စမတ်ဖုန်း၊ တက်ဘလက်တွေကို အကြမ်းခံမှု စစ်ဆေးရာမှာ နာမည်ကြီးတဲ့ JerryRigEverything ရဲ့ iPad Pro စစ်ဆေးမှု ဗီဒီယို ထွက်ပေါ်လာပါပြီ။ ဗီဒီယိုထဲမှာ Apple ရဲ့ iPad Pro ကို အလွယ်တကူ ကွေးချိုးပြထားတာ တွေ့ရမှာပါ။
“JerryRigEverything” Channel တည်ထောင်သူ Zack Nelson ဟာ iPad Pro ကို ပုံမှန်အတိုင်း ခြစ်ရာထင်၊ မထင် စမ်းသပ်ကြည့်ရာမှာ ရလဒ် ကောင်းမွန်တာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ အလွယ်တကူ ကွေးညွတ်နိုင်မှု ရှိ၊ မရှိ စမ်းသပ်ကြည့်ရာမှာတော့ Apple ရဲ့ iPad Pro ကို စက္ကူ တရွက်လို အလွယ်တကူ ချိုးကွေးနိုင်ခဲ့ပါတယ်။
အရွယ်အစားကြီးမားတဲ့ တက်ဘလက်တွေဟာ ကျစ်လျစ်မှု ရှိတဲ့ စမတ်ဖုန်းတွေထက် ပိုမို ကွေးညွတ်နိုင်တယ် ဆိုပေမယ့် အားတောင်စိုက်စရာ မလိုဘဲ အလွယ်တကူ ချိုးလို့ရတာကတော့ သတိထားစရာပါ။ တန်ဖိုးကြီး တက်ဘလက်တလုံး ဖြစ်နေတဲ့အတွက် ပိုဆိုးပါတယ်။ ပစ္စည်း အရည်အသွေး ဒီထက်ကောင်းဖို့ပဲ မျှော်လင့်ထားကြမှာပါ။
iPad Pro အသစ်ရဲ့ ယခု ပြဿနာကို အွန်လိုင်းဖိုရမ် အများအပြားမှာလည်း ဆွေးနွေးနေကြပါတယ်။ အသုံးပြုသူ တယောက်က iPad Pro ကို ကျောပိုးအိတ်ထဲ တပတ်လောက် ထည့်ပြီး ခရီးသွားရာမှာ သိသိသာသာ ကွေးညွတ်သွားခဲ့ကြောင်း Macrumors မှာ ရေးသား ထားပါတယ်။
တချို့ အသုံးပြုသူတွေကတော့ ဘူးထဲက ထုတ်ထုတ်ချင်းမှာတင် iPad Pro တွေ ကွေးနေတာ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ Nelson စမ်းသပ်ခဲ့တဲ့ မော်ဒယ်ဟာ iPad Pro ၁၁ လက်မ မော်ဒယ်အသစ် ဖြစ်ပါတယ်။
၁၁ လက်မ မော်ဒယ်ကို အလွယ်တကူ ချိုးကွေးပစ်နိုင်တာကြည့်ရင် ၁၂ ဒဿမ ၉ လက်မ iPad Pro လည်း ဒီအတိုင်းပဲ ဖြစ်ပါလိမ့်မယ်။ Nelson ကတော့ ယခု iPad Pro အသစ်ဟာ ကျစ်လျစ်ခိုင်မြဲမှု လုံးဝ မရှိကြောင်း ဝေဖန်ထားပါတယ်။
iPad Pro ကို ကျောပိုးအိတ်ထဲ ထည့်သွားမယ်ဆိုရင် ကြီးမားလေးလံတဲ့ ပစ္စည်းတွေနဲ့ အတူတူ မထည့်သွားဖို့၊ မတော်တဆ ထိုင်မချမိဖို့ သတိထားသင့်ပါတယ်။ ကေ့စ်ကတော့ iPad Pro ဘယ်မော်ဒယ် ကိုင်သူမဆို မဖြစ်မနေ တပ်ထားသင့်ပါတယ်။
Ref: TechSpot