မင်းသား Chris Hemsworth ဟာ National Geographic ရုပ်သံကနေ ထုတ်လွှင့်မယ့် ကျန်းမာရေးဆိုင်ရာ မှတ်တမ်းစီးရီး “Limitless” မှာ ပါဝင်လာမှာဖြစ်ပြီး လူသားတွေ အသက်ရှည်ရှည်နေနိုင်မယ့် နည်းလမ်းတွေ ရှာဖွေမယ့် စိန်ခေါ်မှုတွေကို လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အသက် ၃၆ နှစ်အရွယ် မင်းသား Chris က “ကျနော်ဟာ အစမ်းသပ်ခံ လူသားအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာမှာ ဖြစ်ပြီး သိပ္ပံပညာရပ်အတွက် ကမ္ဘာတဝန်းမှာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို လုပ်ဆောင်မှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
“ကျန်းမာတဲ့ လူ့ဘဝသက်တမ်းကို ချဲ့ထုတ်ဖို့ အာရုံစိုက်မှုရှိတဲ့ သိပ္ပံပညာရပ် ထွက်ပေါ်လာစေဖို့ အကြံဉာဏ်သစ်တွေကို မီးစိမ်းပြနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ထုတ်လုပ်ရေးလုပ်ငန်းကို မကြာခင် စတင်မှာပါ။ ကံကောင်းပါစေလို့ မျှော်လင့်ပါတယ်”လို့ မင်းသား Chris က ဆိုပါတယ်။
မင်းသား Chris ဟာ လူသားတွေရဲ့ လုပ်နိုင်စွမ်းကို ကျော်လွန်ပြီး အံ့သြသင့်ဖွယ် ပြသနိုင်ခဲ့ကြတဲ့ စူပါလူသားတွေရဲ့ လျှို့ဝှက်ချက်တွေကို လေ့လာမယ့်အပြင် ငယ်ရွယ်စဉ်ကာလကနေ အချိန်ရဲ့ တိုက်စားမှုကြောင့် ပျက်စီးမှုကို ပြောင်းပြန်လှန်ပြီး ငယ်ရွယ်အောင် ဖန်တီးနေထိုင်နိုင်မယ့် အဓိကအချက်ရှိတယ် ယုံကြည်တဲ့ အသက်ရှည်ရှည် နေထိုင်ရေးဆိုင်ရာ သိပ္ပံပညာရှင်တွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ National Geographic ရုပ်သံက ဆိုပါတယ်။
National Geographic ရဲ့ “One Strange Rock” အစီအစဉ်ကို ထုတ်လုပ်ခဲ့ကြတဲ့ Darren Aronofsky နဲ့ Jane Root တို့က အခုစီးရီးအတွက် အမှုဆောင်ထုတ်လုပ်သူတွေ အဖြစ် ပါဝင်လာကြမှာ ဖြစ်ပါတယ်။
Darren က “Limitless ဟာ လူသားတွေရဲ့ အသက်တွေကို ထိရောက်နိုင်ပြီး ရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ မြှင့်တင်နိုင်ဖို့ လုပ်နိုင်စွမ်းတွေရှိမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ တိုးဂိုက်တယောက်အနေနဲ့ Chris ရဲ့ စိတ်အား ထက်သန်မှုကိုလည်း ကျနော်တို့ သဘောကျပါတယ်။ ဒီလိုမျိုး စွန့်စားခန်းမှာ Nat Geo၊ Jane၊ ကျနော်တို့ သူငယ်ချင်းတွေနဲ့အတူ နောက်တကြိမ်အဖွဲ့ ပြန်ဖွဲ့နိုင်ဖို့ မျှော်လင့်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အပိုင်းတခုစီတိုင်းမှာ မင်းသားဟာ မတူကွဲပြားတဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို လုပ်ဆောင်မှာ ဖြစ်ပြီး လူသားတွေရဲ့ အသက်ကို ဆန့်ထုတ်ဖို့ ပျက်စီးထိခိုက်မှုကို ပြင်ဆင်ခြင်း၊ ခန္ဓာကိုယ်ကို တုန်လှုပ်စေခြင်းနဲ့ မှတ်ဉာဏ်ကို အထူးအားဖြည့်ခြင်းတို့ အပါအဝင် နည်းလမ်းအသစ်တွေကို ကြိုးစား လုပ်ဆောင်ကြမှာလည်း ဖြစ်ပါတယ်။
Ref:asiaone
You may also like these stories:
မင်းသား လီယိုနာဒိုရဲ့ Earth Alliance အဖွဲ့က သြစတြေးလျမီးဘေးအတွက် ဒေါ်လာ ၃ သန်းလှူဒါန်း
သြစတြေးလျ တောမီးအတွက် ရည်ရွယ်လှူဒါန်းခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ
မိသားစုကိုအချိန်ပေးဖို့ ၈ လလောက် အနားယူမယ့် မင်းသား Chris Hemsworth