သစ်တော ပြုန်းတီးမှု၊ သစ်တောအဆင့်တန်း လျော့ကျမှု၊ ရာသီဥတု ပြောင်းလဲခြင်းရဲ့ ဆိုးကျိုးတွေလျော့ပါးစေဖို့ စတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံ အစိုးရနဲ့ ကုလသမဂ္ဂတို့ ပူးပေါင်းထားတဲ့ REDD+ ကနေ ဆောင်ရွက်လျက်ရှိပါတယ်။
လက်ရှိ သစ်ခိုးထုတ်မှုတွေကို မတားဆီးနိုင်သေးတာ၊ မြန်မာနိုင်ငံ လူဦးရေရဲ့ ထက်ဝက်နီးပါးက ထင်းလောင်စာကို အသုံး ပြုနေရသေးတာကြောင့် တောင်ယာလုပ်ငန်းနဲ့ သစ်တောကို အမှီပြုနေတဲ့ ဒေသခံတွေရဲ့ အကျိုးလည်း ထိခိုက်မှု မရှိအောင်၊ သစ်တော ပြုန်းတီးမှုကိုလည်း ကာကွယ်ပေးနိုင်အောင် ဘယ်လိုစီမံမလဲဆိုတာက ကြီးမားတဲ့ စိန်ခေါ်မှုတခု ဖြစ်လာတယ်။
အစုအဖွဲ့ပိုင် သစ်တော တည်ထောင်ရာမှာ လည်း ဒေသခံတွေ ဘာ ကြောင့် အခက်အခဲတွေ ရှိနေတာလဲ ဆိုတာတွေ၊ ဘယ်လို လုပ်ဆောင်သင့်သလဲ ဆိုတာတွေကို REDD + ဆိုင်ရာ နိုင်ငံ အဆင့် တွဲဖက် တာဝန်ခံလည်း ဖြစ်ပြီး၊ လက်ရှိ အစိုးရ အဖွဲ့ သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ် တော ဦးစီးဌာနက ညွှန်ကြားရေးမှူးလည်း ဖြစ်သူ ဒေါက်တာ သောင်းနိုင်ဦးကို ဧရာဝတီ အကြီးတန်း သတင်းထောက် ထက်ခေါင်လင်း က ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ အတွင်း သစ်တော ဖုံးလွှမ်းမှု ဧရိယာ ဘယ်လောက်များ ရှိနေပါသလဲ ခင်ဗျ။
ဖြေ ။ ။ လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံ ဧရိယာရဲ့ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း ရှိနေကြောင်းကို ၅ နှစ် တကြိမ် စစ်တမ်း ကောက် ယူတဲ့ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ရဲ့ ကမ္ဘာ့သစ်တော ရင်းမြစ် ဆိုင်ရာ အကဲခတ် ဆန်းစစ်ချက် အစီရင်ခံမှာ ဖော်ပြထားပါ တယ်။
မေး ။ ။ မြန်မာနိုင်ငံမှာ သစ်တော ပြုန်းတီးမှုရဲ့ အဓိက အကြောင်းအရင်းတွေက ဘာတွေလဲ ခင်ဗျ။
ဖြေ ။ ။ ကုလသမဂ္ဂနဲ့ ပူးတွဲ လေ့လာဖော်ထုတ်ချက် အရရော ကွင်းဆင်းလေ့လာ တွေ့ရှိချက်တွေ အရရော သစ်တော ပြုန်းတီးမှုရဲ့ အဓိက အကြောင်းအရာတွေက စိုက်ပျိုးမြေ ချဲ့ထွင်မှု၊ ရွှေ့ပြောင်း တောင်ယာ၊ သတ္တုတူးဖော်မှု၊ ရေအား လျှပ် စစ်၊ ငါးကန်၊ ပုဇွန်ကန် တူးဖော်မှု၊ တိုင်းပြည်ရဲ့ ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်လာတဲ့ အချက်တွေ ကြောင့် ဆိုတာ လေ့လာ သုံးသပ်ရပါတယ်။
မေး ။ ။ မြန်မာနိုင်ငံမှာ သစ်ခိုးထုတ်မှုတွေကို သစ်တောဌာန အနေနဲ့ တားဆီး ကာကွယ်နေတယ် ဆိုပေမယ့် ကနေ့ အချိန်အထိ တားမြစ်နိုင်ခြင်း မရှိသေးဘူး။ ဘာ့ကြောင့်လဲ ခင်ဗျ။
ဖြေ ။ ။ သစ်တောဦးစီးဌာန အနေနဲ့ တရားမဝင် သစ်ခိုးထုတ်မှုတွေကို တားဆီးကာကွယ်နေတာ လက်ရှိ အစိုးရ လက် ထက် ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် စက်တင်ဘာလ အထိ တရားမဝင် သစ်ခိုးထုတ်မှု သစ်တန်ချိန် ၁ သိန်း ၂ သောင်း နီးပါး ဖမ်းဆီးနိုင်ခဲ့တယ်။
တဖက်မှာ မြန်မာနိုင်ငံရဲ့ ပထဝီ အနေအထား ကျယ်ပြန့်သလို သစ်တော ဝန်ထမ်း အင်အား နည်းပါးတာက တကြောင်း၊ ဈေးကွက် လိုအပ်ချက် များပြားတာ၊ တချို့နေရာတွေမှာ သစ်တောကို အမှီပြု လုပ်ကိုင်ရတဲ့ တခြား လုပ်ငန်း အခွင့်အရေး နည်းပါးတာ၊ သစ်ကို အဆင့်မြင့် နည်းပညာနဲ့ တန်ဖိုးမြှင့် ထုတ်ကုန် ပြုလုပ် ဖန်တီးနိုင်မှု နည်းသေးတာ၊ နယ်စပ် ဧရိယာမှာ ထိန်းချုပ်မှု အားနည်းတာ စတဲ့ အကြောင်းတွေကြောင့် တရားမဝင် သစ်ခိုး ထုတ်မှုတွေ ရှိနေနိုင်တယ်။
လက်ရှိ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့မှု စနစ်နဲ့ ပူးပေါင်း ဖမ်းဆီးမှုတွေ တစိုက်မတ်မတ် ပြုလုပ် လာတဲ့ အတွက် သစ်ဖမ်းဆီးမှုမှာ များစွာ အထောက်အကူ ပြုလာတယ်။ ဒါဟာ ရေရှည်တားဆီး ကာကွယ်ဖို့ ကောင်းတဲ့ အလားအလာ ဖြစ်လာတယ်။
မေး ။ ။ စိုက်ပျိုးမြေ ချဲ့ထွင်မှု၊ ရွှေ့ပြောင်း တောင်ယာချဲ့ထွင်မှုတွေကြောင့် သစ်တော ပြုန်းတီးတယ်လို့ ဆိုရင် တောင်ပေါ် ဒေသတွေမှာ ရှိနေတဲ့ ဒေသခံတွေရဲ့ စားဝတ်နေရေးကလည်း ရှိနေတာကြောင့် ရွှေ့ပြောင်းတောင်ယာတွေနဲ့ ပတ်သက်တဲ့ အပေါ်မှာ ဘယ်လို ဆောင်ရွက်သင့်တယ်လို့ ယူဆလဲ။
ဖြေ ။ ။ ရွှေ့ပြောင်း တောင်ယာတွေ လုပ်ကိုင်နေတဲ့ ဒေသခံ ပြည်သူတွေ အတွက် သူတို့ရဲ့ စားဝတ်နေရေး အဆင်ပြေ အောင် မြေကို နှစ်အလိုက် ဆင့်ကဲဆင့်ကဲ ထပ်မံချဲ့ထွင်သွားတာကြောင့် သစ်တောပြုန်းတီးမှု မဖြစ်အောင်လို့ မြေကို စနစ် တကျနဲ့ ဆောင်ရွက်နိုင်တဲ့ လယ်ယာနဲ့ သစ်တော ပေါင်းစပ်ထားတဲ့ ပညာရပ် (Agroforestry) လို ပုံစံတွေနဲ့ ဒေသခံတွေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ စိုက်ပျိုး လုပ်ကိုင်မှုမှာ သစ်တော ထိန်းသိမ်းရေး အတွက် ၂ ဖက် အကျိုးရှိတဲ့ ဒေသခံ ပြည်သူ အစု အဖွဲ့ပိုင် သစ်တောလို ပုံစံမျိုးတွေ၊ အထွက်နှုန်း ကောင်းပြီး ပတ်ဝန်းကျင် မထိခိုက်စေတဲ့ နည်းပညာတွေ အသုံးချနိုင်ဖို့ ချိတ်ဆက်ပေးဖို့ လိုတယ်။
တချို့နေရာတွေမှာ ဥပမာအားဖြင့် မိရိုးဖလာ လုပ်ပိုင်နေတဲ့ နေရာတွေမှာ စနစ်တကျ ခုတ်လှဲဖို့ သတ်မှတ်ပြီး တောင်ယာ လုပ်ကိုင်စေတာမျိုး ဆောင်ရွက်သင့်တယ်။
မေး ။ ။ မြန်မာနိုင်ငံမှာ အိမ်သုံးလောင်စာ အဖြစ် ထင်းကို အသုံးပြုမှု ပမာဏက လက်ရှိ နိုင်ငံ ဦးရေရဲ့ ၅၀ ရာခိုင်နှုန်း အထက် ရှိတယ်လို့ ဆိုထားတယ်။ သစ်တောကြိုးဝိုင်း ပြင်ပ ကြိုးပြင် ကာကွယ်တောတွေမှာ အိမ်သုံးထင်း အဖြစ် အသုံးပြု ခွင့်ပေးတာကလည်း ဒေသတခုနဲ့ တခု မတူညီတာကို တွေ့ရတယ်။ ဘာကြောင့် ဒီလို ဖြစ်နေတာလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ သစ်တောတွေကို စနစ်တကျ စီမံ အုပ်ချုပ်ဖို့ သစ်တော သိပ္ပံပညာရပ်ကို အခြေခံပြီး မူတွေ ချမှတ်ဖို့ လိုတယ်။ ဒေသအလိုက် သစ်တော စီမံအုပ်ချုပ်မှု စီမံချက်တွေ ရေးဆွဲပြီး ဆောင်ရွက်လျက် ရှိပါတယ်။ ခရိုင် အလိုက် စီမံ ချက်တွေ ရေးဆွဲ ဆောင်ရွက်နေပါတယ်။ ဒီစီမံချက်တွေမှာ သစ်တောတိုက်နယ် အလိုက် ပါဝင်ပြီး ဒေသ ထောက်ပံ့ရေး အလုပ်တိုက်နယ်တွေလည်း ပါဝင်တယ်။ ဒေသခံ ပြည်သူတွေ ထင်းထောက်ပံ့ပေးနိုင်ဖို့ အတွက် အလုပ်တိုက်နယ် လိုက် ပြုလုပ်နိုင်ပြီးတော့ ကျေးရွာသုံး ထင်းစိုက်ခင်းက သုံးစွဲနိုင်ဖို့၊ တည်ထောင်ထားတဲ့ ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တော ကနေ သုံးစွဲနိုင်ဖို့ ဒီဒေသရဲ့ ပတ်ဝန်းကျင် သစ်တော၊ စိုက်ခင်း စတာတွေပေါ် မူတည်ပြီး ဒေသတခုနဲ့ တခု သုံးစွဲပုံ မတူညီ နိုင်ပေမယ့် ခရိုင်အားလုံး ကတော့ အခြေခံမူအားဖြင့် တပြေးညီ ရေးဆွဲထားပါတယ်။
မေး ။ ။ တောင်ပေါ်ဒေသနဲ့ သစ်တောနဲ့ နှီးနှောဆက်နွှယ်နေတဲ့ ဒေသခံတွေရဲ့ အဓိက အသက်မွေးဝမ်းကျောင်းက သစ်တောတွေပေါ် မူတည်တယ်။ လက်ရှိ အစိုးရ အနေနဲ့ သစ်တောပြုန်းတီးမှုလည်း မဖြစ်အောင်၊ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းလည်း မထိခိုက်အောင် ဘယ်လို စီမံဆောင်ရွက်သင့်ပါသလဲ။
ဖြေ ။ ။ ဒေသခံ ပြည်သူတွေဟာ အများအားဖြင့် ထင်းအတွက် သစ်တောကို မှီခို သုံးစွဲနေရတယ်။ ထင်းအစားထိုး အခြား လောင်စာ၊ ထင်းအသုံးပြု လျော့ကျစေတဲ့ စွမ်းအင်မြှင့် မီးဖိုတွေ ဖြန့်ဖြူးပေးတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင် အောင် လုပ်ပေးတာ၊ ထင်းစိုက်ခင်းတွေ၊ အစုအဖွဲ့ပိုင် သစ်တော ထူတောင်ပေးတာတွေက ထင်းအပေါ်မှာ သစ်တောကို မှီခိုမှု လျှော့နည်းအောင် ပြုလုပ်ပေးနိုင်မှာပါ။
တခြားတဖက်မှာလည်း လျှပ်စစ်မီး ရလာရင် ထင်းလောင်စာ အသုံးပြုမှုက သိသိသာသာ လျော့လာမှာပါ။ ထင်းသုံးစွဲမှု လျော့နည်းအောင် သစ်တောဌာနအနေနဲ့ ဆက်စပ်ဌာနတွေအားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရမှာပါ။ တောင်ယာ လုပ်ကိုင်နေသူတွေ အတွက် လယ်ယာနဲ့ သစ်တော ပေါင်းစပ်ထားတဲ့ ပညာရပ်လို ပုံစံတွေ၊ အစုအဖွဲ့ပိုင် သစ်တော ထူထောင်ပေးတာတွေကို ကူညီပေးရမှာပါ။
ဒါ့အပြင် ဒေသခံတွေ အတွက် အခြားစီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ ချိတ်ဆက်ပေးဖို့ လိုပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာတွေ မျှဝေခြင်းကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ရမယ်။
မေး ။ ။ အရင် အစိုးရ အဆက်ဆက်က သစ်တောတွေမှာ ပုဂ္ဂလိက စိုက်ခင်း လုပ်ပိုင်ခွင့်ပေးတာ ရတဲ့သူတွေက ရှိသမျှ သစ်တွေကို အပြောင်ရှင်း စနစ်နဲ့ ရှင်းခဲ့ပေမယ့် ပြန်စိုက်တာတွေ မပြုလုပ်ခဲ့တဲ့ သစ်တောဧရိယာတွေ အများကြီး ရှိနေ တယ်။ လက်ရှိ ပြဋ္ဌာန်းထားတဲ့ သစ်တော ဥပဒေမှာ ဒီလို ခုတ်လှဲခဲ့ပြီး သစ်တော ပြန်မစိုက်တာနဲ့ ပတ်သက်ပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှု အချက်တွေကို တိတိကျကျ မပြဋ္ဌာန်းထားတော့ အဲဒီအပေါ်ရော ဘယ်လိုမြင်လဲ။
ဖြေ ။ ။ အစိုးရရဲ့ လမ်းညွှန်ချက်နဲ့ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာန အနေနဲ့ ပုဂ္ဂလိက ကုမ္ပဏီ လုပ်ငန်းတွေကို ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောတွေ အတွင်းမှာ သစ်တော ပြန်ဖွံ့ဖြိုးဖို့ တောနိမ့်၊ တောပျက်တွေ၊ သဘာဝ အလျောက် ပြန်ရှင်သန်ဖွံ့ဖြိုးဖို့ မလွယ်တဲ့ မြေနေရာတွေမှာ ပုဂ္ဂလိက ကျွန်းစိုက်ခင်း တွေကို တည်ထောင်ဖို့ ၂၀၀၆ ခုနှစ်က လုပ်တယ်။
၂၀၀၇ ခုနှစ်မှာ ပုဂ္ဂလိက သစ်မာ မျိုးစုံ စိုက်ခင်းတွေကို တည်ထောင်ဖို့ လုပ်ခဲ့တယ်။ တည်ထောင်တဲ့ နေရာမှာ စည်းကမ်း ချက်နဲ့ အခွင့်အရေး၊ လုပ်ထုံးလုပ်နည်းနဲ့ လုပ်ငန်းစဉ်တွေကို သီးခြား သတ်မှတ် ပြဋ္ဌာန်းပေးထားတယ်။ ဒီစိုက်ခင်း တည် ထောင်ခြင်းတွေမှာ လိုက်နာရမယ့် စည်းကမ်းတွေ၊ အရေးယူမှုတွေကို တိတိပပ ထုတ်ပြန်ပေးထားတယ်။ ပုဂ္ဂလိက စိုက်ခင်း တည်ထောင်ဖို့ ကုမ္ပဏီတွေက နှစ်အလိုက် စီမံချက်ပါ အတိုင်း ဆောင်ရွက်မှု မရှိတာ၊ စည်းကမ်း မလိုက်နာတာ၊ စိုက်ပျိုးပေမယ့် ရှင်သန် အောင်မြင်မှု ၇၀ ရာခိုင်နှုန်း မပြည့်မီတာကို စစ်ဆေးတွေ့ရှိရင် တဧကကို ငွေကျပ် ၅ သောင်းနှုန်းနဲ့ ပေးသွင်းထားတဲ့ လုပ်ငန်း အာမခံငွေကို သိမ်းဆည်းပြီး မြေကိုလည်း ပြန်သိမ်းတာကို လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်နေပါတယ်။
မေး ။ ။ သစ်တောဌာန အနေနဲ့ ဒီလိုဖြစ်ပျက်နေတာမှာ သစ်တော ဥပဒေကို ဘယ်အချက်တွေက ပြန်ပြင်သင့်တယ်လို့ ယူဆလဲ။
ဖြေ ။ ။ ပုဂ္ဂလိက သစ်တောစိုက်ခင်း တည်ထောင်ခြင်း အတွက် စည်းကမ်းချက်နဲ့ အခွင့်အရေးတွေ၊ လုပ်ထုံးလုပ်နည်းနဲ့ လုပ်ငန်းစဉ်တွေကို သစ်တော ဦးစီးဌာနက သီးခြား ပြဋ္ဌာန်းပေးထားသလို တိတိကျကျ အရေးယူမှုတွေ ဆောင်ရွက်နေ တာမို့ လောလောဆယ်မှာတော့ သစ်တော ဥပဒေကို သီးခြား ပြင်ဆင်ဖို့ မလိုသေးဘူးလို့ ယူဆတယ်။
မေး ။ ။ သစ်တောဌာန အနေနဲ့ ဒေသခံ ကျေးလက်ပြည်သူတွေ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းတွေကို ခွင့်ပြုပေးနေ တယ် ဆိုပေမယ့် တချို့နေရာတွေမှာ လျှောက်ထားမှု ကြန့်ကြာတာတွေ ရှိနေတယ်။ ဘာ့ကြောင့်လဲ ခင်ဗျ။
ဖြေ ။ ။ အဲဒီလို ကြန့်ကြာနေတာတွေက အကြောင်းရင်းများစွာ ရှိပါတယ်။ ၁ အနေနဲ့ ပြောရရင် ဒေသခံပြည်သူ အစုအဖွဲ့ ပိုင် သစ်တော တည်ထောင်ဖို့ မြေပိုင်ဆိုင်မှု အမျိုးအစား သတ်မှတ်ထားရာမှာ သစ်တောဌာနက တိုက်ရိုက် စီမံခန့်ခွဲခွင့်ရှိ တဲ့ မြေအမျိုးအစား(ဥပမာ- ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော၊ သဘာဝနယ်မြေများရှိ ကြားခံ နယ်မြေများ) အစိုးရက စီမံ ခန့်ခွဲခွင့် ရှိတဲ့မြေများ၊ အစိုးရ အဖွဲ့အစည်းများက စီမံခန့်ခွဲခွင့် ရှိတဲ့ မြေများနဲ့ ပုဂ္ဂလိကနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း တွေက ပိုင်ဆိုင်တဲ့ မြေများ ဆိုပြီး ခွဲခြားထားတယ်။ ဒါကြောင့် သစ်တောဦးစီး ဌာနက တိုက်ရိုက် စီမံခန့်ခွဲခွင့်ရှိတဲ့ မြေမှအပ အခြားမြေတွေမှာ အစုအဖွဲ့ပိုင် သစ်တောလျှောက်ထားတဲ့ အခါ ဆက်စပ် ပတ်သက်နေတဲ့ ဌာနတွေ၊ အဖွဲ့အစည်းတွေရဲ့ သဘောတူညီမှုရဖို့ လုပ်ရတာကြောင့် ကြန့်ကြာနေတာပါ။
နောက်တချက်က ဒေသခံ အစုအဖွဲ့ပိုင် သစ်တော တည်ထောင်ဖို့ လျှောက်ထားရာမှာ လျှောက်ထားတဲ့ မြေအမျိုးအစားက ညွှန်ကြားချက်ပါ မြေအမျိုးအစားနဲ့ ကိုက်ညီတာမျိုးမရှိလို့ ကြန့်ကြာနေတာပါ။
နောက်ဆုံး တမျိုးက အစုအဖွဲ့ပိုင် သစ်တော လျှောက်ထားဖို့ စီမံချက် ရေးဆွဲတာမှာ လျှောက်ထားတဲ့ ဒေသခံတွေ ကိုယ် တိုင်က စီမံချက် ရေးဆွဲတဲ့ နည်းပညာပိုင်း ဆိုင်ရာ အခက်အခဲတွေ ရှိနေလို့ ကြန့်ကြာနေကြတာပါ။
မေး ။ ။ အခု အစုအဖွဲ့ပိုင် သစ်တော စိုက်ခင်းတွေကို ခွင့်ပြုပေးခဲ့ပြီးတဲ့ ဒေသခံတွေ အတွက် ချေးငွေရရှိဖို့ ဆွေးနွေးမယ် ကြားတယ်။ ဘယ်လို ဆောင်ရွက်မှာလဲ။ ဒီချေးငွေ အပေါ်မှာ ဘယ်လို တာဝန်ယူခိုင်းမှာလဲ။ မအောင်မြင်ခဲ့ရင်ရော ဘယ် လိုပုံစံနဲ့ ပြန်ပေးနိုင်အောင် ဆောင်ရွက်မှာလဲ။
ဖြေ ။ ။ အစုအဖွဲ့ပိုင် သစ်တော တည်ထောင်ဖို့ ခွင့်ပြုပေးခဲ့ပြီးတဲ့ ဒေသခံတွေ အတွက် ချေးငွေ ရရှိဖို့ လာမယ့် ဇွန်လ ၂၁ ရက်မှာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပဖို့ စီစဉ်နေပါတယ်။ အဲဒီဆွေးနွေးပွဲကနေ ရလာတဲ့ ရလဒ်တွေ အရ ညွှန်ကြား ချက်တွေ၊ လုပ်ငန်းစဉ်တွေကို ချမှတ် ပြဋ္ဌာန်းပေးမှာပါ။
မေး ။ ။ နောက်ဆုံး အနေနဲ့ ရခိုင်ဒေသမှာဆို ဒီရေတော တချို့ကို ဧရာဝတီတိုင်း ဘက်က မီးသွေးဖုတ်ဖို့ ဆိုပြီး လာခုတ် ကြတယ်။ ဒေသခံတွေက ဖမ်းဆီးတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့လက်ထဲ အပ်တဲ့အခါ သစ်တော ဥပဒေနဲ့ အရေးယူ မရလို့ ဆိုပြီး ပြန်လွှတ်ပေးလိုက်ကြတယ်။ အဲ့ဒါတွေက ဘာ့ကြောင့်လဲ။
ဖြေ ။ ။ အမှန်တကယ် ခိုးဝှက်ခုတ်ယူကာ မီးသွေးဖုတ်တာမျိုး လုပ်တယ်ဆိုရင် သစ်တော ဥပဒေ အခန်း ၁၂၊ အပိုဒ် ၃၉၊ ၄၀၊ ၄၁ တို့နဲ့ အရေးယူနိုင်ပါတယ်။ တချို့အမှုတွေမှာက သက်ဆိုင်ရာ နယ်မြေရဲ့ သစ်တောဦးစီးဌာနကို အကြောင်းကြား ညှိနှိုင်း လုပ်ဆောင်တာမျိုး မရှိလို့ ဖြစ်နိုင်ပါတယ်။
You may also like these stories:
အစိုးရက နိုင်ငံရေး အကျဉ်းသားကိစ္စကို ဒီထက်ပိုအာရုံစိုက်ဖို့ လိုအပ်တယ်
PPCM ဖြစ်လာရင် ငြိမ်းချမ်းရေး ပျက်နိုင်တဲ့ အခင်းအကျင်း ဖြစ်နိုင်တယ်
ကမ္ဘာ့အကြီးမားဆုံး သင်္ဘော ၁၀ စီး
လူကြိုက်အများဆုံး စမတ်ဖုန်း တံဆိပ်တွေ အကြောင်း
ကျနော်တို့ Bilateral ပဲ လုပ်ချင်ပါတယ်