ပြီးခဲ့တဲ့လ အတွင်းက ကိုရီးယားနိုင်ငံမှာ မေးရိုးနဲ့ ရင်သားခွဲစိတ်မှုများ ပြုလုပ်ခဲ့တဲ့ Beauty Blogger၊ သရုပ်ဆောင် နေခြည်ဦးကတော့ ဘဝမှာ ဓားနဲ့ပဲလှီးလှီး ဆေးပဲထိုးထိုး လုံးဝ မကြောက်တတ်တဲ့ မိန်းမလို့ ပြောပါတယ်။
“ဒီတခေါက် ခွဲစိတ်မှုကအကြီးဆုံးပဲ။ နေခြည့် Fan တွေဆို အရမ်းစိတ်ပူတယ်။ Part 2 ရဲ့ နမူနာလေးပြထားတော့လေ။ ဘဝမှာ ဓားနဲ့ပဲလှီးလှီး ဆေးပဲထိုးထိုး လုံးဝ မကြောက်တတ်တဲ့ မိန်းမပေါ့နော်။ နှာခေါင်းတွေဘာတွေ ပြင်တုန်းကလည်း ဘာမှ မဖြစ်ဘူး။ ဗီဒီယိုတွေလည်း တင်တာပဲ။ ဒီတခေါက် မေးရိုးချိုးတာနဲ့ ရင်ဘတ်နဲ့မှာ ရင်ဘတ်က သေအောင် နာတာ။ တကယ်နာတာ”လို့ နေခြည်ဦးက ပြောပါတယ်။
လက်ရှိခွဲစိတ်ထားတဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ နောက်ဆုံးရလဒ် မရသေးဘဲ ခံစားချက်အနေနဲ့လည်း အတုကအတုပဲလို့ ဆိုပါတယ်။
“ခွဲစိတ်ထားတဲ့ အခြေအနေကတော့ နောက်ဆုံးရလဒ် မဟုတ်သေးဘူးပေါ့။ မျက်နှာက ယောင်နေသေးတော့ စကားပြောရင် အောက်နှုတ်ခမ်းက နည်းနည်းထုံနေတုန်းပဲ။ ရင်ဘတ်ကတော့ ၁ လပဲ ရှိသေးတယ်ဆိုတော့ ဘယ်လိုပြောရမလဲ အရင်တုန်းက ဖရဲသီးကနေ ပေါက်စီလို ပျော့ပျော့လာတယ်။ အဲ့လိုပဲရှင်းပြလို့ ရမယ်။ လာကိုင်ဆိုပြီးလည်း ပြောလို့ မရဘူးလေ”
“တဖြည်းဖြည်းနဲ့တော့ သဘာဝနဲ့ တူတူလာတယ်။ ဒါပေမဲ့လည်း ကိုယ်လုပ်ထားတာ တနိုင်ငံလုံး သိတယ်လေ။ အတုက အတုပဲ။ ခံစားရတဲ့ ခံစားချက်ကတော့ တဖြည်းဖြည်းနဲ့တော့ ပျော့လာတယ်ဆိုတော့ နာကျင်တာတွေ လျော့လာတယ်”လို့ နေခြည်ဦးက ပြောပါတယ်။
ရင်သားကို ဆီလီကွန်ထည့်လိုက်တဲ့ အဓိကအကြောင်းရင်းကိုလည်း နေခြည်ဦးက အခုလို ပြောပါတယ်။
“အဓိကက နေခြည်က ဘီကီနီ ဝတ်ချင်လို့။ အပွင့်လင်းဆုံး ပြောတာ။ ရင်ဘတ်က ရှိတော့ ရှိတယ်။ Push up တွေဘာတွေ ဝတ်ရင်တော့ ရှိတယ်။ အဲဒါတွေ မပါဘဲ ဘီကီနီဝတ်ရင် ကိုယ့်ရင်ဘတ်ကို ပြားတယ်လို့ ခံစားရတယ်။ ရင်ဘတ်ပြားတဲ့သူတွေက နေခြည်က Against လုပ်တာ မဟုတ်ဘူးနော်။ ကိုယ်တိုင်ကလည်း Flat လေးတွေကို အရမ်းကြိုက်တယ်။ ပြည့်ပြည့်လေးလည်း ကြိုက်တယ်ဆိုတော့ ကိုယ်ရတဲ့ ဘဝလေးမှာ ၂ ခု လိုချင်တာ။ အဲဒါကြောင့် ထည့်လိုက်တာ”လို့ နေခြည်ဦးက ပြောပါတယ်။
“နောင်တကတော့ မရဘူး။ ဘယ်တော့မှ မရဘူး။ အခုသာ နာတယ် ပြောတာ။ နောက်တခေါက် နံရိုးချိုးရင် ချိုးဦးမှာ။ ဘဝမှာ ၃၀ ပြည့်ရင် အရမ်းလှချင်တယ်။ ဘဝမှာ အတ္တပဲပြောပြော၊ အပူပဲပြောပြော ကိုယ်ကလည်း Beauty Blogger တယောက်ဖြစ်တာကြောင့် Content တွေက အမြဲလုပ်နေရမှာဆိုတော့ နောက်ပိုင်းလည်း အမြဲလုပ်ဦးမှာ။ နောင်တဆိုတာ မရှိပါဘူး”လို့ နေခြည်ဦးက ပြောပါတယ်။
နေခြည်ဦးကတော့ သူမရဲ့ ခွဲစိတ်ပြုပြင်မှုများကို လူအများအား ပွင့်ပွင့်လင်းလင်း ပြောပြတတ်သူ တယောက်ပီပီ ယခုတခေါက် ခွဲစိတ်မှုမှာလည်း ခွဲစိတ်မှုများကို ဗီဒီယိုဖိုင်ဖြင့် ရိုက်ကူးထားတာကို အပိုင်း ၂ ပိုင်းခွဲကာ ပြသသွားမှာဖြစ်ပြီး ပထမတပိုင်းကိုတော့ ပြသပြီး ဖြစ်ပါတယ်။
“နေခြည်လည်း ပထမပိုင်းတော့ Youtube မှာ တင်ပြီးပြီ။ နောက်တပိုင်းကိုလည်း နောက်တပတ်လောက် တင်မယ်။ နေသားကျလားဆိုတော့ အရင်တုန်းကကိုယ်ကလည်း မရှိတဲ့သူတော့ မဟုတ်ဘူးပေါ့။ ကိုယ်ကလုပ်ချင်တဲ့ စိတ်တခုတည်းနဲ့ လုပ်လိုက်တာရယ် Content တခုအနေနဲ့ လုပ်လိုက်တာရယ် အခုအချိန်မှာ နေသားကျလားဆိုတော့ ရင်ဘတ်ကြီးတော့ ကြီးလာတာပေါ့။ ဒါပေမဲ့ အရမ်းကြီးအောင်လုပ်ထားတာ မဟုတ်ဘူးဆိုတော့ အဆင်ပြေတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိတယ်။ ရင်ဘတ်က ပိုမောက်သွားတော့ ခါးလေးက ပိုသေးသွားတယ်။ မိုက်တယ်”လို့ နေခြည်ဦးက ပြောပါတယ်။
ခွဲစိတ်မှုပြီးစီးသွားတဲ့ နောက်ပိုင်းမှာ ပြောင်းလဲခဲ့တဲ့ စိတ်အခြေအနေနဲ့ ပတ်ဝန်းကျင်အမြင်ကိုလည်း ထည့်စဉ်းစားသင့်တဲ့ အကြောင်းကို နောက်တပိုင်းမှာ ပြောပြပေးသွားမယ်လို့ ဆိုပါတယ်။
“တခါတလေကျရင် အထူးသဖြင့် ယောကျ်ားလေးတွေကြည်တဲ့ အကြည့်တွေကိုဆို ရှက်လာတယ်။ ငါ့ကို ဘာလို့ကြည့်တာလဲ မကောင်းတဲ့ မိန်းကလေးလို့များ ထင်မလားပေါ့။ ငါဒီလိုလုပ်တယ်ဆိုတာ စိတ်တွေများ Promote လုပ်နေသလားပေါ့။ အတွေးတွေအများကြီး တွေးမိတယ်ဆိုတော့ အရာဝတ္ထုတိုင်းမှာ ကောင်းတာနဲ့ ဆိုးတာ တွဲရှိနေတယ်”
“မလုပ်ခင်ကတော့ ကိုယ့်ကိုယ်ကိုယ် မိုက်မယ်လို့ ထင်ထားတာ။ လုပ်ပြီးတဲ့အချိန်မှာ မလိုလားအပ်တဲ့အရာတွေ ဝင်လာတယ်။ ဒါကြောင့် နောက်တပိုင်းမှာသေချာလေးပြောမှာပေါ့။ ရင်သားကြီးချင်တိုင်း ဆီလီကွန်ထည့်လိုက်လို့ မရဘူး။ နောက်ဆက်တွဲဟာလေးတွေ ရှိတယ်။ ကိုယ့်ရဲ့မိဘ ကိုယ့်ကို ဘယ်လိုမြင်မလဲ။ အထူးသဖြင့် ကိုယ့်ရဲ့အဖေ၊ မောင်လေးတွေ၊ အစ်ကိုတွေ၊ ဦးလေးတွေ သူတို့စိတ်ထဲမှာ ဘယ်လိုမြင်မလဲ။ ဒါကိုကိုယ်က လက်ခံနိုင်မှာလားဆိုတာ ရှိသေးတယ်”လို့ နေခြည်ဦးက ပြောပါတယ်။
နေခြည်ဦးကတော့ ပြီးခဲ့တဲ့နှစ်ပိုင်းကလည်း နှာခေါင်း ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီး ဝေဖန်မှုများ ရှိခဲ့ပေမယ့် သူဖြစ်ချင်တဲ့ အလုပ်ကို ရအောင် လုပ်တတ်သူတဦးလည်း ဖြစ်ပါတယ်။