ဖုန်းတလုံး အတွက် ဘယ်အရာက အရေးအကြီးဆုံး ပါလဲ။ ဂိမ်းကစားသူလိုသူ တယောက် အတွက်က GPU ကောင်းတဲ့ ဖုန်းက အရေးကြီးမယ်၊ Selfie နှစ်သက်သူ တယောက်က ကင်မရာကောင်းတဲ့ ဖုန်းကို လိုချင်မယ်၊ ဒါပေမယ့် GPU ဘယ်လောက် ကောင်းကောင်း၊ ကင်မရာ ဘယ်လောက် ကောင်းကောင်း ဖုန်းက အားမရှိရင်တော့ ဖွင့်လို့လဲ မရ၊ သုံးလို့လည်း မရနိုင်ပါဘူး။ ဘက်ထရီ အားကောင်း၊ အားရှိမှ မိမိ သုံးလိုတဲ့ အသုံးကို စိတ်ကြိုက် သုံးနိုင်မှာ ဖြစ်တဲ့ အတွက် ဘယ်ဖုန်းက အားအမြန်ဆုံး ပြန်သွင်းနိုင်သလဲ ဆိုတာ ပြောပြချင်ပါတယ်။
(၁) OPPO F1 Plus။ ။ OPPO ဟာ ဈေးကွက်နေရာ ရှာနေဆဲ ဖုန်းဖြစ်ပေမယ့် Digital Trends က F1 Plus ကို အားသွင်းရ အမြန်ဆုံး ဖုန်း အဖြစ် ရွေးချယ်လိုက်ပါတယ်။ တရုတ် အခြေစိုက် OPPO ရဲ့ မော်ဒယ်က ဘက်ထရီအား 2850 mAH ရှိပါတယ်။ VOOC အားသွင်းခေါင်းနဲ့ အားသွင်းမယ် ဆိုရင် ဘက်ထရီအား ၁ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းကို အချိန် ၁ နာရီ ၁၁ မိနစ်နဲ့ အားသွင်းပေးနိုင်ပါတယ်။ OPPS ကတော့ ဘက်ထရီအား ၇၅ ရာခိုင်နှုန်းကို မိနစ် ၃၀ နဲ့ သွင်းနိုင်မယ်လို့ ဆိုပါတယ်။
(၂) OnePlus 3။ ။ ပြည်တွင်းမှာလည်း ဈေးကွက် ဝင်လာနေပြီ ဖြစ်ပေမယ့် လူသိနည်းသေးတဲ့ အမှတ်တံဆိပ်နဲ့ မော်ဒယ်ပါ။ Dash အားသွင်းကြိုး Type C ခေါင်းနဲ့ ဆိုရင် ဘက်ထရီအား 3000 mAhပ မာဏကို အား ၂ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်း ပြည့်ဖို့ အချိန် ၁ နာရီနဲ့ ၁၄ မိနစ်ပဲ လိုပါတယ်။ OPPS ရဲ့ မော်ဒယ်မှာ Fast Charging စနစ် ပါပေမယ့် အခု မော်ဒယ်မှာတော့ ဒီစနစ် မပါလို့ အမြန်သွင်း ပုံစံတော့ မရပါဘူး။ F1 Plus နဲ့ ဘက်ထရီ အားချင်းတူရင် အချိန်တူလောက်ပဲ ကြာမယ်လို့ ယူဆရပါတယ်။
(၃) LG G5။ ။ တောင်ကိုရီးယား အခြေစိုက် LG ရဲ့ မော်ဒယ် G5 မှာ ဘက်ထရီအား 2800 mAh ပါရှိပါတယ်။ Quick Charge ပုံစံနဲ့လည်း အားသွင်းနိုင်ပါတယ်။ Type C ခေါင်းနဲ့ဆို အားသွင်းရ ပိုမြန်ပါတယ်။ အား ၂ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းကို အချိန် ၁ နာရီ ၁၈ မိနစ်ပဲ ကြာပါတယ်။ အား ရာခိုင်နှုန်း ၆၀ ကို မိနစ် ၃၀ မပြည့်ခင် ရနိုင်ပါတယ်။ ဖုန်းရော အားသွင်းခေါင်းရော အားသွင်းချိန်မှာ နည်းနည်း ပူချင်ပါတယ်။ Qualcomm Quick Charge 3.0 စနစ်ကို ထည့်ထားလို့ ဖြစ်ပြီး သူက ပုံမှန် အားသွင်းနှုန်းထက် ၄ ဆ ပိုမြန်အောင် သွင်းပေးနိုင်ပါတယ်။
(၄) Samsung Galaxy S7 Edge။ ။ ဘက်ထရီအား 3000 mAh ထိအောင် ပါရှိတဲ့ မော်ဒယ်ပါ။ Qualcomm Quick Charge 2.0 ကို သုံးထားပြီး သေချာတာကတော့ LG G5 ထက် အားသွင်းရ ပိုကြာပါတယ်။ MicroUSB ခေါင်းနဲ့ အားရာခိုင်နှုန်း ၂ ကနေ ၁၀၀ ရာခိုင်နှုန်း ပြည့်အောင် အချိန် ၁ နာရီနဲ့ ၂၆ မိနစ် ယူပါတယ်။ အားရာခိုင်နှုန်း ၇၅ ရအောင် ၁ နာရီလောက် လိုပါတယ်။
(၅) Apple iPhone 6S Plus။ ။ 2750 mAh အားထိန်းနိုင်တဲ့ ဘက်ထရီ ထည့်ထားပါတယ်။ အမြန်အားသွင်း ပုံစံကို သုံးနိုင်အောင် ဖန်တီးထားခြင်း မရှိပါဘူး။ ၅ ဗို့ ဖြတ်စီးမယ့် 2-amp ကို သုံးထားပြီး 1-amp လို အားသွင်းစနစ် တွေနဲ့တော့ အဆင်မပြေပါဘူး။ ပုံမှန် အားသွင်းမှု အတိုင်း ဆိုရင် ၂ ရာခိုင်နှုန်းကနေ ဘက်ထရီ အား ၁၀၀ ရာခိုင်နှုန်း ပြည့်ဖို့ ၂ နာရီ လိုအပ်ပါတယ်။
ဆက်ပြီးတော့ အားသွင်းမှု အကူဖြစ်တဲ့ အားသွင်းခေါင်း အကြောင်း ပြောချင်ပါတယ်။ တကယ်လို့ သင့်ဖုန်းရဲ့ မူလ အားသွင်းခေါင်း ပျောက်သွားရင် တွေ့တဲ့ ခေါင်းကို ဝယ်ပြီး မသုံးပါနဲ့။ Aukey ဆိုတဲ့ အားသွင်းခေါင်း လာပါတယ်။ သူက Quick Charge 3.0 ကို သုံးပြီး ဖန်တီးထားတာပါ။ Android စနစ်သုံး ဖုန်းတွေ အတွက် အဆင်ပြေပါတယ်။ Aukey ခေါင်းနဲ့ LG G5 ကို အားပြည့်ဖို့ ၁ နာရီ ၂၉ မိနစ်၊ Galaxy S7 Edge ကို အားပြည့် ၁ နာရီ မိနစ် ၃၀ ပဲ လိုပါတယ်။ LG G5 ကို မိနစ် ၃၀ နဲ့ ၆၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်သလို S7 Edge ကို မိနစ် ၃၀ နဲ့ ရာခိုင်နှုန်း ၅၀ ရစေမှာပါ။ မူလ အားသွင်းခေါင်းလို အရည်အသွေး ရှိပါတယ်။
Ref: www.digitaltrends.com