ကိုရီးယားဒရာမာ “Crash Landing on You”၊ နာမည်ကျော် K-pop အဖွဲ့ BTS နဲ့ အော်စကာဆုရ ကိုရီးယားရုပ်ရှင် “Parasite” တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း ကိုရီးယား အနုပညာ ရေလှိုင်းကို မောင်းနှင်းခဲ့ကြသူတွေထဲ ထိပ်ဆုံးနေရာမှာ ရှိနေကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့ အစိုးရ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ကိုရီးယား အနုပညာ ပရိသတ်တွေရဲ့ ၉ ဒသမ ၅ ရာခိုင်နှုန်းက “Crash Landing on You” အချစ်ဒရာမာကို သူတို့အကြိုက်ဆုံး ကိုရီးယား ဒရာမာစီးရီးအဖြစ် ရွေးချယ်ပေးခဲ့ကြပါတယ်။
အဲ့ဒီနောက်မှာတော့ “It’s Okay Not to Be Okay” စီးရီးက ၄ ဒသမ ၁ ရာခိုင်နှုန်း၊ “The World of the Married” စီးရီးက ၂ ဒသမ ၈ ရာခိုင်နှုန်းအဖြစ် အသီးသီး ရပ်တည်နေကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ နိုင်ငံတကာ ယှဉ်ကျေးမှု ဖလှယ်ရေး ကိုရိးယားဖောင်ဒေးရှင်းတို့က နှစ်စဉ် ကောက်ခံတဲ့ စစ်တမ်းတခုမှာ တွေ့ရပါတယ်။
အဆိုတော် ကဏ္ဍမှာတော့ BTS အဖွဲ့က ၂၂ ရာခိုင်နှုန်းနဲ့ ဇယား ထိပ်ဆုံးမှာ ရှိနေပြီး အဲ့ဒီနောက်မှာတော့ BLACKPINK အဖွဲ့က ၁၃ ဒသမ ၅ ရာခိုင်နှုန်း၊ “Gangnam Style” အဆိုတော် Psy က ၂ ဒသမ ၉ ရာခိုင်နှုန်းနဲ့ အသီးသီး ရပ်တည်နေပါတယ်။ အဲ့ဒီအဆင့် သတ်မှတ်ချက်တွေက ယခင်နှစ်ကထက် ပြောင်းလဲမှု မရှိခဲ့ပေမယ့် BTS နဲ့ BLACKPINK အဖွဲ့ကို သူတို့အကြိုက်နှစ်သက်ဆုံး အဆိုတော်တွေအဖြစ် ရွေးချယ်ပေးခဲ့ကြတဲ့ လူအချိုးအစားကတော့ မြင့်တက်လာတာကို တွေ့ရပါတယ်။
ကိုရီးယားရုပ်ရှင်အတွက် “Parasite” ဟာသဇာတ်မြူး ရုပ်ရှင်က ၁၈ ဒသမ ၄ ရာခိုင်နှုန်းနဲ့ နံပါတ် ၁ နေရာမှာ ရှိနေပါတယ်။ ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Train to Busan” ရုပ်ရှင်ကတော့ ၁၀ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ “Peninsula” က ၃ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးဇာတ်ကား ၃ ကား စာရင်းထဲမှာ ပါဝင်လာပါတယ်။
နှစ်စဉ် ထုတ်ပြန်နေကျ အဲ့ဒီစာရင်းမှာ ကိုရီးယား အနုပညာ ပရိသတ်တွေဟာ ကပ်ရောဂါ ကာလအတွင်း ကိုရီးယားယဉ်ကျေးမှုဆိုင်ရာ ထုတ်ကုန်ပစ္စည်းတွေကို ပိုမို သုံးစွဲလာကြတယ်လို့ ဖော်ပြထားပါတယ်။ ကိုရီးယား ရသစုံအစီအစဉ်၊ ဒရာမာနဲ့ ဂိမ်းတွေကို တောင်းဆိုမှု အများဆုံး ဖြစ်လာခဲ့ပါတယ်။
အခု ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာက တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှား၊ အမေရိကန်ပြည်ထောင်စုနဲ့ တူရကီတို့ အပါအဝင် နိုင်ငံပေါင်း ၁၈ ခုမှ ကိုရီးယားအနုပညာ Content သုံးစွဲသူ ၈၅၀၀ ကျော်ထံမှ ကောက်ခံထားတဲ့ စစ်တမ်းကို အခြေခံထားတာလည်း ဖြစ်ပါတယ်။ အဲ့ဒီစစ်တမ်းကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေ နိုဝင်ဘာလအထိ အွန်လိုင်းကနေ ကောက်ခံခဲ့တာလည်း ဖြစ်ပါတယ်။
Ref: Yonhap
You may also like these stories:
အတိတ်နှင့် အနာဂတ်ကြားမှ ဖုန်းခေါ်သံ (သို့မဟုတ်) “The Call” ရုပ်ရှင်
ကိုရီးယားဒရာမာအဖြစ် ပြန်လည် ပုံဖော်မယ့် စပိန်မှုခင်းစီးရီး “Money Heist”
နာမည်ကျော် ကိုရီးယားမင်းသား ၃ ဦးရဲ့ ဒရာမာအသစ်များ အောင်မြင်မှု မရ