စူပါဟီးရိုး ဇာတ်ကောင် ဝတ်စုံတွေ ဝတ်ဆင်ကာ ပွဲတွေ တက်လေ့ရှိတဲ့ ဟာသ သရုပ်ဆောင် စည်သူ ပလပ်ကျွတ်ကတော့ စူပါဟီးရိုး ရှိုးပွဲကြီးကို အခမဲ့ လုပ်သွားမယ်လို့ ပြောပါတယ်။
“အမေရိကားသွားမယ့် အစီအစဉ်မှာ အစည်းအရုံးကလည်း ထောက်ခံစာ လုပ်ပေးပါတယ်။ သံရုံးမှာ ကျသွားတယ်။ မသွားတော့တာတော့ မဟုတ်ဘူး။ နောက်တခါ ပြန်လျှောက်ရမှာပါ။ ကျနော် ဟီးရိုးရှိုးပွဲ လုပ်ဖို့ အချိန်ကောင်းသွားပါတယ်။ ကျနော် ဟီးရိုးရှိုးပွဲလုပ်ဖို့ နေ့ရော ညရော ကြိုးစားနေတယ်။ မျှော်စင်ကျွန်းဆိုတဲ့ စိုင်းစိုင်းတို့၊ ကိုပြေတီဦးတို့ နာမည်ကြီးခဲ့တဲ့ နေရာမှာ ကျနော် ဖျော်ဖြေခွင့်ရမှာဆိုတော့ ကျနော်က အကောင်းဆုံး ဖြစ်အောင်လုပ်နေတယ်။ အခု ဘုရားတရားလည်း ပိုလုပ်ဖြစ်နေပါတယ်”
“ပြင်ဆင်မှုကတော့ အဝတ်အစားတွေ ပြင်ဆင်နေတယ်။ ခေမီကိုတို့နဲ့ အက တိုက်မယ်။ ခေတ်ဆန်းတင့် ဇာတ်သဘင်နဲ့ပေါ့။ ဇာတ်ကလည်း အသစ်၊ နောက် ဒု ဥက္ကဋ္ဌ ဦးမိုးဝင်းစကားကို နားထောင်ပြီးတော့ သူ့ Plan တွေနဲ့ သွားမယ်။ ကျနော့် ပါဖောမန့်စ်ကိုလည်း မတူတဲ့ ဒီဇိုင်းမျိုးတွေနဲ့ ပရိသတ်တွေ ကြည့်လိုက်ရင် ဟာခနဲ ဟင်ခနဲ ဖြစ်အောင် လုပ်သွားမယ်။ ကျနော် ပွဲကိုတော့ အခမဲ့ လုပ်မှာပါ”လို့ စည်သူပလပ်ကျွတ်က ပြောပါတယ်။
အနုပညာလောကမှာလည်း သူ့အပေါ် မနာလိုသူတွေ ရှိတယ်လို့ပြောတဲ့ စည်သူပလပ်ကျွတ်က မြန်မာ နိုင်ငံသားတွေကို စည်းရုံးစေချင်တယ်လို့ ဆိုပါတယ်။
“DC Fan က Marvel Fan ကို အားမပေးဘူး။ သူတို့ နှစ်ဦးလုံး ကောင်းတယ်။ ဇာတ်လမ်း ဇာတ်အိမ်တွေ လည်း ကောင်းတယ်။ အဲ့အကြောင်း သီချင်း ရေးထားတာ ရှိတယ်။ DCကိုလည်း ချစ်တယ်။ Marvel ကိုလည်း ချစ်တယ်။ ပွဲကိုလည်း အဲ့သီချင်းနဲ့ စဖွင့်မယ်။ အဓိကက မေတ္တာတရားပဲ။ မုဒိတာပွားပြီး မေတ္တာတရားတွေရှိနေရင်တော့ အားလုံး အေးချမ်းပါတယ်”
“ကျနော်တို့ လောကမှာလည်း မနာလိုတဲ့သူတွေ အများကြီး ရှိတယ်။ ကျနော့်ကို မီဒီယာတွေ မေးတဲ့အောက်မှာ ဒီကောင်က ဘာဆိုတတ်လို့လဲ။ ဒီကောင့်ပွဲက ဘယ်သူက ဝင်မှာလဲ။ ပေးတဲ့ စပွန်ဆာတွေကို ဗုံးခွဲမယ်ဆိုတော့ ပေးမယ့် စပွန်ဆာတွေက မပေးရင် ကျနော် ဘဝ ပျက်ဆီးသွားမယ်။ ကျနော့် မျှော်လင့်ချက် ပျက်ဆီးပြီး လမ်းဘေးရောက်သွားရင် အဲ့လို ပြောတဲ့သူ ပျော်လား။ မြန်မာတွေ စည်းရုံးပါ။ သူများ ဘာသာတွေ စည်းရုံးတယ်။ လူမျိုးကို ချစ်ကြပါ။ အားမပေးချင်ရင် ကျော်သွားပါ”လို့ စည်သူပလပ်ကျွတ်က ပြောပါတယ်။
စည်သူပလပ်ကျွတ်ကိုတော့ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေမှာ ဟာသ သရုပ်ဆောင်အဖြစ် ပရိသတ်များက သိရှိထားကြပြီး မကြာခင် ရုံတင်ပြသတော့မယ့် “ကိုပေါ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ခေါင်းဆောင် မင်းသား အနေနဲ့ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
စည်သူပလပ်ကျွတ်က စူပါဟီးရိုး ဝတ်စုံများ ဝတ်ဆင်တဲ့အခါမှာလည်း ပရိသတ်အချို့ရဲ့ ဝေဖန်မှုများ ရှိနေခဲ့ပြီး မကြာသေးခင် အချိန်ကလည်း စပိုက်ဒါမန်း ဝတ်စုံဝတ်ကာ သီချင်းဆိုခဲ့တဲ့အတွက် ပရိသတ်များကြားမှာ ဝေဖန်စရာ ဖြစ်ခဲ့ပါသေးတယ်။
You may also like these stories:
သမီးလေးကို နိုင်ငံခြားမှာ ကျောင်းထားဖို့ ရည်ရွယ်ထားတဲ့ လူရွှင်တော် မေတ္တာ
“လူထု မလှုပ်တော့ရင် ဗီဒီယိုဈေးကွက် ပျက်တာပဲ” လို့ ဆိုလိုက်တဲ့ ဗေလုဝ
“ငရဲဆို ချိုနဲ့လားဗျို့” ရုပ်ရှင်ကို နိုဝင်ဘာလမှာ ရိုက်ဖို့ အခုကတည်းက ပြင်ဆင်နေတဲ့ ပြေတီဦး
အနုပညာအလုပ်ကို လုံးဝ ရပ်နားမယ်ဆိုတာ မဟုတ်ဘူးလို့ ထွန်းအိန္ဒြာဗိုလ် ပြော