မေလ ၁ ရက်နေ့ အလုပ်သမားနေ့တွင် ကျင်းပသည့် နွမ်းပါးသည့် ကလေးငယ်များ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးခြင်း အားသစ်လောင်း အစီအစဉ်တွင် မစ္စ မြန်မာ နန်းခင်ဇေယျာ ပါဝင်ကူညီခဲ့ကြောင်း သိရသည်။
ယင်းအစီအစဉ်ကို ဂရုဏာ လူမှု မြှင့်တင်ရေးအဖွဲ့မှ ဦးစီးကျင်းပပြီး မေ ၁ ရက်နေ့က ပြည်သူ့ရင်ပြင်၌ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်မှ ပရဟိတဂေဟာ ၁၂ ခုနှင့် ဆင်းရဲနွမ်းပါး ကလေးငယ် ၁၃၅၀ ဦးတို့ ပါဝင်ခဲ့ကြောင်း နန်းခင်ဇေယျာက ပြောသည်။
“အဓိကက ကလေးတွေ ရင်ထဲမှာ ရှိနေတဲ့ သိမ်ငယ်စိတ်တွေပျောက်ဖို့ အားပေးစကားပြောတယ်။ ကလေးတွေနဲ့ အတူတူ ဂိမ်းကစားခဲ့တယ်။ စုစုပေါင်းကလေး ၁၅၀၀ ကျော်လောက် ရှိမယ်” ဟု သူက ဆိုသည်။
ဤပွဲအတွက် ပါဝင်ကူညီပေးရန် နန်းခင်ဇေယျာကို လွန်ခဲ့သည့် ၃ လခန့်ကတည်းက ပြောထားခဲ့ကြောင်း၊ ဉာဏ်ရည် မြှင့်တင်ရေး မေးခွန်းများ မေးရာတွင် ကလေးများ၏ ကြောက်စိတ်ကို ဖျောက်ရန်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရန်
စီစဉ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“အနာဂတ်ရဲ့ ကြယ်ပွင့်တွေဖြစ်တဲ့ ကလေးတွေ လမ်းစမပျောက်ဖို့ အရေးကြီးပါတယ်။ သူတို့က အရမ်းလည်း အပြစ်ကင်းစင်တယ်။ ဒါကြောင့် ဒီပွဲလေးကို လာဖြစ်တာပါ” ဟု နန်းခင်ဇေယျာက ဧရာဝတီသို့ ပြောသည်။
ဂရုဏာ လူမှုမြှင့်တင်ရေး အဖွဲ့သည် ကလေးငယ်များ၏ ပညာရေးကို အဓိက ဦးစားပေး ဆောင်ရွက်နေသော အဖွဲ့တဖွဲ့ ဖြစ်ပြီး လှိုင်သာယာ၊ လှည်းကူး၊ လှော်ကား၊ ဒလ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရွှေပြည်သာ စသော ရန်ကုန်မြို့ အစွန်အဖျားမှ ကလေးငယ်များကို သက်ဆိုင်ရာ ဒေသန္တရ ဦးစီးမှူးများ အကူအညီဖြင့် ခေါ်ယူခဲ့ကြောင်း၊တေးဂီတ အစီအစဉ်များလည်း ပါဝင်ခဲ့ပြီး တေးသံရှင် ကောင်းကောင်း၊ သားစိုးနှင့် အနုပညာရှင်များက တေးသီချင်းများ ဖျော်ဖြေခဲ့ကြောင်း၊ အလှူငွေ များလည်း လက်ခံရရှိခဲ့ကြောင်း ဂရုဏာလူမှု မြှင့်တင်ရေးအဖွဲ့ ဦးဆောင်သူ တဦးဖြစ်သည့် ဦးဂီဒီယန်ထူးထံမှ သိရသည်။
“နွမ်းပါးအားငယ်နေတဲ့ ကလေးတွေ ပညာအားနည်းပြီး ပညာလိုက်စားဖို့၊ အခွင့်အရေးအားနည်းတဲ့ ကလေးတွေကို ကျနော်တို့ လူမှုအဖွဲ့အစည်းတွေ ကနေ ကြိုးစားပြီး လိုအပ်တာ ကူညီပေးဖို့ လုပ်နေတာပါ။ စာမတတ်ရင် တိုင်းပြည် အတွက်လည်း ဆိုးဝါးတဲ့ ဆူးညှောင့်ခလုတ်တွေ မဖြစ်သွားဘူးလို့ မပြောနိုင်ဘူး” ဟု ဦးဂီဒီယန်ထူးက ပြောသည်။
ကလေးတိုင်း စာတတ်စေရန် ဤကဲ့သို့သော အစီအစဉ်များ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း၊ မိဘများက ကျန်းမာရေး မကောင်းမွန်သည့် ကလေးများ၊ အထက်တန်းလွန် ပညာရေး ဆက်တက်ချင်သော်လည်း မတတ်နိုင်သည့် ကလေးများ ကျောင်းဆက်တက် ချင်ပါက ၎င်းတို့နှင့် ဆက်သွယ်လျှင် ဆက်လက် လုပ်ဆောင်ပေးရန် ရည်ရွယ်ချက်ရှိကြောင်း ၎င်းက ဆိုသည်။
“အခုထိတော့ မူလတန်းနဲ့ အလယ်တန်းကို တာဝန်ယူပေးနေပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။
၁၂ ဖွဲ့မျှ ပြန့်ကဲျနေသော ဂရုဏာလူမှု မြှင့်တင်ရေးအဖွဲ့ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း၊ မီဒီယာနှင့် အနုပညာရှင်များ၊ တာဝန်ရှိသူများ၊ အောက်ခြေ လူတန်းစားများ ပါဝင် စုပေါင်းမှသာ ဒုစရိုက်များ လျော့ပါးပြီး တိုင်းပြည်လည်း ကောင်းစားမည်ဟု ထင်မြင်ကြောင်း ဦးဂီဒီယန်ထူးက မှတ်ချက်ပြုသည်။
ပြည်သူ့ဥယျာဉ် ကစားကွင်းကလည်း ၎င်းပွဲအတွက် လာရောက်သည့် ကလေးငယ်များအတွက် ဝင်ကြေး၊ ကစားခွင့် လက်မှတ်ကြေးတို့ကို ၅၀ ရာခိုင်နှုန်း လျှော့ပေးခဲ့ကြောင်း နန်းခင်ဇေယျာထံမှ သိရသည်။