IT

လိပ်သိမ်းနိုင်တဲ့ OLED TV ကို LG ပြသ

ပြီးခဲ့တဲ့နှစ် CES ပွဲမှာ LG Display က ပြသခဲ့တဲ့ လိပ်သိမ်းနိုင်သည့် ၆၅ လက်မ TV ရှေ့ပြေးမော်ဒယ်ကို ယခုနှစ်အတွင်း အမှန်တကယ် ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။
LG Electronics ဟာ အဆိုပါ TV ကို ယခုနှစ် CES ပွဲကို ပြန်လည် ယူဆောင်လာခဲ့ပြီး Signature OLED TV R အမည်နဲ့ စတင် ရောင်းချသွားတော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အောက်ခြေကိုယ်ထည်မှာ ၁၀၀ ဝပ်အား Dolby Atmos စပီကာ ပါဝင်လာတာကလွဲရင် LG Signature OLED TV R ဟာ ယခင်နှစ် ရှေ့ပြေးမော်ဒယ်နဲ့ ဒီဇိုင်းဆင်တူပါတယ်။
တီဗီတွေ အရွယ်အစားကြီးမားလာတာနဲ့အမျှ ဧည့်ခန်းအတွင်းမှာ ထားရှိဖို့ကိုလည်း တော်တော်စဉ်းစားလာရပါတယ်။ ဒါကို ရိပ်မိတဲ့ တီဗီထုတ်လုပ်သူကုမ္ပဏီတွေကလည်း တီဗီတွေကို အနက်ရောင်လေးထောင့် ပုံကြီးအစား လှပတဲ့ဒီဇိုင်းတွေအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားလာကြပါတယ်။
နံရံမှာ ချိတ်ထားနိုင်တဲ့ Wallpaper TV တွေ၊ ပရိဘောဂပစ္စည်းပုံစံ Samsung Serif TV တွေဟာ တီဗီကို ဧည့်ခန်းမှာ ထားချင်စဖွယ်ဖြစ်အောင် ကြိုးစားမှုရလဒ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမော်ဒယ်တွေဟာ ဒီဇိုင်းလှလာပေမယ့် တီဗီကိုယ်ထည်ကတော့ ဧည့်ခန်းမှာ အမြဲရှိနေဦးမှာပါ။
LG ရဲ့ ယခု Signature OLED TV R ကတော့ တီဗီ ကိုယ်ထည်ကို အသုံးမလိုတဲ့အခါ လုံးဝဖျောက်ပစ်ထားနိုင်ဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ သာမန် ၆၄ လက်မ တီဗီပုံစံအတိုင်း ဖြစ်ပေမယ့် ထူးခြားချက်က ခလုတ်တချက် နှိပ်လိုက်ရုံနဲ့ တီဗီမျက်နှာပြင်က အောက်ခြေကိုယ်ထည်အတွင်း ညှင်သာစွာ လိပ်ဝင်သွားမှာပါ။
အိမ်သာသုံးစက္ကူလိပ် သဘောတရားနဲ့ ဆင်ပါတယ်။ ကြည့်ချင်ရင် ခလုတ်တချက် နှိပ်လိုက်ရုံနဲ့ ၁၀ စက္ကန့်အတွင်း ပြန်ထွက်လာမှာဖြစ်ပါတယ်။ တီဗီလိပ်သိမ်းတဲ့အသံကလည်း ညှင်သာမှုရှိတယ်လို့ LG က ဆိုပါတယ်။
အောက်ခြေကိုယ်ထည်က အကြည်မဟုတ်တဲ့အတွက် တီဗီမျက်နှာပြင် လိပ်သိမ်းတဲ့ပုံစံကိုတော့ မြင်ရမှာ မဟုတ်ပါဘူး။ LG ရဲ့ အဆိုအရ အခေါက်ပေါင်း ၅ သောင်းကျော်အထိ ကောင်းမွန်စွာ လိပ်သိမ်းမှုလုပ်နိုင်တယ်လို့ သိရပါတယ်။
ရုပ်ရှင်၊ ဗီဒီယိုမကြည့်ဘဲ သီချင်းပဲ ဖွင့်ချင်တဲ့အခါမျိုးမှာလည်း LG Signature OLED TV R ရဲ့ မျက်နှာပြင်ကို လေးပုံတပုံလောက်ပဲ အပြင်ထုတ်ထားနိုင်ပါတယ်။ သီချင်းအထိန်းအချုပ်ခလုတ်နဲ့ အိမ်သုံးစမတ်ပစ္စည်း ထိန်းချုပ်မှုတို့ကိုပဲ ဖော်ပြပေးထားမှာပါ။
လိပ်သိမ်းနိုင်တဲ့ OLED Display အပျော့မျိုး ဖြစ်ပေမယ့် ရုပ်ထွက်အရည်အသွေးကတော့ တခြား LG 4K OLED တီဗီ အမာတွေအတိုင်း ဖြစ်တယ်လို့ သိရပါတယ်။ Alpha 2 ပရိုဆက်ဆာ အသုံးပြုထားကာ၊ LG ရဲ့ WebOS နဲ့ ဖြစ်ပါတယ်။ Amazon ရဲ့ Alexa စနစ်ကော Google Assistant စနစ်တို့ပါ ပါဝင်လာပါတယ်။ ဒါ့အပြင် Apple ရဲ့ AirPlay 2 လည်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
LG Signature OLED TV R ရဲ့ ဈေးနှုန်းကိုတော့ မသတ်မှတ်ရသေးပါဘူး။ ကြီးမားတဲ့ မျက်နှာပြင်နဲ့ ရုပ်ရှင်အရသာ အပြည့် ကြည့်ချင်ပေမယ့်လည်း ဧည့်ခန်းထဲ အမြဲမထားချင်တဲ့ လူတွေ သဘောကျမှာပါ။ ၂၀၁၉ ဒုတိယ နှစ်ဝက်အတွင်း ရောင်းချမယ်လို့ LG က ပြောကြားခဲ့ပါတယ်။
Ref: The Verge, Engadget
Loading