COVID-19 ရောဂါဖြစ်ပွားနေခြင်းကြောင့် မြန်မာနိုင်ငံရှိ စက်ရုံအချို့ ပိတ်သိမ်းပြီး အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်နေရသည့်အပေါ် အစိုးရက စနစ်တကျ စိစစ်စီမံပေးရန် ယနေ့ မန္တလေးမြို့တွင် မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ဦးဆောင်ကာ အလုပ်သမား ၁ထောင်ခန့်ချီတက် တောင်းဆိုသည်။
ဆန္ဒထုတ်ဖော်တောင်းဆိုရာတွင် လူနေမှုဘဝနှင့် ကိုက်ညီသော လုပ်ခလစာ ရရှိရေး၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စက်ရုံ များပိတ်သိမ်းနေခြင်းကို စနစ်တကျ စိစစ်ပေးရေး၊ အလုပ်သမားတရားရုံး အမြန်ဆုံး ပေါ်ပေါက်ရေး၊ အနည်းဆုံးလုပ်ခ လစာကို တနှစ်လျှင်တကြိမ် ပြင်ဆင်သတ်မှတ်ပေးရေး၊ ILO ပြဋ္ဌာန်းချက် အမှတ် ၉၈ ကို အစိုးရမှ လက်မှတ်ထိုးပေး ရေး၊ ဘေးအန္တရာယ်ကင်းသော လုံခြုံစိတ်ချသည့် လုပ်ငန်းခွင် ဖြစ်ပေါ်ရေးစသည့် အချက်၆ချက်ကို တောင်းဆိုခဲ့ကြ ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုသက်နှင်းအောင်က “ကိုရိုနာကြောင့် ကုန်ကြမ်းတွေ ပြတ်လို့ စက်ရုံတွေ ပိတ်တယ်ဆိုရင်လည်း တခြားနိုင်ငံတွေ ကနေ ကုန်ကြမ်းတွေ တင်သွင်းနိုင်အောင် လုပ်ပေးဖို့လိုပါတယ်။ စက်ရုံတွေ ပိတ်သိမ်းမယ်ဆိုရင်လည်း စနစ်တကျ စိစစ်ပြီးမှ ခွင့်ပြုပေး စေချင်ပါတယ်၊ ဒါကို အစိုးကနေ စနစ်တကျ စီမံပေးဖို့လိုပါတယ်” ဟု ပြောသည်။
ဆန္ဒဖော်ထုတ်ခြင်းကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၁လမ်း ကျန်စစ်သားလမ်းမှ ဒုတိယအကြိမ် အလုပ်သမား ညီလာခံကို ကျင်းပမည့် စက်မှုဇုန် ကနောင်ခန်းမအထိ ချီတက်လမ်းလျှောက်ခဲ့ခြင်း ဖြစ်သည်။
“အခုဆိုရင် စက်ရုံအချို့ ပိတ်သိမ်းမှုတွေရှိနေပေမယ့် အစိုးရက ဘာမှဆောင်ရွက်ပေးတာမရှိဘူး၊ လောလောဆယ် မန္တလေးမှာ စက်ရုံတရုံ ပိတ်သိမ်းခဲ့တာရှိတယ်၊ ဒါကြောင့် ကျနော်တို့ အခုလိုလမ်လျှောက်ချီတက် ဆန္ဒထုတ်ဖော်ရ တာ”ဟု ကိုသက်နှင်းအောင်က ဆက်လက်ပြောသည်။
လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ် COVID-19 ရောဂါဖြစ်ပွားမှု ဂယက်ကြောင့် ကုန်ကြမ်းပြတ်လပ်မှုရှိ နေသည်ဟု ဆိုကာ စက်ရုံများပိတ်သိမ်းနေသော်လည်း အစိုးရက ကူညီဆောင်ရွက်ပေးခြင်းနှင့် စိစစ်ခြင်းများ ပြုလုပ်ပေးမှုမရှိဟု အလုပ်သမားများက ပြောသည်။
“အခုဆိုရင် စက်ရုံပိတ်သိမ်းတာတွေရှိနေတယ်၊ ထပ်ပြီးပိတ်မယ်ဆိုရင် အလုပ်သမားတွေ အခက်အခဲဖြစ်မှာပါ။ လက်ရှိလည်း ရန်ကုန်မှာ စက်ရုံတွေပိတ်လို့ မန္တလေးကို ပြန်လာကြပြီး အလုပ်ဝင်လုပ်နေကြတယ်။ ဒါကြောင့် အလုပ်သမားများပြီး အလုပ်နည်းနေတယ်။ အစိုးရအနေနဲ့ကုန်ကြမ်းရဖို့ ကူညီပေးဖို့ လိုပါတယ်၊အစိုးရအနေနဲ့က စက်ရုံတွေကုန်ကြမ်းပြတ်နေတာ၊ ပိတ်နေတာတွေကို ကူညီပေးတာမတွေ့ရပါဘူး”ဟုအလုပ်သမား သမဂ္ဂမှ ကိုမင်းသက်ထွေးက ပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် မန္တလေးတိုင်းတွင် စက်ရုံများပိတ်သိမ်းမှုရှိနေရာ မန္တလေးတွင် ပိတ်သိမ်းခဲ့သော စက်ရုံမှာ သိပ္ပံလမ်းပေါ်ရှိ ကျောက်စိမ်းလုပ်ငန်းစက်ရုံတစ်ခု ဖြစ်ကြောင်း သိရသည်။
ယနေ့ မတ်လ(၈)ရက်တွင် မြန်မာနိုင်ငံ စက်မှုလက်မူနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ညီလာခံကိုလည်း စက်မှုဇုန် ကနောင်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးအောင်ကြည် တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ညီလာခံတွင် အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်များ အသစ်ရွေးချယ်ခြင်း၊ အသင်းဖွဲ့စည်းပုံများနှင့်ပတ်သက်၍ ဆွေးနွေခဲ့ကြကြောင်းသိရသည်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်ကြောင့် အာရှလေကြောင်းလိုင်းများ ဆိုးရွားစွာ အထိနာ
လက်ပံတောင်း စီမံကိန်း မြေယာ လျော်ကြေး တိုးပေးရန် မရှိဟု ကာကွယ်ရေး ဒု ဝန်ကြီးပြော
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပုသိမ်၌ဖွင့်မည့် စက်ရုံ ၂ ရုံ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း