“ယောကျ်ားမှာ ဆီး၊ မိန်းမမှာ မီး” ဆိုတဲ့ မြန်မာ ဆိုရိုးစကား ရှိပါတယ်။ တနည်းအားဖြင့် “ယောက်ျားမှာ သေး၊ မိန်းမမှာ သွေး” ပါ။ ဆိုလိုတာက ယောက်ျားတွေ အတွက် ဆီးနဲ့ပတ်သက်တဲ့ ရောဂါကို အလေးထားရမှာ ဖြစ်သလို မိန်းမတွေ အတွက်တော့ သွေးနဲ့ ပတ်သက်တဲ့ ရောဂါကို အလေးဂရုပြုဖို့ သတိပေးထားတာပါ။
သို့ပေမယ့် ရာသီဥတု အကူးအပြောင်း ကာလနဲ့ နွေရာသီတွေမှာ ကျား၊ မ မရွေး ဆီးဖင့် ဆီးအောင့် ဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ချိန်မှာ ဆီးအရောင်က တမျိုး ပြောင်းသွား လေ့ရှိတာကြောင့် အရောင် ပြောင်းသွားတဲ့ဆီးက မိန်းမယောက်ျား အားလုံးရဲ့ ကျန်းမာရေးနဲ့ ဘယ်လို ဆက်စပ်နေတယ် ဆိုတာ တင်ပြလိုက်ပါတယ်။
ဆီးသွားတယ် ဆိုတာ သင့်ခန္ဓာကိုယ်က မလိုအပ်တဲ့ အညစ်အကြေးတွေကို ပြန်လည်စွန့်ထုတ်ပေးတာ ဖြစ်ပါတယ်။ ဆီးသွားဖို့ ကျောက်ကပ်က အဓိက လုပ်ဆောင်ပေးတယ်။ စားတဲ့ အစားအစာ၊ သောက်တဲ့ ရေအပါအဝင် အရည်အမျိုးမျိုးက ဆီးသွားတဲ့အခါ အရောင်တွေ ပြောင်းစေသလို အနံ့အသက်တွေလည်း ထွက်စေပါတယ်။ ဥပမာ တညင်းသီး၊ ဒူးရင်းသီးစားတဲ့ အခါ ဆီးအနံ့က အလွန်ဆိုးတာမျိုးပေါ့။
ကြည်လင်ပြီး အဝါဘက် နည်းနည်းသန်းတဲ့ ဆီးအရောင်
သင့် ဆီးက ဒီလို အရောင်ရှိနေရင်တော့ ကျန်းမာရေး ကောင်းတဲ့ သဘောကို ပြပါသတဲ့။ အနယ်အနှစ် မရှိဘဲ ရေဓာတ် အပြည့်ရတဲ့ သဘောဖြစ်ပြီး သင့်ခန္ဓာကိုယ်ရဲ့ ဆီးစွန့်ပစ်မှု လုပ်ငန်း ပုံမှန်ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။
အဝါရောင်ရှိတဲ့ ဆီးအရောင်
သင့် ဆီးအရောင်က အဝါရောင်ဖြစ်နေတယ် ဆိုရင်တော့ ခန္ဓာကိုယ်မှာ ရေဓာတ် ပါဝင်မှု ထိန်းညှိမှု အားမကောင်း ဖြစ်နေပြီလို့ အချက်ပေးတဲ့ သဘောပါ။ တခါတရံမှာတော့ ချွေးထွက်များတဲ့ အခါ ဒါမှမဟုတ် ရေသောက်သုံးမှု နည်းတဲ့ အခါတွေမှာလည်း ဆီးက အဝါရောင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ရေနဲ့ အရည်များများပါတဲ့ အစားအသောက်တွေ အသီးအနှံတွေ စားသောက်ဖို့ သတိပေးတာပါ။
ညိုဝါရောင် သို့မဟုတ် အညိုရောင် ဆီး
ဆေးဝါးကုသမှု ခံယူနေရချိန် ဒါမှမဟုတ် ဆေးဝါးတွေ သောက်နေရတဲ့ အခါမျိုးမှာ သင့် ဆီးအရောင်က ညိုဝါရောင် သို့မဟုတ် အညိုရောင် ဖြစ်နေတတ်ပါတယ်။ တကယ်လို့ ဆေးတွေ သောက်ရ ဓာတ်စာတွေ စားရတာမျိုး မဟုတ်ဘဲ သင့်ဆီး အရာင်က အဲဒီလို ဖြစ်နေတယ် ဆိုရင်တော့ သင့် ခန္ဓာကိုယ်ရဲ့ အသည်းပြဿနာကို မီးမောင်းထိုးပြတာပါ။ ဒါကြောင့် အသည်းကို အားကောင်းစေတဲ့ အစားအစာတွေ စားသုံးသင့်ပါတယ်။
ဖြူနောက်နောက်အရောင်ဖြစ်နေတဲ့ ဆီး
သင့်ရဲ့ ဆီးက ဖြူနောက်နောက် အရောင် ဖြစ်နေရင်တော့ ဆီးလမ်းကြောင်းမှ ဘက်တီးရီးယားတွေ များပြားနေတာကို ပြတယ်၊ ဆီးလမ်းကြောင်း ဆိုင်ရာ ရောဂါကူးစက်ခံနေရတာကို ပြတယ်၊ ကျောက်ကပ်မှာ ကျောက်တည်နေတာကို ပြတယ် လို့ ဆိုပါတယ်။ တကယ်လို့ သင့်ဆီးအရောင်က ဖြူနောက်နောက် အရောင်ကို ရုတ်တရက် ပြောင်းသွားတာမျိုး ဆိုရင်တော့ ကျွမ်းသူဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြီး ကျန်းမာရေး စစ်ဆေးမှုခံယူပါလို့ အကြံပေးပါရစေ။
အနီရောင် သို့မဟုတ် ပန်းရောင်
သင့်ရဲ့ ဆီးက အနီရောင် ဒါမှမဟုတ် ပန်းရောင်ကို ပြောင်းသွားတာလည်း ကြုံရနိုင်ပါတယ်။ အနီရောင်ဆိုးထားတဲ့ အစားအစာတွေ၊ ဒါမှမဟုတ် မုန်လာဦနီလို ဘယ်ရီသီးတွေလို စားသောက်ထားရင်လည်း ဆီးက အနီရောင် သို့မဟုတ် ပန်းရောင်ကို ပြောင်းတတ်ပါတယ်။
တကယ်လို့ အဲဒီလို အစားအစာတွေ မစားထားဘဲ ဆီးက နီနေမယ် ပန်းရောင် ပြောင်းနေမယ် ဆိုရင်တော့ ဆီးထဲမှာ သွေးတွေ ရောနှောနေပြီလို့ အချက်ပေးတာပဲ။ ဆီးလမ်းကြောင်း ဆိုင်ရာ စနစ် ပျက်ယွင်းတာ၊ ကျောက်ကပ်မှာ ကျောက်တည်တာ၊ ဒါမှမဟုတ် အပြင်းအထန် လေ့ကျင့်ခန်း လုပ်တာတွေက သွေးနီဆဲလ်တွေကို ထိခိုက်စေပြီး ဆီးထဲကို သွေးတွေ ပါလာပြီး ဒီလို အရောင်းပြောင်းသွားတာပဲ။ သက်ဆိုင်ရာ ဆရာဝန်နဲ့ မဖြစ်မနေ ပြသဖို့ အမြန်စီစဉ်ဖို့ လိုနေပါပြီ။
လိမ္မော်ရောင်ဆီး
ဆေးဝါး သောက်သုံးတာကလည်း သင့်ရဲ့ ဆီးအရောင်ကို အဝါသန်းပြီး လိမ္မော်ရောင် ဖြစ်စေနိုင်ပါတယ်။ ဥပမာ ဘားပလက် အားဆေး၊ အင်နာဗွန်စီ ဆေးတွေ သောက်တဲ့ အခါ ဆီးက လိမ္မော်ရောင် ဖြစ်နေတာ သတိပြုမိကြမှာပါ။ မုံလာဥနီတွေ၊ ဒါမှမဟုတ် မုံလာဥနီ ဖျော်ရည်ကို သောက်သုံးရင်လည်း ဆီးကို အခုလို အရောင်ပြောင်းစေပါတယ်။
အပြာရောင် သို့မဟုတ် အစိမ်းရောင် ဆီး
ဒီလို အပြာရောင် သို့မဟုတ် အစိမ်းရောင် ဖြစ်နေတဲ့ ဆီးက သင်အရင်နေ့တွေက စားခဲ့သောက်ခဲ့တဲ့ အစားအသောက် တွေကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။ ဒါပေမယ့် မျိုးရိုးလိုက်တဲ့ ရောဂါရှိနေရင်လည်း ဆီးတွေက ဒီလို အပြာရောင် သို့မဟုတ် အစိမ်းရောင် ရှိနေတတ်ပါတယ်။
ဆီးကို အရောင်ပြောင်းစေတာတွေ
သင် စားသုံးတဲ့ အစားအသောက်တွေက သင့်ရဲ့ ဆီးကို အရောင်ပြောင်းစေပါတယ်။ ဆေးဝါးများ သောက်သုံးနေရခြင်း၊ ဓာတုကုထုံး ဆေးဝါးသုံးစွဲခြင်း၊ ဝမ်းနုတ်ဆေး သုံးခြင်းနဲ့ အရောင်ဆိုးထားတဲ့ အစားအသောက်တွေ စားသောက်ခြင်းတွေက ဆီးအရောင်ကို ပြောင်းစေတာပါပဲ။
ဆီးစစ်ဆေးမှု ခံယူပါ
တကယ်လို့ ဆီးအရောင် ပုံမှန်မဟုတ်ဘဲ အရောင်မျိုးမျိုး ပြောင်းသွားတာကို နေ့စဉ် နံနက်ခင်း အိပ်ရာက နိုးပြီး ပထမဆုံး ဆီး စသွားတိုင်း သတိပြု စောင့်ကြည့်သင့်ပါတယ်။ ထူးခြားမှုရှိနေရင်၊ သံသယ ရှိနေရင် ဆီး စစ်ဆေးမှု ခံယူသင့်ပါတယ်။
Ref: onlymyhealth