မကြာသေးမီက ပြုလုပ်ခဲ့တဲ့ K-pop အမျိုးသားအဆိုတော်အဖွဲ့ NCT ရဲ့ ဖျော်ဖြေမှု တခု နောက်ခံမှာ အစ္စလာမ္မစ် မြင့်မြတ်တဲ့ နေရာရဲ့ ပုံရိပ်တွေကို အသုံးပြုထားမှုကြောင့် ဝေဖန်ခံနေရပြီး ဒါဟာ K-pop အဖွဲ့တဖွဲ့အပေါ် ပစ်မှတ်ထားတဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေး တလွဲအသုံးချမှုဆိုင်ရာ စွပ်စွဲမှု ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့တုန်းက NCT U အဖွဲ့ဟာ တောင်ကိုရီးယား ဂီတအစီအစဉ် Inkigayo မှာ “Make A Wish (Birthday Song)” သီချင်းအသစ်ကို ဖျော်ဖြေခဲ့ပါတယ်။
အဲ့ဒီမှာ နောက်ခံအဖြစ် အသုံးပြုခဲ့တဲ့ Visual မြင်ကွင်းတွေထဲမှာ အီရတ်နိုင်ငံ၊ Karbala မြို့မှာရှိတဲ့ တမန်တော် မိုဟာမက်ရဲ့ မြေး၊ ရှီယာအစ္စလာမ်ရဲ့ တတိယခေါင်းဆောင် Husayn ibn Ali မြှုပ်နှံထားရာနေရာနဲ့ ဗလီဝတ်ကျောင်းတော်ဖြစ်တဲ့ Imam Husayn Shrine ကို ဖော်ပြထားတာဖြစ်ကြောင်း ပရိသတ်အချို့က ဆိုရှယ်မီဒီယာပေါ်မှာ ပြောဆိုလာကြပါတယ်။
အဲ့ဒီ ဗလီဝတ် ကျောင်းတော်မှာရှိတဲ့ ဘာသာရေးစာသားတွေကို အနုပညာပုံစံနဲ့ ပြန်လည်ဖန်တီးရယူထားမှုကို စင်ပေါ်မှာ မြင်တွေ့ခဲ့ကြရပြီးတဲ့နော်က သူတို့အဖွဲ့ရဲ့ မူစလင်နဲ့ တခြားလူမျိုး ပရိသတ်တွေရဲ့ ဝေဖန်မှု မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီသီချင်းကို အောက်တိုဘာလ ၁၂ ရက်နေ့မှာ မဖြန့်ချိမီကတည်းက အမြည်းဓာတ်ပုံတွေထဲမှာ အရှေ့အလယ်ပိုင်း၊ အိန္ဒိယနဲ့ အာရေးဗျပုံစံ ရိုက်ကွင်းအနေအထားတွေကြောင့် လူစိတ်စားမှုခံနေရခဲ့ရတာပါ။
ဒါ့အပြင် ဂီတဗီဒီယိုထဲမှာဆိုရင် ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာ အပါအဝင် ဘာသာရေးအစဉ်အလာတွေရဲ့ မြင့်မြတ်တဲ့ ကိုယ်နေဟန်ထား မုဒြာပုံစံ ပုံဖော်တာနဲ့ ပန်ချာပီခေါင်းပေါင်းတွေ ဝတ်ဆင်ထားတဲ့ အဖွဲ့တွေ ပါဝင်တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒါကြောင့် သူတို့အဖွဲ့ဟာ နိုင်ငံခြား ယဉ်ကျေးမှုတွေကို မလေးမစား ပြုတာဖြစ်ကြောင်း ပရိသတ်အချို့က ယုံကြည်ထားကြပါတယ်။
အခုလိုမျိုး ပရိုမိုးရှင်းကာလတလျှောက်လုံးမှာ ပရိသတ်တွေဟာ NCT U အဖွဲ့ကို ဆိုရှယ်မီဒီယာပေါ်မှာဝေဖန် ခဲ့ပြီး အဖွဲ့ရဲ့ စီမံခန့်ခွဲမှုအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြသတဲ့ ကမ်ပိန်းတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ NCT အဖွဲ့ဆိုကတော့ အသီးသီးခွဲထားတဲ့ အဖွဲ့ခွဲတွေကို ပြန်လည်ပေါင်းစည်းထားပြီး အဖွဲ့ဝင် ၂၃ ဦးပါဝင်တဲ့ အဖွဲ့ဖြစ်ပါတယ်။
“Make A Wish” သီချင်းထဲမှာ NCT 127 အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Tae-yong , Do-young နဲ့ Jae-hyun ၊ WayV အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Lucas နဲ့ Xiaojun ၊ NCT Dream အဖွဲ့ဝင် Jae-min နဲ့ အဖွဲ့ဝင် အသစ် Shotaro တို့က ဖျော်ဖြေထားကြတာပါ။
အဲ့ဒီသီချင်းဟာ “NCT 2020 Resonance Pt. 1” အယ်လ်ဘမ်ထဲက သီချင်းလည်း ဖြစ်ပါတယ်။ အဖွဲ့ရဲ့ စီမံခန့်ခွဲရေး ကုမ္ပဏီ SM ကတော့ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ မှတ်ချက် တစုံတရာ ပြောဆိုတာမျိုး မရှိသေးပါဘူး။
Ref: asiaone
You may also like these stories:
BTS အဖွဲ့ရဲ့ အငြင်းပွားဖွယ် ပြောဆိုမှုကြောင့် တရုတ်မှာ ပရိုမိုးရှင်းတချို့ ရပ်နားခံရ
K-pop အနုပညာရှင်များ စစ်မှုထမ်းကာလ ရွှေ့ဆိုင်းခွင့်ကို နိုင်ငံသား ၆၀ ရာခိုင်နှုန်း ထောက်ခံ
WHO က စီစဉ်တဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့မှာ ပါဝင်ခဲ့တဲ့ SuperM