ဗြိတိန်မှာ COVID-19 ဗိုင်းရပ်စ် မျိုးဗီဇကွဲ ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ လန်ဒန် အပါအဝင် အင်္ဂလန် အရှေ့တောင်ပိုင်းဒေသတွေကို တားမြစ်ချက် တင်းကျပ်ကာ Lockdown ချ လိုက်ပါတယ်။ ဗိုင်းရပ်စ်မျိုး ဗီဇကွဲဟာ မူလထက် ကူးစက်နှုန်း ၇၀ ရာခိုင်နှုန်း ပိုမိုမြန်တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်နဲ့ ပညာရှင်တွေကတော့ ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးတွေဟာ ထိရောက်မှု ရှိတယ်လို့ ယုံကြည်နေဆဲဖြစ်သလို၊ ဗိုင်းရပ်စ်အသစ်ဟာ မူလထက် အသေပျောက်ပိုများနိုင်တာ ဒါမှမဟုတ် ပိုပြင်းထန်တာမျိုး မတွေ့ရသေးဘူးလို့ ဒီဇင်ဘာ ၁၉ ရက်က မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။ အဆိုပါ ဗိုင်းရပ်စ်မျိုး ဗီဇကွဲကြောင့် အင်္ဂလန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂ ပတ်အတွင်း ကူးစက်မှုတွေ မြင့်တက်လာပါတယ်။
ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ ယခင်က ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလအတွင်း ဖြေလျှော့ပေးခဲ့ပေမယ့် လက်ရှိ ကူးစက်မှုနှုန်း မြင့်တက်လာတာကြောင့် ကန့်သတ် တားမြစ်ချက်ကို ယခင် Tier 3 အစား Tier 4 ကို ပထမဆုံးအကြိမ် တိုးမြင့်လိုက်ပါတယ်။
လန်ဒန်မြို့နဲ့ နိုင်ငံအရှေ့တောင်ပိုင်းဒေသ နေထိုင်တဲ့ လူဦးရေ ၁၆ သန်းကျော်ဟာ ကန့်သတ် တားမြစ်ချက် Tier 4 ကြောင့် အလုပ်ကိစ္စက လွဲလို့ အပြင်ထွက်ခွင့် မရှိသလို၊ မရှိမဖြစ် အရေးမကြီးတဲ့ ဈေးဆိုင်တွေကိုပါ ပိတ်သိမ်းထားရမှာ ဖြစ်ပါတယ်။ အဆိုပါ ကန့်သတ်လိုက်တဲ့ တားမြစ်ချက်အသစ်ဟာ ဒီဇင်ဘာ ၁၉ ရက် ညသန်းခေါင်ယံကနေ စတင် သက်ရောက်နေပြီ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းပြီးပြီးချင်း မိနစ်ပိုင်းအတွင်းမှာပဲ ခရစ္စမတ် ပစ္စည်းတွေကို နောက်ဆုံးအကြိမ် လာရောက် ဝယ်ယူခဲ့ကြပါတယ်။ “တနေ့လုံး ငြိမ်နေပြီးမှ ရုတ်တရက် လူတွေစုပြုံ တိုးလာကြတာပဲ” လို့ ဥရောပရဲ့ အကြီးဆုံး လန်ဒန်အနောက်ပိုင်းရှိ Westfield ရှော့ပင်းစင်တာက အရောင်းဝန်ထမ်းတဦးက ဆိုပါတယ်။
စကော့တလန်နိုင်ငံမှာလည်း ခရီးသွားလာခွင့် ပိတ်သိမ်းလိုက်ပြီး ခရစ္စမတ်နေ့ ဒီဇင်ဘာ ၂၅ ရက် တရက်တာ ဖြေလျှော့ပေးမယ်လို့ ကြေညာထားပါတယ်။ ဝေလတနိုင်ငံလုံးလည်း Tier 4 အဆင့် အကျုံးဝင်ပေမယ့် ခရစ္စမတ်တရက်တော့ အိမ်အလည်ပတ် သွားခွင့်ပြုမယ်လို့ ဆိုပါတယ်။
အင်္ဂလန်နိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ ထိပ်တန်းအရာရှိ Chris Whitty ကလည်း မျိုးဗီဇကွဲ ဗိုင်းရပ်စ်အကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို အကြောင်းကြားထားသလို၊ ပညာရှင်တွေကလည်း အသေးစိတ် အချက်အလက် သိရအောင် အဖြေရှာနေဆဲလို့ ဆိုပါတယ်။ တောင်အာဖရိကနိုင်ငံမှာလည်း အလားတူ မျိုးဗီဇကွဲဗိုင်း ရပ်စ်ကူးစက်မှုတွေ တွေ့ရှိရတယ်လို့ အကြောင်းကြားလာပါတယ်။
ဗြိတိန်မှာ ဒီဇင်ဘာ ၁၉ ရက် တရားဝင် ထုတ်ပြန်ချက် စာရင်းတွေအရ ကူးစက်မှုအသစ် ၂၇,၀၅၂ ဦးတိုးလာတာကြောင့် စုစုပေါင်း ကူးစက်ခံရသူ ၂ သန်း ကျော်လွန်သွားပြီ ဖြစ်သလို၊ သေဆုံးသူအရေအတွက် ၆၇,၀၀၀ ကျော် လွန်နေပြီလို့ ဖော်ပြထားပါတယ်။
Ref: Reuters