ကမ္ဘာ့အီလက်ထရောနစ် အမှတ်တံဆိပ်တခုဖြစ်တဲ့ ကိုရီးယားအခြေစိုက် LG အီလက်ထရောနစ်မှ နောက်ဆုံးပေါ် နည်းပညာများနဲ့ ပြုလုပ်ထားတဲ့ ကုန်ပစ္စည်းများကို မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ နည်းပညာများ အသုံးပြုထားတယ်လို့ သိရပါတယ်။
LG အီလက်ထရောနစ် မြန်မာမှ လုပ်ဖော်ကိုင်ဖက်များ၊ လုပ်ငန်းရှင်များ၊ လက်ကားရောင်းဝယ်သူများနဲ့ အတူ “LG’s Valuable Night” ကို ရန်ကုန်မြို့ Melia ဟိုတယ်မှာ မေလ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာပါ။
“LG’s Valuable Night” ပွဲမှာ ၂၀၁၇ ခုနှစ် ထုတ်ကုန်ပစ္စည်းသစ်များအဖြစ် စမတ် ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ OLED တီဗွီများ၊ အလိုအလျောက် သန့်ရှင်းရေး ပြုလုပ်ပေးသည့် စက်ရုပ်များ စတဲ့ အီလက်ထရောနစ်ပစ္စည်းများ မိတ်ဆက်ခဲ့ပါတယ်။
“ကျနော်တို့ရဲ့ နောက်ဆုံးပေါ် နည်းပညာတွေက ကျေနပ်မှုပေးစွမ်းနိုင်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် ကိုက်ညီဖို့ သီးသန့်အထူးပြုလုပ်ထားပါတယ်။ LG ကထုတ်တဲ့ ခြင်ပြေးတီဗွီနဲ့ Air Con တွေက မြန်မာ နိုင်ငံရဲ့ ဈေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိအောင် အထူးပြုလုပ်ထားတဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်” လို့ LG အီလက်ထရောနစ်မှ မန်နေဂျင်း ဒါရိုက်တာ Mr.Park က ပြောပါတယ်။
မြန်မာနိုင်ငံမှ အိမ်အသုံးအဆောင် လျှပ်စစ်ပစ္စည်းများမှာ အင်ဗာတာနည်းပညာ တပ်ဆင်ထားတာ ဖြစ်ပြီး အဆိုပါ နည်းပညာဟာ လျှပ်စစ်မတည်ငြိမ်ဖြစ်မှုများကို ကာကွယ်ပေးပြီး စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးတယ်လို့ သိရပါတယ်။
“မီတာခတွေ ထပ်မံမြင့်တက်လာဖို့ရှိပြီး မီးအားမငြိမ်သက်မှုတွေလည်း ပိုများလာနိုင်တာမို့ အင်ဗာတာ နည်းပညာကို LG ထုတ်ကုန်တိုင်းမှာ ထည့်သွင်းထားတာက မြန်မာနိုင်ငံအတွက် ကျနော်တို့ရဲ့ ဦးစားပေး လုပ်ဆောင်မှုပဲ ဖြစ်ပါတယ်” လို့ Mr.Park က ဆိုပါတယ်။
LG အီလက်ထရောနစ်အနေနဲ့ မြန်မာနိုင်ငံတဝန်းက ဆေးရုံများနဲ့ပူးပေါင်းပြီး ဆေးရုံတွေမှာ ခြင်ပြေး နည်းပညာ အကူအညီနဲ့ ကူညီထားပြီး ခြင်ပြေးနည်းပညာ ပါဝင်တဲ့ တီဗွီနဲ့ လေအေးပေးစက်တွေကို ရန်ကုန်မြို့တွင်း၊ မြို့ပြင် အဖွဲ့အစည်းတွေမှာ လှူဒါန်းထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် LG မှ မြန်မာနိုင်ငံအတွက် ရေရှည်အကျိုးဖြစ်အောင် LG အကယ်ဒမီ သင်တန်းကျောင်း မကြာခင် ဖွင့်လှစ်သွားမှာဖြစ်ပြီး အဆိုပါ သင်တန်းကျောင်းမှာ မြန်မာနိုင်ငံတဝန်းမှ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို ကိုရီးယားနည်းပညာ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများက သင်ကြားပေးသွားမယ်လို့ သိရပါတယ်။
LG အီလက်ထရောနစ် ကုမ္ပဏီဟာ အီလက်ထရောနစ် ပစ္စည်းများ၊ မိုဘိုင်း ဆက်သွယ်ရေးနဲ့ အိမ်အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်တဲ့ ကမ္ဘာ့ဦးဆောင်နည်းပညာကုမ္ပဏီတခုဖြစ်ပါတယ်။