သြစတြေးလျနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်နေပါတယ်။ ဒါကြောင့်လည်း သြစတြေးလျ အစိုးရအနေနဲ့ ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ မဲလ်ဘုန်းမြို့ကို ဒုတိယအကြိမ် Lockdown ပြန်ချခဲ့ပါတယ်။ မဲလ်ဘုန်းမြို့ဟာ သြစတြေးလျမှာ ဒုတိယအကြီးဆုံးမြို့တော် ဖြစ်ပါတယ်။
ကိုဗစ် ကူးစက်မှု ပြန်လည် မြင့်တက်လာတဲ့အတွက် လူဦးရေ ၅ သန်းနီးပါး နေထိုင်တဲ့ မဲလ်ဘုန်းမြို့ကို ၆ ပတ်ကြာ Lockdown ချသွားမှာဖြစ်သလို မရှိမဖြစ် လိုအပ်တဲ့ အကြောင်းပြချက်က လွဲပြီး အိမ်ပြင်ထွက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း မြို့တော်ပတ်ဝန်းကျင်မှာ အချိန်မရွေး၊ နေရာမရွေး စစ်ဆေးမှုတွေ ပြုလုပ်သွားပါလိမ့်မယ်။
မဲလ်ဘုန်းမြို့ဟာ ဗစ်တိုးရီးယားပြည်နယ်နဲ့ နယ်နိမိတ်ချင်း နီးစပ်နေပြီး ကိုဗစ်ကူးစက်မှု ပြန်လည် မြင့်တက်ခဲ့တဲ့အတွက် ပြည်နယ် နယ်စပ်ဂိတ်တွေကို ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက ပြန်လည် ပိတ်ပင်ခဲ့ပါတယ်။ မဲလ်ဘုန်းမြို့ဟာ ကူးစက်သူ အရေအတွက် ပြန်လည် မြင့်မားလာခဲ့ပေမယ့် မဲလ်ဘုန်းမြို့သား တွေရဲ့ ခံနိုင်ရည်ရှိမှုကို ဝန်ကြီးချုပ်ဖြစ်သူ Scott Morrison က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
တဆက်တည်းမှာပဲ ဝန်ကြီးချုပ်က အခုကြုံတွေ့နေရတဲ့ စွန့်လွှတ် အနစ်နာခံမှုဟာ မဲလ်ဘုန်းမြို့တမြို့တည်းအတွက်သာ မဟုတ်ဘဲ သြစတြေးလျနိုင်ငံသားတွေအတွက်ပါ အကျိုးရှိတဲ့ စွန့်လွှတ်မှုဖြစ်တယ် လို့ ပြောကြားခဲ့ပါတယ်။
ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ်ဖြစ်သူ Daniel Andrews ကလည်း မဲလ်ဘုန်းမြို့မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့အတွင်း ကူးစက်လူနာ ၁၉၁ ယောက် တွေ့ရှိခဲ့တဲ့အတွက် ကပ်ရောဂါဆိုး နောက်တကြိမ် ပြန်စနေပြီလို့ ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ သြစတြေးလျနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူ အရေအတွက် ၉,၀၅၆ ယောက် ရှိနေပြီး သေဆုံးသူပေါင်း ၁၀၆ ယောက် ရှိသွားခဲ့ပါပြီ။ ကမ္ဘာတဝှမ်းလုံးမှာလည်း ကူးစက်သူအရေအတွက် ၁၂ သန်း ကျော်သွားခဲ့ပါပြီ။
သြစတြေးလျနိုင်ငံအနေနဲ့ ဧပြီလအတွင်းမှာ COVID-19 ရောဂါကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ သုံးသပ်ခဲ့ပြီးနောက် ဇူလိုင်လအတွင်းမှာတော့ ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ဝန်ထမ်းတွေကို နေအိမ်ကနေသာ အလုပ်လုပ်ခိုင်းပြီး မရှိမဖြစ် လိုအပ်တဲ့ ကိစ္စအတွက်သာ အပြင်ထွက်ကြဖို့ သြစတြေးလျအစိုးရက တိုက်တွန်းထားပါတယ်။
Ref: BBC
You may also like these stories:
ဟောလိဝုဒ် မှုခင်းရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသား Donnie Yen
အမေရိကန် သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်မယ်လို့ Paris Hilton ပြော
ကိုဗစ်ကာလပြီးရင် ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ ရှိနေတဲ့ မေမြင့်မိုရ်