ကာရိုက်တာမျိုးစုံကို ပီပြင်အောင် သရုပ်ဆောင်တဲ့ မင်းသား နေတိုးကတော့ ဒီနှစ် သီတင်းကျွတ်မှာ မျိုးဆက်သစ် သရုပ်ဆောင်တွေနဲ့ တူ၊ တူမတွေ ကန်တော့တာ ခံရဖို့ ရှိတယ်လို့ ပြောပါတယ်။
“ကျနော်တို့ ငယ်ငယ်တုန်းက သီတင်းကျွတ်ကတော့ ဆီမီးပူဇော်တာတို့၊ လူကြီးတွေ၊ ဆရာတွေ ကန်တော့တာတော့ အမှတ်တရတွေ ရှိပါတယ်။ ဒီနှစ်လည်း ဆရာသမားတွေ၊ မိဘတွေ ကန်တော့မယ်။ ကျနော့်ကို လာကန်တော့မယ့်သူတွေလည်း ရှိပါတယ်။ မျိုးဆက်သစ် သရုပ်ဆောင်တွေနဲ့ Story Book က ကျနော် ကလေးတွေနဲ့ တူ၊ တူမတွေ ကန်တော့တာ ခံရမှာပေါ့”
“ပရိသတ်တွေကို ဆုတောင်းဖို့ တယောက်တမျိုးစီ ဖြတ်သန်းပုံနဲ့ ဆိုင်ပါတယ်။ အားလုံး ကျန်းမာရေးကတော့ အဓိက ဖြစ်တာကြောင့် ကျန်းကျန်းမာမာ ရှိပါစေ။ လိုအင်တွေလည်းပြည့်ပါစေလို့ ဆုတောင်းပေးမှာပါ”လို့ နေတိုးက ပြောပါတယ်။
သရုပ်ဆောင် နေတိုးကတော့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ရုံတင်ပြသမယ့် “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင် ဇာတ်ကားမှာ ဦးတက်လူနိုင်ဆိုတဲ့ လူငယ် သူဌေးတယောက် ကာရိုက်တာ ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားအကြောင်း အခုလိုပဲ ပြောပါတယ်။
“အခမ်းနားဆုံးမေတ္တာ ဇာတ်ကားက မင်းသမီးအတွက် အခွင့်ကောင်းရတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ကျနော်နဲ့ မရိုက်ဖူးတဲ့ သရုပ်ဆောင်သစ် ၃ယောက်လောက် ပါတယ်ပေါ့။ တယောက်နဲ့ တယောက် သရုပ်ဆောင်ဖူးတဲ့သူတွေ မဟုတ်တော့ စိုးရိမ်စိတ်တော့ ရှိတယ်။ ရိုက်ကွင်းပေါ်ရောက်တဲ့ အချိန်မှာတော့ အဆင်ပြေတယ်။ အံဝင်ခွင်ကျ ဖြစ်တယ်”
“သူတို့တွေက ဒီကားကို ရိုက်ဖို့ အတွက် ကျနော့်ကို လေးစားတာလည်း ပါမယ်။ သူတို့ အမှား မရှိအောင် ကြိုတင်ပြင်ဆင်မှု တွေ လုပ်ကြတယ်။ အဲ့အတွက် သဘာဝကျတဲ့ သရုပ်ဆောင်မှုတွေကို တွေ့ရတယ်။ အဲ့အတွက် ဒီကားကို ပြန်ကြည့်တော့ ကျေနပ်မှု ရှိတယ်”လို့ နေတိုးက ပြောပါတယ်။
“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ကားကိုတော့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော် ရိုက်ကူးပြီး၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း မိုးနီလွင်ရေးသားကာ သရုပ်ဆောင်များအဖြစ် နေတိုး၊ ရဲအောင်၊ သူရိယ၊ တိုင်ရွန်၊ နေခြည်ဦး၊ စိုးမြတ်သူဇာ၊ မေဘရဏီသော်တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပညာပေးရုပ်ရှင်တွေ ရိုက်ကူးထားတဲ့ နေတိုး
ရေဘေး ပြန်လည် ထူထောင်ရေးအတွက် “နှင်းဆီအငြိမ့်” ကဖြစ်မယ်လို့ နေတိုး ပြေ
“ပရိသတ်နဲ့ တထပ်တည်းကျဖို့ သရုပ်ဆောင်တိုင်း ကြိုးစားနေကြတယ်”လို့ နေတိုး ပြော