မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ အာဏာသိမ်းလိုက်တာကြောင့် ကျောင်းသားတွေ စာသင်ရမယ့်အချိန် လမ်းပေါ် ထွက်နေတာဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်တာပါလို့ Error အဖွဲ့မှ Shake က ပြောပါတယ်။
“ကျနော်တို့ ကျောင်းသားတွေက ဒီအချိန်မှာ စာသင်နေရမှာ။ စာသင်ရမယ့်အချိန် ကျနော်တို့ လမ်းပေါ် ထွက်နေရတယ်။ အဲ့ဒါ ဘယ်သူကြောင့်လဲဆိုတာ သိကြပါတယ်။ အာဏာရှင်တွေကြောင့် ကျနော်တို့ အခုလို ထွက်နေရတယ်။ အဲ့အတွက် ကျနော်တို့က ဆန့်ကျင်တာပါ”လို့ Shake က ပြောပါတယ်။
အခုလို ဆန္ဒပြမှုဟာ ကိုယ်ပိုင် ဆန္ဒနဲ့ လုပ်တာဖြစ်ပြီး မိသားစုတွေက လက်မခံပေမယ့် လူငယ်တွေ လုပ်ရမယ့် အလှည့်ဖြစ်တာကြောင့် လုပ်တာလို့ ဆိုပါတယ်။
“ကျနော်တို့ ကိုယ်ပိုင်ဆန္ဒနဲ့ ဆန့်ကျင်တာပါ။ အိမ်က မိသားစုတွေက လက်မခံဘူး။ လက်မခံလည်း မတတ်နိုင်ဘူး။ လူကြီးတွေက လုပ်ခဲ့ပြီးလို့ တခေတ်ပြောင်းခဲ့ပြီ။ အခု ကျနော်တို့ လူငယ်တွေ လုပ်ရမယ့်အလှည့်၊ အခု အာဏာရှင်စနစ်က ကျနော်တို့ ခေတ်မှာ နောက်ဆုံးဖြစ်ပါစေ ဆုတောင်းပါတယ်”လို့ Error အဖွဲ့မှ Shake က ပြောပါတယ်။
ပြည်သူတွေ စိတ်ချမ်းသာမှ လူငယ်တွေ စိတ်ချမ်းသာနိုင်မယ်လို့ Shake က ဆိုပါတယ်။
“ကျနော်က အရပ်ပုတယ်။ ဒါပေမဲ့ သူ့ထက် ပိုနုတယ်၊ ပို Cute တယ်။ ပုတာချင်း တူတယ်။ ကျနော်တို့တွေက ပို Cute တယ်။ နောက်ပုတာချင်း တူပေမယ့် မလုဘူး။ ကျနော်တို့ တိုင်းပြည်ကို မလုနဲ့။ ကျနော်တို့ကို အခုလို အာဏာသိမ်းလိုက်တာ ကျနော်တို့ အများကြီးခံစားရတယ်။ ပြည်သူတွေ စိတ်ချမ်းသာမှ ကျနော်တို့ကလည်း စိတ်ချမ်းသာလို့ရမှာ။ ကျနော်တို့ လမ်းပျောက်နေပြီ”လို့ ပြောပါတယ်။
တိုင်းပြည် မကောင်းစားချိန် အိမ်ထဲမှာ နေပြီး တိုင်းပြည် ကောင်းစားမှ အပြင်ထွက်လာတာ ရှက်စရာလို့ Shake က ဆိုပါတယ်။
“ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ကောင်းကောင်း မအိပ်နိုင် မစားနိုင်ဘူး။ စိတ်ချမ်းသာမှုကို မရှိဘူး။ အဲဒါ အကုန်လုံးလည်း ဒီလိုပဲ ဖြစ်နေကြမှာပဲ။ ကျနော်တို့နဲ့ အတူတူ ပါဝင်ပေးကြပါ။ အိမ်ထဲ မနေကြပါနဲ့။ တိုင်းပြည် မကောင်းစားချိန် အိမ်ထဲနေပြီး တိုင်းပြည်ကောင်းစားမှ အပြင်ထွက်လာတော့ ရှက်စရာပါ”လို့ Shake က ပြောပါတယ်။
လူငယ် အဆိုရှင် Shake ကတော့ The Voice Myanmar Season 3 မှာ ပါဝင် ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး Error အဖွဲ့အနေနဲ့ သီချင်းများ သီဆိုနေသူ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ တဝန်းမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်နေပြီး ညစဉ်ညတိုင်းမှာလည်း သံပုံးတီးကာ ဆန္ဒထုတ်ဖော်နေကြပါတယ်။
You may also like these stories:
Civil Disobedience Movement ကို အားပေးခဲ့ကြတဲ့ အနုပညာရှင်များ
“ပြည်သူတွေကို လက်နက်နဲ့ ပစ်တာ လူမဆန်တဲ့ လုပ်ရပ်”လို့ ပိုးလေး ပြော
“ပြည်သူတွေကို လက်နက်နဲ့ မပစ်ပါနဲ့”လို့ ဆင်မ တောင်းဆို