မြန်မာနိုင်ငံရဲ့ ကမ္ဘာမြေနေ့ သံတမန်အဖြစ် ကချင်အမျိုးသမီး အဆိုတော်တဦးဖြစ်တဲ့ အဆိုတော် အမွန်းကို ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။
“မြန်မာနိုင်ငံရဲ့ Earth Day Ambassador အနေနဲ့ ရွေးချယ်ခန့်အပ်ခြင်း ခံရတဲ့အတွက် ဒီတာဝန်ကို အကောင်းဆုံး ထမ်းဆောင်နိုင်အောင် ကြိုးစားသွားပါမယ်။ ပျက်စီး ယိုယွင်းမှုတွေနဲ့ အနုတ် လက္ခဏာဘက်ကို သွားနေတဲ့ သဘာဝ ပတ်ဝန်းကျင်ကို နောင်လာ နောင်သားတွေကို လက်ဆင့် မကမ်းခဲ့ဖို့ လူသားအားလုံးမှာ တာဝန်ရှိပါတယ်။ အများကြီး မလုပ်နိုင်တောင် ပလပ်စတစ် တစ စည်းကမ်းမဲ့ မစွန့်ပစ်ခြင်းကနေ စတင်လို့ရပါတယ်။ အားလုံးအတူတူ ပါဝင်လှုပ်ရှားကြရအောင်နော်” လို့ အမွန်းက ပြောပါတယ်။
ကမ္ဘာမြေနေ့အဖွဲ့အစည်းမှ အမွန်းကို ဇန်နဝါရီ ၅ ရက်နေ့က သံတမန်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး ကမ္ဘာမြေနေ့ကတော့ ဧပြီလ ၂၂ ရက်ကို သတ်မှတ်ထားပါတယ်။
ကမ္ဘာမြေနေ့ အဖွဲ့အစည်းမှ အမွန်းကို ကမ္ဘာ့ ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုများကို သူတို့နဲ့ အတူတကွ ဖြေရှင်း လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း၊ မြန်နာနိုင်ငံအတွက် စိမ်းလန်းစိုပြေရေး အသိပညာများကို ဖြန့်ဝေနိုင်ရန် သေချာတဲ့အတွက် ခန့်အပ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အမွန်းဟာ ၂၀၁၈ ခုနှစ်က Forbes မဂ္ဂဇင်းရဲ့ 30 Under 30 စာရင်းမှာ အသိအမှတ် ပြုခံခဲ့ရပြီး၊ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ သူ့ရဲ့ ပထမဆုံးရုပ်ရှင် “ဒုဋ္ဌဝတီကို လွန်၍” မှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့ Facebook စာမျက်နှာမှာလည်း Follower ၂ ဒသမ ၇ သန်းကျော် ရှိတယ်ဆိုတဲ့ အချက်တွေဟာ အခုလို သံတမန်အဖြစ် ရွေးချယ်ဖြစ်ခဲ့တဲ့ အချက်တွေ ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် အမွန်းဟာ မြန်မာ့ကြင်နာမှု ဖောင်ဒေးရှင်းမှာလည်း ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။
ကမ္ဘာမြေနေ့ အဖွဲ့အစည်းကိုတော့ ၁၉၇၀ ခုနှစ်၊ ဧပြီလ၂၂ ရက်နေ့မှာ စတင် တည်ထောင်ခဲ့တာဖြစ်ပြီး၊ နိုင်ငံပေါင်း ၁၉၀ ကျော်မှ အဖွဲ့အစည်းပေါင်း ၇၅၀၀၀ ကျော်နဲ့အတူ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်ပြီး အသိပညာ ပိုမိုကျယ်ပြန့်စေရန် ဆောင်ရွက်လျက်ရှိပါတယ်။
You may also like these stories:
“အင်တာနက်မှာ နေရာ တနေရာရဖို့ မလွယ်ဘူး”လို့ အမွန်း ပြော
နှစ်ကုန်ပိုင်းမှာ မင်္ဂလာဆောင်မယ့် အဆိုတော် အမွန်း