Entertainment

“လက်နက်ကိုင်တဲ့ ရည်ရွယ်ချက်က ရမ်းကားဖို့ မဟုတ်ဘူး”လို့ ဟန်ဇော်လတ် ပြော

စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ထိုင်း-မြန်မာ နယ်စပ်ကို ရောက်ရှိနေတဲ့ Gen Z Burma အဖွဲ့ဝင်၊ Miss Golden Land Myanmar Organization ရဲ့ CEO ကိုဟန်ဇော်လတ်က ယခု တော်လှန်ရေးဟာ အကြမ်းဖက် ဖိနှိပ်မှုတွေကို တုံ့ပြန် အကြမ်းဖက်မှာမျိုး မဟုတ်ဘဲ ပြန်လည် ခုခံ ကာကွယ်တာပါလို့ ဆိုပါတယ်။

“ကျနော်တို့ အခုတော်လှန်ရေးက သူတို့ အကြမ်းဖက် ဖိနှိပ်မှုတွေ တုံ့ပြန် အကြမ်းဖက်မှာမျိုး မဟုတ်ပါဘူး။ အကြမ်းဖက်မှုတွေကို ခုခံကာကွယ်တာပါ။ ပြည်သူတွေ လက်နက်ကိုင်တာ Revenge အတွက် မဟုတ်ဘဲ နှစ် ၇၀ ကျော် အရိုးစွဲနေပြီဖြစ်တဲ့ Structure of violence ကို ဖြုတ်ချဖို့အတွက် တိုက်ပွဲဝင်ကြရမှာပါ”လို့ ဟန်ဇော်လတ်က ပြောပါတယ်။

စစ်အာဏာရှင်ကို တော်လှန်ဖို့ လက်နက်ကိုင်တဲ့ ရည်ရွယ်ချက်က လက်နက်ကိုင်ပြီး ရမ်းကားဖို့ မဟုတ်ဘဲ ခံယူချက်၊ ယုံကြည်ချက်တို့နဲ့ တိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

Gen Z Burma အဖွဲ့ဝင် ကိုဟန်ဇော်လတ် (ဓာတ်ပုံ – Han Zaw Latt’s Facebook)

“စိတ်ခံစားချက် သက်သက်နဲ့ တိုက်နေကြတာ မဟုတ်ဘူး။ ခံယူချက်နဲ့ တိုက်နေတာ။ ယုံကြည်ချက်ကြောင့် တိုက်နေတာ။ သွေးခွဲဖို့ မကြိုးစားနဲ့။ ပြည်သူတွေ လက်နက်ကိုင်တဲ့ ရည်ရွယ်ချက်က မအလတပ်လို လက်နက်ကိုင် ရမ်းကားဖို့ မဟုတ်ပါ”လို့ ဟန်ဇော်လတ်က ပြောပါတယ်။

ဆက်လက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ဆိုရှယ်မီဒီယာမှာ လူပြောများခဲ့တဲ့ BBC မီဒီယာနှင့် စစ်သင်တန်း ဆင်းလာသူ တဦး၏ အင်တာဗျူးနဲ့ ပတ်သက်ပြီးလည်း အခုလိုပဲ ပြောထားပါတယ်။

Gen Z Burma အဖွဲ့ဝင် ကိုဟန်ဇော်လတ် (ဓာတ်ပုံ – Han Zaw Latt’s Facebook)

“စစ်သင်တန်း ဆင်းလာသူတွေထဲ ဖိုးဇော်ဆိုတဲ့သူ တကယ် မရှိဘဲ စစ်တပ်ဘက်က ခွင်ဆင်ပြီး အင်တာဗျူး မေး/ဖြေ လုပ်ထားတာ အားလုံး သိပါတယ်။ နောက် အင်တာဗျူးပါ အချက်တွေက PDF ရဲ့ သဘောထား မဟုတ်ပါဘူး”

“နောက်နောင် တာဝန်ပေးထားတဲ့သူ/ တာဝန်ရှိတဲ့သူတွေက လွဲလို့ မီဒီယာ အင်တာဗျူးတွေဆိုရင် ပြည်သူတွေအနေနဲ့ ချင့်ချိန်သုံးသပ်ပြီးမှ ယုံကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျ”လို့ ဟန်ဇော်လတ်က ပြောထားပါတယ်။

“Gen Z Burma” အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဟန်ဇော်လတ်ဟာ Miss Golden Land Myanmar Organization ရဲ့ CEO & Founder ဖြစ်ပြီး၊ သူဟာ စစ်အာဏာရှင်ကို လက်နက်ကိုင်ပြီး တော်လှန်ဖို့ ထိုင်း-မြန်မာ နယ်စပ် တနေရာက စစ်သင်တန်းတခုကို ရောက်ရှိနေသူ ဖြစ်ပါတယ်။

Loading