ဒီတပတ်မှာ မော်တော်ကားတွေမှာ တပ်ဆင်ပါရှိတဲ့ စနစ်တခုဖြစ်တဲ့ Airbag လို့ ခေါ်တဲ့ အသက်ကယ်လေ အိတ်စနစ်အကြောင်းကို ကျနော်က ပြန်ပြီး ဝေမျှပေးချင်ပါတယ်။
ဒီစနစ်ကို အင်္ဂလိပ်ဘာသာနဲ့ အဓိပ္ပာယ်ဖွင့်ဆိုထားတာက စက်ပစ္စည်းဆိုင်ရာ ဘေးကင်းလုံခြုံရေးစနစ်ရယ်လို့ ဖြစ်ပြီး သူက သတ်မှတ်ထားတဲ့ အရှိန်နဲ့အထက် ရွေ့လျားနေတဲ့ စက်၊ ယာဉ်တခုကို ရုတ်တရက် ရပ်တန့်လိုက်တာမျိုး ဒါမှမဟုတ် ရပ် တန့်စေနိုင်လောက်အောင် တစုံတရာနဲ့ ဆောင့်မိတိုက်မိတာမျိုး ဖြစ်ပေါ်တဲ့အခါတွေမှာ အလိုအလျောက်စနစ်က စတင် အသက်ဝင်လှုပ်ရှားတော့မှာ ဖြစ်ပါတယ်။
သူ့ရဲ့စနစ်မှာ အလျော့အတင်း၊ အကွေးအဆန့် လုပ်နိုင်တဲ့လေအိတ်တွေကို အဓိက အခြေခံထားပြီး ထုတ်လုပ်ဖန်တီးထားတာ ဖြစ်ပါတယ်။
တကယ်လို့ အထက်မှာ ကျနော်ပြောခဲ့သလို စနစ်မှာ သတ်မှတ်ထားတဲ့အရှိန်နဲ့အထက် သွားလာမောင်းနှင်နေတဲ့ ကား တစီးဟာ ရုတ်တရက် ရပ်တန့်လိုက်ရပြီဆိုရင် အလိုအလျောက် လေအိတ်တွေ ပွင့်လာမှာ ဖြစ်သလို အဲဒီလေအိတ်တွေ ထဲကို ပြင်ပက လေတွေ ချက်ချင်း ဝင်ရောက် ပြည့်ဝသွားစေအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ အရှိန်ဆိုတာကလည်း စက် ဒါမှမဟုတ် မော်တော်ကားကို မောင်းနှင်နေသူအပါအဝင် လိုက်ပါနေသူတွေ အားလုံးအတွက် ရုတ်တရက် ရပ်တန့်လိုက်မှုကြောင့် ယာဉ်အတွင်းပိုင်းတစုံတရာနဲ့ ခိုက်မိ ဒဏ်ရာရစေနိုင်လောက်တဲ့ အရှိန် ဒါမှမဟုတ် ပြင်ပကို လွင့်စင်ခိုက်မိစေနိုင်လောက်တဲ့ ပျမ်းမျှအရှိန်ကို ဆိုလိုတာ ဖြစ်ပါတယ်။
ကနဦး အသက်ကယ်လေအိတ်စနစ်တွေက ယာဉ်မောင်းသူအတွက်လောက်သာ ထည့်သွင်းတည်ဆောက်ခဲ့ကြတာတွေ့ ရ ပေမယ့် နောက်ပိုင်းမှာတော့ ယာဉ်ပေါ်မှာပါရှိတဲ့ ခရီးသည်အကုန်လုံးအတွက် အသက်ကယ်လေအိတ်တလုံးစီ ဖြစ်စေ၊ စု ပေါင်းအသက်ကယ်လေအိတ်စနစ်တွေ ဖြစ်စေ သီးသန့်စီ တပ်ဆင်ထည့်သွင်းလာကြပါတယ်။
အဲဒီလို ယာဉ်တစီးမှာ အသက်ကယ်လေအိတ်စနစ်တွေ အများအပြား တပ်ဆင်လာကြတဲ့အခါ ပုံသေပုံစံ တပ်ဆင်တာမျိုး တွေဘဲ ကုမ္ပဏီ ကွဲပြားရင် ကွဲပြားသလို တပ်ဆင်တဲ့စနစ်၊ တပ်ဆင်တဲ့နေရာ အပါအဝင် အာရုံခံစနစ် အလုပ်လုပ်ပုံတွေ တောင်မှ ကွဲပြားတာ တွေ့ရတတ်ပါတယ်။
ဒါပေမယ့် တူညီစွာ လုပ်ဆောင်တတ်တဲ့အချက်တချက်တော့ ရှိပါတယ်။ အဲဒါကတော့ အသက်ကယ်လေအိတ်စနစ်တိုင်း ဟာ ရှေ့ဘက်တိုက်ခိုက် ရပ်တန့်မှုတွေအတွက်ပဲ ထုတ်လုပ်ထားတာ တွေ့ရခြင်း ဖြစ်ပါတယ်။
ခြွင်းချက်အနေနဲ့တော့ အချို့သောကားတွေမှာ ဘေးဘက် တိုက်ခိုက်ပျက်စီးမှုတွေအတွက်ပါ အသက်ကယ်လေအိတ်စ နစ်ကို တပ်ဆင်ထည့်သွင်းထားတာ တွေ့ရပါတယ်။
သူ့ရဲ့သမိုင်းကြောင်းကို ပြောပါဆိုရင်တော့ ၁၉၇၀ ပြည့်လွန်နှစ်တွေလောက်ကစပြီး ခရီးသည်တင်မော်တော်ယာဉ်တွေမှာ ဒီစနစ်ကို စတင် စမ်းသပ်တပ်ဆင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီးတော့ ပြီးပြည့်စုံတဲ့စနစ်အဖြစ်တော့ အသက်မဝင်ခဲ့ပါဘူး။
နောက်ပိုင်း ၁၉၈၀နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေ ရောက်မှ အသက်ကယ်လေအိတ်စနစ်တွေကားတွေမှာ တပ်ဆင်တာ ခေတ် စားလာပြီး အရင်ဆုံး တပ်ဆင်မှုတွေမှာ ပြောခဲ့ပြီးသလို ယာဉ်မောင်းတယောက်တည်းအတွက် အသက်ကယ်လေအိတ် စနစ် တပ်ဆင်ရာကနေ နောက်ပိုင်း ရှေ့ဘက်ထိုင်ခုံတတန်းစာ အသက်ကယ်လေအိတ်စနစ်တွေ တပ်ဆင်လာခဲ့ပါတယ်။
လက်ရှိ အချိန်ထိတော့ မော်ဒယ်မြင့်ကားတစီးအတွက် အသက်ကယ်လေအိတ်စနစ် တပ်ဆင်မှုတွေက အနည်းဆုံး လေ အိတ်လေးလုံးကနေ ပိုမို များပြားတဲ့ ပမာဏလောက်ထိအောင် မော်ဒယ်အပေါ်လိုက်ပြီး တပ်ဆင်လာတာ တွေ့ရပါတယ်။
အသက်ကယ် လေအိတ်စနစ် Airbag ရယ်လို့ သတ်သတ်မှတ်မှတ် မခေါ်သေးချိန်က ဒီစနစ်ကို အမည်နာမတွေ တော် တော်များများ ပေးပြီး ခေါ်ခဲ့ပါသေးတယ်။ အလွယ်ပြောရရင် General Motors က ၁၉၇၀ ပြည့်နှစ်မှာ ဖန်တီး ထုတ်လုပ်ခဲ့ တဲ့ သူ့ရဲ့ပထမဆုံး အသက်ကယ်လေအိတ်စနစ်ကို Air Cushion Restraint System (ACRS)လို့ ခေါ်ခဲ့သေးတာကိုပဲ ကြည့်ရင် သိနိုင်ပါတယ်။
ဒီစနစ်ဟာ ကိုယ်သိုင်းခါးပတ်ကြိုးစနစ်ရဲ့ နောက်မှ ပေါ်ထွက်လာတဲ့စနစ် ဖြစ်ပြီးတော့ ကြီးမားတဲ့ ယာဉ်မတော်တဆမှု ဖြစ်ပေါ်တဲ့ အခါတွေမှာ ကိုယ်သိုင်းခါးပတ်တွေရဲ့အထိန်းအသိမ်းလောက်နဲ့ မလုံလောက်တော့ဘူးဆိုတာကို သိလာတဲ့ နောက်ပိုင်း အာရုံခံစနစ်တခုနဲ့ ချိတ်ဆက် လုပ်ဆောင်နိုင်မယ့်စနစ်တခုကို ဖန်တီးရင်းကနေ ပေါ်ပေါက်လာတာ ဖြစ်ပါ တယ်။
နောက်ထပ် ဒီစနစ်ကို ဖန်တီးရခြင်းရဲ့နောက်ထက် ရည်ရွယ်ချက်တခုက ကိုယ်သိုင်းခါးပတ်ကြိုးတွေကို အစားထိုး တပ် ဆင်ဖို့ ဖြစ်ပြီး မော်တော်ယာဉ် မောင်းသူတိုင်းဟာ ကိုယ်သိုင်းခါးပတ်ပတ်ဖို့ မေ့လျော့ကြတာကြောင့်နဲ့ မပတ်ချင်ကြတာ တွေကြောင့် ဒီစနစ်နဲ့ အစားထိုးပြီး ကိုယ်သိုင်းခါးပတ်စနစ်ကို ဖယ်ထုတ်ဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် တကယ်တမ်း စမ်းသပ်လုပ်ဆောင်မှုတွေမှာ အသက်ကယ်လေအိတ်စနစ်ကလည်း ရာနှုန်းပြည့် ကောင်းမွန် အောင် ကာကွယ်နိုင်တဲ့ စနစ်တခု ဖြစ်မလာသေးသလို ကိုယ်သိုင်း ခါးပတ်စနစ်ကလည်း သူလိုလိုပါပဲ။ ဒါကြောင့် လက်ရှိ အချိန်အထိ အသက်ကယ်လေအိတ်စနစ်နဲ့ ကိုယ်သိုင်း ခါးပတ်စနစ်တွေက ကျွန်းကိုင်းမီ၊ ကိုင်းကျွန်းမီ ဖြစ်နေရသေးတာ ပါ။
နောက်ပိုင်းမှာ တပ်ဆင်လာတဲ့ အသက်ကယ်လေအိတ်စနစ်တွေက ဘယ်လောက်ထိအောင် များပြား စေ့စပ်လာလဲဆိုရင် မော်တော်ယာဉ်အတွင်းမှာ ထိုင်နေတဲ့ ခရီးသည် တယောက်အတွက် သွေးထွက်ဒဏ်ရာ တခုခုရစေနိုင်လောက်အောင် မာကျောတဲ့အရာတွေမှန်သျှကို ဖုံးလွှမ်းပေးထားနိုင်လောက်အောင်၊ ဒါမှမဟုတ် အဲဒီလို မာကျောတဲ့နေရာတွေဆီကို ခရီး သည် လွင့်စင်ရောက်ရှိ မသွားအောင် ထိန်းချုပ် ထားနိုင်လောက်အောင်ပါပဲ။
နောက်ဆုံး ကျနော် ပြောပြချင်တာကတော့ အဓိက အသက်ကယ်လေအိတ်စနစ်နှစ်မျိုး အကြောင်းပဲ ဖြစ်ပါတယ်။ သူတို့ ကတော့ Side Torso စနစ်နဲ့ Side Curtain စနစ်တွေ ဖြစ်ပါတယ်။ ပထမစနစ်ကို ပြောရရင် တင်ပါးဆုံရိုးနဲ့ ဝမ်းဗိုက် အောက်ပိုင်းလို နေရာတွေကို ထိခိုက်ဒဏ်ရာရခြင်းက ကာကွယ်ပေးနိုင်အောင် တပ်ဆင်တာ ဖြစ်ပြီးတော့ ဒီစနစ်မှာလေ အိတ်ခန်းနှစ်ခန်း ပါဝင်တာ တွေ့ရပါတယ်။
အောက်ဘက်လေအိတ်ခန်းကတော့ အနည်းငယ် မာကျောတင်းမာမှာ ဖြစ်ပြီး တင်ပါးဆုံရိုးကို ဖိညှပ်ထိန်းချုပ်ထားနိုင် အောင် ရည်ရွယ်တာကြောင့်ဖြစ်ပြီး အပေါ်ဘက်လေအိတ်ကတော့ ဝမ်းဗိုက်ပိုင်းကို ညှပ်ထားမှာ ဖြစ်တာကြောင့် နူးညံ့ ပျော့ပျောင်းပါလိမ့်မယ်။
ဒုတိယစနစ်ကတော့ ဦးခေါင်းပိုင်းဆိုင်ရာ အသက်ကယ်လေအိတ်စနစ်ဖြစ်ပြီးတော့ Head Protection System(HPS)ရဲ့ ပြီးပြည့်စုံတဲ့စနစ်ပါ။ ဒီစနစ်ရဲ့ ပုံစံက ပြွန်ပုံစံတည်ဆောက်ပုံ ရှိပြီးတော့ ဘေးဘက်ထိန်းချုပ်မှုပုံစံနဲ့လည်း တပ်ဆင်ထုတ်လုပ် တတ်တာ တွေ့ရပါတယ်။
နောက်ထပ် ထည့်သွင်းတပ်ဆင်တတ်သေးတဲ့ အသက်ကယ်လေအိတ်စနစ်တွေက Knee Airbag နဲ့ Rear Curtain Airbag တွေ ဖြစ်ပါတယ်။