သရုပ်ဆောင် နေတိုးက Star Awards ရဲ့People’s Choice အစီအစဉ်မှာ Votting တဦး ၁၅ ကျပ်နှုန်း ဖြတ်မယ်ဆိုတာကြောင့် နုတ်ထွက်ခဲ့သူပါ။ Star Awards က Voting စနစ် လုပ်ရခြင်းနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းပြောပြတဲ့အပေါ် သူ့ရဲ့သဘောထားကို နေတိုးက ဧရာဝတီ သတင်းဌာနကို အခုလိုပဲ ပြောပါတယ်။
“Voting စနစ်မှာ ကျနော်ဖြစ်စေချင်တာက Votting စနစ်ဆိုတာ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းမယ့် ကလေးတွေအတွက်၊ လူမသိသေးတဲ့ သရုပ်ဆောင်လေးတွေအတွက် ဆိုရင်တော့ ဟုတ်တယ်ပေါ့နော်။ တကယ့် ထိပ်တန်း သရုပ်ဆောင်တွေကို People’s Choice မှာ ထည့်တာတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်လေ။ ဒါကြောင့်မို့ပါ။ Star Awards က တခြားဆုတွေကတော့ ပြဿနာ မရှိပါဘူး”
“Like အများဆုံးဆုတို့ ဘာတို့ လုပ်လို့ရတာပဲလေ။ ဘယ်အလုပ်ကိုမဆို ကျနော်တို့ ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာနဲ့ လုပ်တာ ပိုကောင်းတာပေါ့နော်။ အခုဟာက အများနဲ့ဆိုင်တဲ့ ကိစ္စ ဖြစ်နေတော့လေ။ ကျနော်တို့က Surprise အနေနဲ့ ထားဖို့ ခဲယဉ်းတာပေါ့။ Surprise ဆိုတာ တဦးတယောက်တည်းကိုသာ လုပ်ရတာလေ။ အများနဲ့ဆိုင်တဲ့ဟာကို လုပ်တာ မကြားဖူးဘူးပေါ့”လို့ နေတိုးက ဧရာဝတီကို ပြောပါတယ်။
အခုလို အနုပညာရှင်တွေအတွက် ပြိုင်ပွဲအသစ်တွေ၊ ရွေးချယ်မှုအသစ်တွေ လုပ်ကြတာနဲ့ ပတ်သက်ပြီးလည်း “ပြိုင်ပွဲတို့၊ ဆုတို့ လုပ်တဲ့အပေါ်မှာတော့ ဘာမှပြောစရာ မရှိပါဘူး။ သူတို့ကြိုက်သလို လုပ်လို့ ရပါတယ်။ အခုက ပရိသတ်တွေကလည်း ပြောနေကြတော့ အဲဒီအပေါ်မှာ ကျနော်တို့က ဆုံးဖြတ်ပေးရတာပေါ့။ ပရိသတ်ပြောလာတာ များတဲ့အပေါ်မှာ စဉ်းစားပြီး ဆုံးဖြတ်လိုက်ရတာပေါ့။ ကျနော်တို့ကတော့ ပရိသတ်ကိုပဲ ဦးတည်တယ်”
“ရှေ့ဆက်ပြီးလည်း ပရိသတ်နဲ့ပဲ အလုပ်လုပ်ရမယ်။ ပရိသတ်ရဲ့ လက်ခုပ်သံနဲ့ ရှေ့ဆက်ရမယ့်သူ ဖြစ်တဲ့အတွက် အခုလို အဖွဲ့အစည်းတခုက ဒီလိုမျိုး အနုပညာရှင်တွေအတွက် ပရိသတ်နဲ့ ကျနော်တို့ကြားမှာ ဘယ်လောက်ထိ Plus ဖြစ်အောင် လုပ်မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်ပေါ့နော်။ ပရိသတ်တွေ အများကြီးက ပြောလာတဲ့အပေါ်မှာ ကျနော်တို့က နုတ်ထွက်လိုက်ရတဲ့ သဘောပေါ့။ ပရိသတ်နဲ့ ကျနော်တို့ကြားမှာ ပွင့်ပွင့်လင်းလင်း အသိပေးသင့်တယ်လို့လည်း ထင်တယ်ပေါ့နော်”လို့ နေတိုးက ဆိုပါတယ်။
မြန်မာနိုင်ငံက ပရိသတ်နဲ့ Voting စနစ်အပေါ် နေတိုးရဲ့အမြင်ကိုလည်း “ကျနော်တို့ဆီမှာက ပုဂ္ဂိုလ်စွဲ အရမ်းရှိတယ်။ ဒီမှာက Voting စနစ်က ပွင့်ပွင့်လင်းလင်းပြောရရင် ချစ်ကြတယ်။ ဘယ်ဟာကိုမှ မမြင်ဘူး။ သူတို့ ချစ်တယ်ဆိုရင် ဘယ်ဟာ၊ ဘယ်လောက်ဖြစ်ဖြစ် ပေးဖို့ ဝန်မလေးဘူး။ Myanmar Idol တို့၊ ဘာတို့ဆိုရင်လည်း Voting စနစ်နဲ့ပဲ သွားတာ”
“အဲဒီ Voting ဆိုတာက ကျနော်တို့ မျက်လုံးနဲ့ မြင်ရတာမဟုတ်ဘူးလေ။ အဲဒါကြောင့် သိပ်မကြိုက်တာလည်း ပါတာပေါ့။ ဒါပေမဲ့ တခြားပြိုင်ပွဲတွေမှာ Voting စနစ်လုပ်တယ် ဆိုတာတော့ မှန်ပါတယ်။ ပရိသတ်နဲ့ ရပ်တည်တဲ့ ပြိုင်ပွဲတွေ ဆိုရင်တော့ နိုင်ငံတကာမှာလို Voting လုပ်သင့်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က ဘာအနုပညာမှ မဖန်တီးပြဘဲနဲ့ ဓာတ်ပုံလေးနဲ့ Voting လုပ်တာကျတော့ ကျနော်တို့က ပရိသတ်ဆီကနေ အလကားယူသလို ဖြစ်နေတယ်။ အဲဒီ ခံစားချက်လည်း ပါပါတယ်”လို့ နေတိုးက ဧရာဝတီကို ပြောပါတယ်။
လက်ရှိမှာ နေတိုးက “Box 88” (သေတ္တာနံပါတ် ၈၈) ဆိုတဲ့ ရုပ်ရှင်ကားကြီးအတွက် ရန်ကုန်ဆင်န်းများ စတင် ရိုက်ကူးနေပြီဖြစ်ပြီး ကျန်ဆင်န်းများအတွကိ မဲဆောက်သွားမယ်လို့လည်း သိရပါတယ်။