ကျပ်သန်းပေါင်း များစွာ ရင်းနှီးထားသော်လည်း အရှုံးပေါ်နေသည့် မြင်းခြံ သံမဏိစက်ရုံအပါအဝင် စက်ရုံပေါင်း ၂၄ ခု၏ မြေပြင် အခြေ အနေကို ကွင်းဆင်း၍ စုံစမ်းရေး အဖွဲ့ဖြင့် ယခုလအတွင်း စစ်ဆေးကာ ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်း၊ ရပ်ဆိုင်းခြင်းတို့ကို ဆောင်ရွက်ရန် ရှိကြောင်း ပြည်သူ့လွှတ်တော် ရင်းနှီးမြုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီထံမှ သိရသည်။
“အရှုံးပေါ်နေတာက အားလုံး ၂၄ ရုံ ရှိတယ်။ အဲဒါတွေ အားလုံးကို ယာယီ ရပ်ဆိုင်းထားတယ်။ ပြည်ထောင်စု လွှတ်တော်မှာ ၂၀၁၆-၁၇ ဘတ်ဂျက် ဆွေးနွေးရင်း ရပ်ခိုင်းထားတာ။ အဲဒီ စက်ရုံတွေကို မြေပြင် ကွင်းဆင်းစစ်ဖို့အတွက် အခု အချက်အလက်တွေ စုနေတယ်။ ကွင်းဆင်း စစ်ဆေးပြီးတော့ အစီရင်ခံစာ ပြန်တင်မယ်။ အဲဒီ အစီရင်ခံစာပေါ်မှာ ကြည့်ပြီးတော့ ဆက်လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ် မှာပေါ့”ဟု ယင်းကော်မတီဝင် ဦးအောင်ကျော်ကျော်ဦးက ပြောသည်။
စက်ရုံ ၂၄ ခုကို အဖွဲ့ ၂ ခုခွဲကာ နှစ်ဖွဲ့လုံးတွင် လွှတ်တော် ကော်မတီ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စက်မှု ဝန်ကြီးဌာနနှင့် UMFCCI မှ ကိုယ်စားလှယ်များ ပါဝင်ပြီး လုပ်ငန်း အကျိုးအမြတ်များကို ပြန်လည် သုံးသပ်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လှိုင်မြို့နယ် အမတ်လည်း ဖြစ်သူ ဦးအောင်ကျော်ကျော်ဦးက ပြောသည်။
ဦးအောင်ကျော်ကျော်ဦးက “Public Private Partnership -PPP လုပ်သင့်လား၊ Joint လုပ်သင့်လား၊ ပုဂ္ဂလိကကို လွှဲသင့်လားဆိုတာတွေ ကွင်းဆင်းကြည့်မှာပါ။
စိတ်ဝင်စားတဲ့သူတွေ လျှောက်နိုင် တယ်ဆိုပြီးတော့ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်တာတွေ လုပ်ထားတယ်။ လုပ်ချင်တဲ့သူရှိရင် အသေးစိတ် ဆွေးနွေးပြီးတော့ တချို့ဟာ တွေကို ပုဂ္ဂလိကကို လွှဲမယ်။ တချို့ဟာတွေကို Joint လုပ်မယ်။ ရပ်သင့်တာ ရပ်မယ်”ဟု ပြောသည်။
စက်တင်ဘာလထဲတွင် မြေပြင်သို့ ကွင်းဆင်းစစ်ဆေးမည် ဖြစ်ပြီး စစ်ဆေးမည့် စက်ရုံများထဲတွင် အကြီးမားဆုံးမှာ မြင်းခြံ သံမဏိ စက်ရုံ၊ ပင်းပက် စက်ရုံနှင့် သာဂရ ရှိ စက်ရုံတု့ိ ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများကို လုပ်ကိုင်လိုသူများ ရှိပါက ဆက်သွယ်နိုင်ကြောင်း ဖိတ်ခေါ်ထားသော်လည်း စိတ်ဝင်စားသူ နည်းပါးကြောင်း မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပေါခင်ကလည်း ပြောသည်။
ပြည်သူ့လွှတ်တော် ရင်းနှီးမြုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ ဦးပေါခင်က “ငွေကြေးများစွာ ရင်းနှီးမြုပ်နှံထားပြီးတော့ အရှုံးပေါ်နေတဲ့ မြင်းခြံက သံမဏိ စက်ရုံတို့ဆိုရင် ပိတ်လိုက်ရင် အကျိုးမရှိတော့ ဆက်လုပ်ရင် ဘယ်လို အားသာချက်၊ အားနည်းချက်တွေ ရှိမလည်း ဆိုတာကို ပြန်လည် စိစစ်မယ်၊ ညှိနှိုင်းမယ်ပေါ့နော်။ ဆက်လုပ်လို့ လုံးဝ အဆင်မပြေနိုင်တာမျိုးကတော့ ပိတ်တန် ပိတ်ရမှာပေါ့။ စိစစ်ပြီးတော့ ရေရှည်ကို ကြည့်ရမှာပေါ့”ဟု ပြောသည်။
အစိုးရ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အရှုံးပေါ်နေသည့် နိုင်ငံပိုင် စက်ရုံ ၃ ခုကို အစိုးရသစ် လက်ထက်တွင် ပုဂ္ဂလိကသို့ လွှဲပြောင်း လိုက်ပြီး ၁ ခုကို လုံး၀ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးကိုကိုလွင်က ၂၀၁၆ ခုနှစ် သြဂုတ်လက ပြုလုပ်သည့် အစိုးရ ရက် ၁၀၀ စီမံချက် သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီသို့ ပြောဆိုခဲ့ဖူးသည်။
ထိုအရှုံးပေါ်နေသည့် နိုင်ငံပိုင် စက်ရုံ ၃ ခုမှာ ကျောက်ဆည်မြို့နှင့် ပုသိမ်မြို့တို့မှ မှန်စက်ရုံ ၂ ခု၊ ကျောက်ဆည်မှ အကြီးစား မီးခံအုတ် ထုတ်သည့် စက်ရုံ ၁ ခု တို့ ဖြစ်ကြောင်း၊ သထုံမြို့နယ်မှ ရပ်ဆိုင်းလိုက်ရသည့် ကော့စတစ်ဆိုဒါ ဓာတုဗေဒ ပရောဂျက်မှာ မြန်မာ့ စီးပွား ရေး ဦးပိုင်လီမိတက်မှ စက်မှုဝန်ကြီးဌာနက လွှဲပြောင်း လက်ခံခဲ့ရသည့် လုပ်ငန်းတခု ဖြစ်ကြောင်း သိရသည်။
အထက်ပါ လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်း၊ ရပ်ဆိုင်းခြင်းများ ပြုလုပ်နိုင်ရန်အတွက် ပြည်ထောင်စု အဆင့်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် စီးပွားရေးကော်မတီသို့ တင်ပြ အတည်ပြုချက် ရယူရကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။
စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံပေါင်း ၁၀၃ ရုံတွင် ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်မှု ၅၉ ရုံ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ၁ ရုံ၊ ဖက်စပ် ၂ ရုံနှင့် ငှားရမ်းထားသည့် စက်ရုံ ၅၆ ရုံ ရှိကြောင်း၊ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ဆေးဝါး လုပ်ငန်းကိုမူ နိုင်ငံတော်ပိုင် အဖြစ်သာ ဆက်လက် လုပ်ကိုင်သွားမည်ဟု သိရသည်။