တဦး က ဥက္ကဋ္ဌ ရာထူးဖြင့် ပြန်လည်ဖွဲ့စည်းရမည် ဖြစ်သည်။
ယင်းသို့ မဖွဲ့စည်းနိုင်သေးခြင်းကြောင့် ပြီးခဲ့သည့် ဧပြီလမှ စတင်၍ ပြည်တွင်းပြည်ပ ဝင်ရောက်လာသော ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့် လျှောက်ထားမှုများသည် လုပ်ပိုင်ခွင့်အတွက် ကြန့်ကြာနေပြီး ယခုအချိန်အထိ လျှောက်ထားမှု အရေအတွက် ၉၈ ခုအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးစန်းမြင့်က “လာတင်ထားတဲ့ဟာ ၉၈ ခုလောက်ရှိတာပေါ့။ အဆင်သင့်တော့ မဖြစ်သေးဘူး။ ဒါတွေက တိုင်းဒေသကြီး အစိုးရတို့ သက်ဆိုင်ရာ ဝန်ကြီးဌာန သဘောထားတို့ ကျန်သေး တာပေါ့။ ဒါကို MIC အသစ်က ခွင့်ပြုပေးရမှာ ဟုတ်ပါတယ်”ဟု ပြောသည်။
အဆိုပါ ပြည်တွင်းပြည်ပမှ တင်ထားသည့် လုပ်ငန်းများထဲတွင် စက်မှုလုပ်ငန်း အများဆုံးဖြစ်သည်။
ပြည်ပမှ ဝင်ရောက်လာသော ရင်းနှီးမြှုပ်နှံမှုများ၌ တရုတ်၊ ဟောင်ကောင်နှင့် စင်္ကာပူနိုင်ငံများက အများဆုံးဖြစ်ကြောင်း သိရသည်။
ယင်းလုပ်ငန်းများတွင် စင်္ကာပူမှတဆင့် ဝင်ရောက်မည့် အမေရိကန် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၂ခုလည်း ပါဝင်ကြောင်း၊ ထိုလုပ်ငန်းများသည် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့့် လုပ်ငန်းများ ဖြစ်ကြောင်း ဦးစန်းမြင့်က ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသည် MIC နှင့် တိုက်ရိုက် တွဲဖက် လုပ်ကိုင်ရသော ဌာနတခုဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဌာနခွဲတခု ဖြစ်သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က MIC အသစ်ကို ယခုလထဲတွင် ဖွဲ့စည်းနိုင်မည်ဟု ထင်ရကြောင်း ပြောသည်။
၎င်းက“ကျနော်မှန်းပါတယ်၊ ဒီလထဲမှာတော့ ဖွဲ့စည်းရမှာပါ။ ကျနော် ဖြေကြားပေးနိုင်တာကတော့ ဒီလထဲမှာပဲ ထွက်မှာပါ။ စောစော လေး ထွက်မယ်ထင်ပါတယ်”ဟု ပြောပြသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ဒေသတွင်းနိုင်ငံများတွင်လည်း ဖြေလျှော့မှုများ အမျိုးမျိုးပေး၍ ဆွဲဆောင်နေကြသည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့်လည်း အပြိုင်အဆိုင် ဆွဲဆောင်နေရကြောင်း၊ MIC အသစ်ကိုလည်း မြန်မြန် ဖွဲ့စည်းနိုင်လျှင် ကောင်းကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဒု ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။
၎င်းက“အိမ်နီးချင်းနိုင်ငံတွေ အားလုံးက ရင်းနှီးမြှုပ်နှံမှုရအောင် ဆွဲနေကြတာပါ။ ကိုယ်မဆွဲနိုင်ရင်၊ အခြားနိုင်ငံကလည်း လက်ကမ်းကြိုနေကြတာပါ။ ဖြေလျှော့မှုတွေ အမျိုးမျိုးပေးပြီးပေါ့။ ဒီလိုဆိုတော့ မြန်မြန်ဖွဲ့နိုင်လေကောင်းလေပဲ”ဟုလည်း ပြောသည်။
ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုမိန့်ချပေးမည့် အဖွဲ့အစည်း မြန်မြန်ဆန်ဆန် ဖွဲ့စည်းရန် လိုအပ်သကဲသို့ ဖွဲ့စည်းပြီးသည့် အခါတွင် လည်း စိစစ်မှုများ လုပ်သည့်အခါ ကိုယ့်နိုင်ငံအတွက် မနစ်နာစေမည့် လုပ်ငန်းများကို အသေချာစိစစ် ချပေးရန် လိုကြောင်း စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောဆိုသည်။
ယခင် MIC လက်ထက်တွင် နိုင်ငံအတွက် အခွန်အခ ရရှိမှု နစ်နာစေခဲ့သော လုပ်ငန်းများလည်း ပါရှိခဲ့ကြောင်းလည်း ၎င်းက ပြော သည်။
အထက်ပါ စီးပွားရေး လုပ်ငန်းရှင်က“နိုင်ငံအတွက် အခွန်အခ နစ်နာတာတွေရှိတယ်။ တချို့ မြန်မာနိုင်ငံသားတွေကလည်း နိုင်ငံခြား နဲ့ ပေါင်းလုပ်တာဆိုပြီး ၅ နှစ်အခွန်မဆောင်ရအောင် လုပ်သွားတာတွေ ရှိတယ်။ ဆိုတော့ ရသင့်ရထိုက်တဲ့ နိုင်ငံတော်ရဲ့အခွန်တွေ မရကြပါဘူး။ ပုံစံအမျိုးမျိုးနဲ့ လျှင်သလို လုပ်သွားကြတာတွေ အများကြီး ရှိပါတယ်။ ဒါကို MIC က မသိခဲ့တာတွေ ရှိမယ်၊ မသိကျိုးကျွံပြုခဲ့တာ ရှိရင်ရှိမယ်။ ဒါတွေမဖြစ်အောင်တော့ သေသေချာချာ လောလောလောလော မလုပ်ဖို့တော့ လိုပါတယ်။ သေချာစိစစ် စဉ်းစား ဆင်ခြင်ပြီး ခွင့်ပြုသင့်ပါတယ်”ဟုလည်း ပြောဆိုသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကြိုတင်မျှော်မှန်းမှု အမေရိကန် ဒေါ်လာ ၆ ဘီလီယံ မှန်းထားသော်လည်း အမှန်တကယ် ဝင်ရောက်မှုသည် ၉.၃ ဘီလီယံ အထိ ဝင်ရောက်ခဲ့ပြီး ယခုဘဏ္ဍာနှစ်အတွက် ကြိုတင် မျှော်မှန်းထားသည်မှာ ၈ ဘီလီယံဖြစ်ကြောင်း သိရသည်။
ထိုသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်လာရေးနှင့်ပတ်သက်၍ ဥပဒေပိုင်း ဆိုင်ရာ ပြည့်စုံမှုကို ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ၂ ခုကို ပေါင်းစည်း ပြင်ဆင်သည့် ဥပဒေသည် ယနေ့အထိ ထုတ်ပြန်နိုင် ခြင်း မရှိသေးဘဲ ကုမ္ပဏီများ အက်ဥပဒေသည်လည်း ပြင်ဆင်နေဆဲ အခြေအနေသာ ဖြစ်သည်။
အဆိုပါ ဥပဒေများသည် မြန်ဆန်စွာ ပြီးစီးနိုင်မည့် အနေအထားဖြစ်ပြီး နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ၂ ခု ကို ၁ ခု တည်း အဖြစ် ပေါင်းစည်းထားသည့် ဥပဒေသည် ရှေ့နေချုပ်ရုံး မှတ်ချက်များ ရယူပြီးဖြစ်၍ လွှတ်တော်တွင် တင်ပြ အတည်ပြုရန် အဆင့်သို့ ရောက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။