ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့တုန်းက Weibo ပို့စ်တခုမှာ တရုတ်မင်းသမီး Zhang Ziyi က ဒုတိယမြောက် ရင်သွေးလေးကို မွေးဖွားခဲ့တယ်လို့ ကြေညာခဲ့ပြီးနောက် မင်းသမီးရဲ့ ဒုတိယရင်သွေးနဲ့ ပတ်သက်ပြီး ပြောဆိုတာတွေ ရှိလာခဲ့ပါတယ်။
မင်းသမီး Zhang က “၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က ကျမဘဝမှာ နောက်ထပ် သူဆိုတာကို ပိုင်ဆိုင်ခဲ့ပါပြီ” လို့ရေးသားခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံမှာတော့ သူ့ရဲ့ ခင်ပွန်း Wang Feng က ဘေးနားမှာ ရှိနေခဲ့တာကို တွေ့ရပါတယ်။
ခင်ပွန်းဖြစ်သူ အသက် ၄၈ နှစ်အရွယ် တရုတ်ရော့ခ် အဆိုတော် Wang ဟာ အရင်ချစ်သူ၊ အရင်ဇနီးဟောင်း၊ မင်းသမီး Zhang တို့နဲ့ ရရှိထားတဲ့ သမီး ၃ ဦးကို ပိုင်ဆိုင်ထားခဲ့လို့ အခုတော့ သားရင်သွေးတဦးကို လိုချင်နေပြီလို့ ပြောဆိုထားသူလည်း ဖြစ်ပါတယ်။ မင်းသမီး Zhang ရဲ့ ပို့စ်ကို တင်ပြီး ၁၀ မိနစ်အကြာမှာ ပျော်ရွှင်တယ်လို့ အဆိုတော် Wang က ရေးသားဖော်ပြခဲ့ပါတယ်။
အဆိုတော် Wang က “ဒုတိယအကြိမ် ကျနော့် ဇနီးဘေးမှာ မတ်တပ်ရပ်ရင်း၊ သူ့ရဲ့ လက်ကို တင်းကျပ်စွာ ကိုင်ထားရင်း၊ ရင်သွေးလေးကို ကြိုဆိုလိုက်ရတာက မိခင်တဦးရဲ့ ထူးခြားကောင်းမွန်မှုကို နောက်တကြိမ် ခံစားခွင့်ရလိုက်သလိုပါပဲ။ ကျနော့် ဇနီးကို ကျေးဇူးတင်ပါတယ်။ ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမဆုံးနေ့မှာ အလေးချိန် ၃ ဒဿမ ၆ ကီလိုဂရမ်ရှိပြီး အရမ်းကျန်းမာတဲ့ သားလေးကို ယူဆောင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။
မိခင်ရော၊ ကလေးပါ ကျန်းမာတဲ့အကြောင်း အဆိုတော် Wang က ပြောဆိုခဲ့ပြီး ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်စေဖို့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး အဲ့ဒီနှစ် ဒီဇင်ဘာလမှာပဲ သမီးလေး Xing Xing ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလကစလို့ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် အောက်တိုဘာလမှာ ပြုလုပ်ခဲ့တဲ့ ၃၂ ကြိမ်မြောက် တိုကျိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကျမှသာ မင်းသမီးက ကိုယ်ဝန်ဗိုက်ကို ထုတ်ပြခဲ့ပြီး ရင်သွေးလေး လွယ်ထားရပြီဆိုတဲ့ သတင်းတွေကို အတည်ပြုခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
Park Seo Joon နဲ့အတူ ရိုက်ကူးမယ့် IU ရဲ့ ပထမဆုံးရုပ်ရှင် “Dream”
“Birds of Prey” ရုပ်ရှင်မှာ Joker ပါဝင်လာဖို့ ရှိ၊ မရှိ အတည်ပြုပေးလိုက်တဲ့ မင်းသမီး Margot Robbie
၂၀၁၉ ခုနှစ်အတွင်း ဟောလိဝုဒ်မှာ အမျိုးသမီး ဒါရိုက်တာ အရေအတွက် စံချိန်တင် မြင့်တက်ခဲ့