Entertainment

"အများစုက ရေရှည် လက်မတွဲနိုင်သလို ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်တဲ့ ဒဏ်ကို မခံနိုင်ကြဘူး"

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှာ လက်ချိုးရေလို့ရတဲ့ လိင်ပြောင်းခွဲစိတ်ထားသူများထဲမှာ မိတ်ကပ်ပညာရှင် မထက် (Pop Soul) ကလည်း တဦး အပါအဝင်ပါ။ မထက်က မိတ်ကပ်ပညာမှာ ထူးချွန်သူတဦးဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ အောင်မြင်နေတဲ့ Makeup Artist များထဲမှ တဦးဖြစ်ပါတယ်။

လက်ရှိမှာ လိင်ပြောင်းလဲသွားသူ တယောက်အနေနဲ့ အခြားသူမျျားလို ဘဝလက်တွဲဖော် ထားရှိဖို့ အတွက် ခက်ခဲနေတဲ့ အပိုင်းများ၊ လိင်ပြောင်းထားသူ တဦးရဲ့ အချစ်ရေးမှာ ကြုံတွေ့ရတဲ့ အကြောင်းအရာများနဲ့ ပတ်သက်ပြီး ဧရာဝတီမှ သတင်းထောက် ယုဖြူဟန်က မထက်ကို အခုလိုပဲ သီးသန့် တွေ့ဆုံကာ မေးမြန်းထားပါတယ်။

မေး။ ။ ပထမဆုံး မထက် နီနီခင်ဇော်ရဲ့ Music Video သီချင်း ဘယ်လိုပါဝင် သရုပ်ဆောင် ဖြစ်ခဲ့တာလဲ။

ဖြေ။ ။ အစ်မ ဒီသီချင်းလေးရိုက်တာ အရမ်းလည်း အမှတ်တရဖြစ်တယ်။ ဂယက်တွေ အရမ်းထပြီးတော့ အစ်မကို ချစ်တဲ့သူတွေကို အရမ်းသိချင်ကြတဲ့ဟာမျိုးလေး ဖြစ်သွားတယ်။ အဓိကက နီနီခင်ဇော်ပေါ့။ နီနီခင်ဇော်က အစ်မကို ရိုက်ခါနီး ၁ ရက်မှပြောတယ်။ နည်းနည်းပဲ ပါရမှာတဲ့။ ဒါပေမယ့် ရည်းစားအစစ်နဲ့ရိုက်ရမယ်တဲ့။ အတွဲအစစ်နဲ့ ရိုက်မှာ ဆိုတော့တဲ့။ ရည်းစားအစစ်နဲ့တော့ မဖြစ်ဘူးလို့ မရလောက်ဘူးလို့ ပြောလိုက်တော့ သူစီစဉ်လိုက်တာပေါ့။ ရိုက်တဲ့နေရာရောက်မှ နီနီနဲ့ အသိဆရာဝန် ဖြစ်နေတယ်။ အစ်မနဲ့ တွဲသရုပ်ဆောင်တဲ့သူကို ရိုက်ကွင်းရောက်မှ သိရတာပေါ့။

မေး။ ။ တခြား အတွဲအစစ်တွေကြားထဲမှာ ကိုယ်ကအတွဲအစစ် မဟုတ်တဲ့သူနဲ့ သရုပ်ဆောင်ရတဲ့ အခါမှာ ဘယ်လိုခံစားရလဲ။

ဖြေ။ ။ ပါဝင်ခွင့်ပေးတာလေးကို အရမ်းသဘောကျတယ်။ ဒါ LGBT (Lesbian, Gay, Bisexual, Transgender) Support လည်း ပါတာပေါ့နော်။ အစ်မတို့ LGBT အသိုင်းအဝိုင်းအတွက်လည်း အရမ်း အထောက်အကူ ဖြစ်တယ်။ ခွန်အားလည်း ဖြစ်စေတယ်။ အားလုံးအတွက် ရည်ရွယ်ပြီး ရေးတယ်ဆိုပေမယ့် လူသားတွေထဲမှာ ချစ်ခြင်းမေတ္တာဆိုတဲ့ အကြောင်းအရာကို အဓိက ဖော်ညွှန်းတယ်။

အစ်မတို့ကလည်း လူသားတွေဆိုတာကို ထည့်ပြီး ရိုက်ပေးတဲ့အတွက် အရမ်းသဘောကျတယ်။ အားလုံးက ရည်းစားအစစ်အမှန်တွေ ဖြစ်တယ်။ Tom စုံတွဲ ၊ Lesbian စုံတွဲ၊ ပုံမှန်မိန်းကလေး၊ ယောကျာ်းလေး ပါတယ်။ အဲဒီလိုမျိုးတွေဆိုတော့ မိန်းကလေး ၂ ယောက်ကတော့ သူငယ်ချင်းတွေလို့ သိရတယ်။ အစ်မတို့ကတော့ အစစ် မဟုတ်ဘူး။ အစ်မ အဲဒီတုန်းက မခံစားရဘူး။ ရိုက်တယ်၊ ပျော်ပျော်ကြီးပဲ။ နီနီက တအားနောက်လို့တောင် သရုပ်မဆောင်တတ်ဘူး ဖြစ်နေတယ်။ သရုပ်ဆောင် မကျဘူးလေ။ နီနီ့ အမူအရာတွေကို ကြည့်ပြီး သရုပ်ဆောင်ဖြစ်တယ်။

မေး။ ။ Music Video ထွက်လာတဲ့အချိန်မှာရော ပြန်ကြည့်တော့ ဘယ်လိုခံစားရလဲ။

ဖြေ။ ။ အဲဒီသီချင်းထွက်ပြီးတော့ ဓာတ်ပုံလေးတွေ ထွက်လာတော့လည်းပျော်တယ်။ ကိုယ့်ရည်းစား မဟုတ်ဘူးဆိုပေမယ့် အစ်မပျော်တယ်။ ကိုယ့်ရည်းစားမဟုတ်ဘူးဆိုပေမယ့် အစ်မပျော်တယ်။ ဘာလို့လဲဆိုရင် အစ်မရည်းစားနဲ့က ဓာတ်ပုံမရှိဘူးလေ။ ဖုန်းပျောက်သွားတာပဲဖြစ်ဖြစ် တခုခုပေါ်သွားမှာ အရမ်းကြောက်တယ်။ သူ့အတွက်လည်း စိုးရိမ်သလို အဓိကက အစ်မတို့ရဲ့ Relation ကြီး ပျက်သွားမှာကို စိုးရိမ်လို့တခါမှ ၂ယောက်တွဲ ဓာတ်ပုံ မရိုက်ခဲ့ဖူးဘူး။

တခါတလေကျရင် ကိုယ့်ရည်းစား မဟုတ်တာကိုတောင် ပျော်နေတာ။ တွဲရိုက်ခဲ့တဲ့သူကို ခံစားတာ မဟုတ်ဘဲနဲ့ ငါသာငါ့ရည်းစားနဲ့ ဒီလိုပုံလေးတွေဆိုရင် ပျော်စရာကြီးလို့တွေးမိတယ်။ Music Video ထွက်တော့ နီနီက လှမ်းပို့ပေးတဲ့အချိန်မှာ ကြည့်ပြီး တညလုံး ငိုလိုက်ရတာ။ အတွဲအစစ်တွေ ကြားထဲမှာ သရုပ်ဆောင်ရတဲ့သူတယောက် ဖြစ်သွားတယ်။ အစ်မလူက လူရှေ့ ထွက်ပြနိုင်လောက်တဲ့ အနေအထား မရှိတဲ့အတွက် ဝမ်းနည်းတာပါ။

လိင်ပြောင်းလဲ ခွဲစိတ်ထားသူ၊ မိတ်ကပ်ပညာရှင် မထက် (ဓာတ်ပုံ – ဝေဝေနှင်း/ဧရာဝတီ)

မေး။ ။ အဓိကက ဘယ်လိုအခက်အခဲတွေကြောင့် ကိုယ့်ရဲ့ချစ်သူကို ချပြခွင့်မရတာလဲ။

ဖြေ။ ။ အစ်မ ရည်းစားထားဖူးတယ်။ ၄၊ ၅ယောက်ပေါ့။ ထားခဲ့တဲ့ ရည်းစားတွေက ကိုယ့်ရဲ့ အရှိအတိုင်းကို လက်ခံနိုင်တယ်။ ဒါပေမယ့် သူတို့ရဲ့ Background တွေက လက်မခံနိုင်ဘူး။ အဲဒီအတိုင်းကိုပဲ ပတ်ဝန်းကျင်က လက်မခံနိုင်ဘူး။ အစ်မတို့ ၂ယောက်က ပြဿနာ မဟုတ်ဘူး။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ပြဿနာတခုအနေနဲ့ ရှိနေတာ။ ဒါကြီးကို သတ္တိရှိရှိနဲ့ ကျော်ဖြတ်တယ် ဆိုတာကို တယောက်နဲ့တုန်းကလည်း ကျော်ဖြတ်ဖူးတယ်။ အစ်မတို့ ၂ယောက်က ပြဿနာ မရှိဘူးလေ။ နှစ်တွေချီလာတဲ့အခါ ကျတော့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်တဲ့ဒဏ်၊ အပေါင်းအသင်းရဲ့ ဒဏ်တွေကြားထဲမှာ ဘာဖြစ်လာလဲဆိုတော့ အစ်မက ဘာမှ မဖြစ်ပေမယ့် သူကပြိုလဲလာတာပေါ့။ ဟိုလူကစ ဒီလူကစ ဆိုတော့ကြာလာတော့လည်း သူတို့ အနေအထားအရ ဖြစ်လာတာပေါ့။

အမှန်အတိုင်းပြောရရင် အစ်မက နည်းနည်း ဂျီးများတယ်။ အနေအထားတခုရှိတဲ့လူမျိုးကို သဘောကျတယ်။ သူတို့အနေအထားနဲ့က အရှင်းဆုံးပြောရရင် ကိုယ့်ထမင်း ကိုယ်စားပြီး သူများ အပြောခံရတဲ့ အခါကျတော့ သူတို့လည်းကြာတော့ ခံစားရတာပေါ့။ အဲဒီအခါကျတော့ ပြိုလဲသွားကြတယ်။ နောက်ရည်းစား ရှာတဲ့သူကလည်း ရှာကြတာပေါ့။ တခါတလေ နောက်ရည်းစားနဲ့ တွဲနေရင်း ကိုယ်နဲ့လည်း မပြတ်မသားတွေ ဖြစ်တယ်။ ကိုယ်မှန်းသိရက်နဲ့ ကောင်မလေးတွေက အစ်မဆီ လာသေးလား ဆိုတာမျိုးတွေလည်း ရှိခဲ့တယ်။

အစ်မကလေ ဘယ်တော့မှ မိန်းကလေးတယောက်နဲ့ ပြိုင်မလုဘူး။ အဲဒီလောက်ထိ သတ္တိလည်း မရှိဘူး။ သူများတွေကပြောကြတယ်။ အရမ်းလှတယ်လေ။ အောင်မြင်မှု တခုလည်း ရှိတယ်လေ၊ အဆင်ပြေပါတယ်လို့ပြောပေမယ့် အစ်မရယ် သူတို့ရယ်ပဲ လက်ခံလို့ မရဘူး။ အစ်မတို့ ပတ်ဝန်းကျင်ကြီး တခုလုံး လက်ခံမှ ရတာ။ အဲ့ကျမှ လိုက်လျောညီထွေရှိပြီး အစ်မတို့ရဲ့ ရပ်တည်မှုက ပိုပြီး အားကောင်းလာမယ်လေ။ အဲဒီလိုမျိုးတွေ မရှိတဲ့အခါကျတော့ အစ်မတို့ Relation ကြီးက ပြတ်သွားတာပေါ့။ ၁ယောက်လည်း မဟုတ်ဘူး။ ၂ယောက်လည်း မဟုတ်ဘူး ဆိုတဲ့အခါမှာ အစ်မ ဘာကိုစပြီး သတိထားမိလာလဲ ဆိုတဲ့အခါကျတော့ ဒါတောင် လူသိမခံဘူးနော်။ လူသိ မခံတဲ့ကြားထဲက ဒီလိုဖြစ်လာတယ်။ အသိုင်းအဝိုင်းလေးပဲ သိတာ။

အစ်မရည်းစားထားတိုင်း ဘယ်တော့မှ လူသိမခံဘူး။ နောက်ပိုင်းပတ်ဝန်းကျင်ကိုလည်း အသိ မခံတော့ဘူး။ အသိုင်းအဝိုင်းလည်း မသိမခံတော့ဘူး။ အစ်မ မိဘရယ် သူငယ်ချင်းအချို့ရယ်ပဲ ပေးသိတော့တယ်။ သူ့အသိုင်းအဝိုင်းထဲလည်း အစ်မ မဝင်ဘူး။ အစ်မ အသိုင်းအဝိုင်းထဲကိုလည်း အများကြီး ဆွဲမခေါ်ဘူး။ အစ်မလုပ်ငန်းထဲကိုလည်း ပေးမသိဘဲ နေလာခဲ့တာပေါ့နော်။ အစ်မ Relationship တခုကို သူများတွေနဲ့ တန်းတူ ကြာကြာရှည်ရှည်လေး ချစ်ချင်တယ်။ အရှင်းဆုံးပြောရရင် အစ်မမှာ ရွေးချယ်စရာ နည်းတယ်။ ကိုယ့်ကို ရွေးချယ်လာတဲ့အထဲမှာ ပြန်ရွေးချယ်ခွင့် ရထားတယ်။ အဲဒီလို ရွေးချယ်ခွင့် ရထားတာကိုမှ ထပ်ပြီးတော့ မပြိုကွဲချင်ဘူး။ အဲဒါကြောင့် အချစ်ရေးမှာ ပိုပြီး သိုသိုသိပ်သိပ် ဖြစ်သွားတာပေါ့။

မေး။ ။ အသိုင်းအဝိုင်းထဲမှာဆိုရင် အစ်မလို ခံစားနေရတဲ့သူတွေလည်း ရှိကြမယ်ပေါ့နော်။ သူတို့ အတွက်ရော ကိုယ့်အတွေ့အကြုံအရ ဘယ်လိုပြောချင်လဲ။

ဖြေ။ ။ အစ်မတို့ Transgender တွေ အများစုက ချစ်ကြတယ်။ ဓာတ်ပုံတွေ တင်ကြတယ်။ ကွဲကြတယ်။ အဲဒါတွေကိုကြည့်ရင် ခေတ်ကာလ အဆက်ဆက် ဒီလိုမျိုးတွေ အများကြီး ရှိခဲ့ကြတယ်။ အဲ့ကျတော့ အစ်မအလှည့်ကျရင် အဲဒီလို မဖြစ်အောင် Relation တခုကို ကြာရှည်အောင် သိုသိုသိပ်သိပ် ထားတယ်။ အခုခေတ်ကလေးတွေ ပြောချင်တာကျတော့ ငယ်တဲ့အချိန်မှာ ချစ်ကြတယ်။ ပေါ်တင် တွဲကြတယ်။ ဘာမှ ဂရုမစိုက်ဘူး ဆိုပေမယ့် အစ်မ ကျော်ဖြတ်လာသလို သူတို့လည်း ကွဲကြတယ်။ ဒီနေ့အချိန်ထိ ဒီလိုပဲ ရှိကြတယ်။

အများစုက ပတ်သက်တာက ပတ်သက်လို့ ရတယ်။ ရေရှည် လက်မတွဲနိုင်သလို ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်တဲ့ ဒဏ်ကို မခံနိုင်ကြဘူး။ ကိုယ်ချစ်မယ်ဆိုရင် ဦးနှောက်ကလေးနဲ့ အဓိက စဉ်းစား စေချင်တယ်။ အစ်မ ကျရှုံးရမှာ အရမ်းကြောက်တယ်။ အသည်းကွဲရင်လည်း ခဏပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အစ်မ အများကြီး မကျရှုံးချင်ဘူး။ နဂိုကတည်းက ကျားကန်ထားပြီး တသက်လုံး သူနဲ့ကိုယ်နဲ့ နေလို့ မရဘူး ဆိုတာကို တွေးထားပြီးသား။ ဘဝမှာ ကိုယ်တယောက်တည်း ဖြတ်သန်းရမယ် ဆိုတာကို လက်ခံတယ်။ အများစုကို ကြည့်မယ်ဆိုရင်လည်း အစ်မတို့နိုင်ငံမှာ တယောက်တည်းပဲ လက်ခံသွားကြရတာချည်းပဲ။ တကမ္ဘာလုံးအနေနဲ့ ခက်ခဲနေပါသေးတယ်။

မေး။ ။ အကယ်လို့ ချစ်သူရဲ့ ဘက်က သူ့ရဲ့ Background ကို ထားခဲ့ပြီး မထက်နဲ့ပဲ လက်တွဲသွားဖို့ ဖြစ်လာမယ်ဆိုရင်ရော လက်ခံသွားမှာလား။

ဖြေ။ ။ အစ်မကို အဲဒီလိုမျိုး သူ့အနေနဲ့ သတ္တိမရှိဘူးလို့မေးကြတယ်။ အစ်မထင်တယ်။ ရည်းစားက အစားရနိုင်တယ်။ မိန်းမယူတယ်ဆိုရင်တောင် မိန်းမက အစားရနိုင်တယ်။ မိဘက အစား မရနိုင်ဘူးလေ။ ဒါက သူသူကိုယ်ကိုယ် တွေးကြတာပေါ့နော်။ သူတို့ဆိုတာကလည်း သားသမီး ဖြစ်တော့ ကိုယ့်ကိုတော့ မရွေးချယ်နိုင်ဘူး ထင်တာပဲ။ မယူဘူးလို့တော့ မပြောဘူး။ ယူမယ်လို့တော့ ပြောတယ်။ တချိန်ပေါ့။ အဲဒီတချိန်က ဘယ်တော့ တချိန်လည်း မသိဘူးလေ။

အစ်မကလည်း အသက်ကြီးပြီ။ သူယူမယ့် နောက် ၅နှစ်ဆိုလည်း အစ်မ ၄၀ကျော်လည်း ဖြစ်ရင် ဖြစ်သွားမယ်။ ဒါတွေက ဖြစ်ချင်လည်း ဖြစ်မယ်၊ မဖြစ်ရင်လည်း မဖြစ်ဘူး။ အစ်မက သိပ်စိတ်ကူး မယဉ်တတ်ဘူး။ လက်တွေ့ဘဝလေးကို ပျော်အောင် နေတယ်။ သူ့ကိုထားခဲ့ပြီး နောက်တယောက် ရှာဆိုတဲ့ အချိန်မှာ အရှင်းဆုံးပြောရရင် အစ်မကြောက်တယ်။ သူ့လိုလူမျိုး နောက်တယောက် မရမှာ စိုးလို့။ ဒါပေမဲ့ အစ်မထားခဲ့ဖူးတဲ့ ရည်းစားတွေထဲမှာတော့ တယောက်ထက် တယောက်တော့ ပိုပိုပြီး ကောင်းအောင် နေပေးကြတယ်။ အရမ်းချစ်လားလို့ မေးရင် အသည်းအသန်ကြီးတော့ မချစ်နေဘူး။ လိုအပ်လားလို့ မေးရင်တော့ အစ်မအတွက် လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုရင် အစ်မ တယောက်တည်း အထီးကျန်ပြီး နေရမှာကို မခံစားနိုင်ဘူး။ ဒါပေမဲ့ သူ မလာရဲပါဘူး။

လိင်ပြောင်းလဲ ခွဲစိတ်ထားသူ၊ မိတ်ကပ်ပညာရှင် မထက် (ဓာတ်ပုံ – ဝေဝေနှင်း/ဧရာဝတီ)

မေး။ ။ အခုလက်ရှိ ချစ်သူနဲ့က ချစ်သူသက်တမ်း ဘယ်လောက်ရှိပြီလဲ။

ဖြေ။ ။ အစ်မတို့ လာမယ့် ၄ လပိုင်းဆိုရင် ၅ နှစ်ပြည့်ပြီ။

မေး။ ။ မထက်ကိုဆိုရင် LGBT အသိုင်းအဝိုင်းတင်မကဘဲ အမျိုးသမီးထုကလည်း သဘောကျကြတယ်။ ဒါပေမယ့် မထက်ဆီဘဝမှာက မပျော်ရွှင်ရတာတွေ မဖြစ်နိုင်တာတွေ အများကြီး ရှိနေသေးတဲ့အခါမှာ ကိုယ့်ကိုယ်ကို ဘယ်လိုအားတင်းပြီး နေထိုင်လဲ။

ဖြေ။ ။ အားလုံးကသာ အစ်မအတွက် ပျော်ပြီး သဘောကျကြတာ။ ဒါပေမယ့် အစ်မဘဝကြီးက ပျော်စရာ မကောင်းဘူး။ Tom Boy တတွဲပဲဖြစ်ဖြစ်၊ Lesbian ပဲဖြစ်ဖြစ် လမ်းဖြတ် လျှောက်သွားတာ မြင်ရင် ဘာပြဿနာမှ မရှိဘူး။ အစ်မတို့ Transgender တတွဲ လမ်းလျှောက်သွားပြီဆိုရင် ပတ်ဝန်းကျင်က ကဲ့ရဲ့ရှုတ်ချတာတွေ နှာခေါင်းရှုံ့ကြည့်တဲ့ အနေအထားတွေ ဖြစ်တယ်။ အဲဒီလို ကြည့်ခံရတာမျိုးက တခါတလေမှာ ဘာမှမဖြစ်ဘူးလို့ ဖြေရှင်းနိုင်ပေမယ့် တခါတလေကျရင် ရင်ထဲမှာ ဆူးတချောင်း ထိုးသလို၊ ဓားတချောင်း ထိုးသလို ကိုယ့်မှာ မရှိရင်တောင် သူ့ရင်ထဲမှာ ရှိသွားတတ်တယ်။ အဲဒါတွေကြောင့် ပြတ်သွားကြတာ။

မေး။ ။ တခါတလေ စိတ်ခံစားချက်တွေကြောင့် မွန်းကြပ်လာတဲ့အခါမျိုးမှာဆိုရင် အရင်တုန်းက ဘာမှ မပြောင်းလဲရသေးတဲ့ ဘဝ (လိင်ခွဲစိတ်မှု မပြုလုပ်ထားရသေးတဲ့ ဘဝ) ကို ပြန်သွားချင်တဲ့စိတ် ဖြစ်မိလား။

ဖြေ။ ။ အဲဒီလိုနောက်ပိုင်း ပြန်ချင်တာမျိုး မရှိဘူး။ လက်ရှိအချိန်ကို မွန်းကြပ်လို့ ပြန်လိုချင်တာမျိုးတော့ မရှိဘူး။ လက်ရှိအချိန်ကို အကောင်းဆုံး ဘယ်လိုဖြေရှင်းမလဲ။ ဘယ်လိုရပ်တည်မလဲ ဆိုတာပဲ တွေးတယ်။ ပြီးခဲ့တာတွေကို ပြန်သွားလို့ မရဘူး။ ခေါင်းထဲမထားဘူး။

ဆက်စပ် သတင်းလင့်ခ် – “ချစ်သူက လူရှေ့ထွက်ပြနိုင်တဲ့ အနေအထား မရှိတဲ့အတွက် ဝမ်းနည်းတာပါ”

Did you find apk for android? You can find new Free Android Games and apps.
Loading