မြို့ပြမှာ အလုပ်လုပ်တဲ့ လူငယ်လူရွယ် လူလတ်ပိုင်းတွေအတွက် တပတ်လုံး အလုပ်ကြိုးစားလုပ် ပင်ပန်းခဲ့သမျှကို အပတ်စဉ် Friday Night သို့မဟုတ် Weekend တွေမှာ Night Out လုပ်ရင်း Bar ထိုင်တတ်ကြတဲ့ အလေ့အထတွေ လူငယ်တွေ ကြားမှာ Trend တခုလို ပြုလုပ်လာကြပါတယ်။
Night Out လုပ်လိုသူတွေနဲ့ မြို့ထဲမှာ Hang Out ချင်သူတွေ အတွက် မြေထဲပင်လယ်ဒေသ အစားအစာတွေနဲ့ စပိန်၊ ပြင်သစ် စတဲ့ အနောက်တိုင်း အစားအစာတွေ၊ ဝိုင်၊ ကော့တေးနဲ့ အကောင်းစား အဖျော်ယမကာများ စုံစုံလင်လင် ရနိုင်တဲ့ လူငယ်တွေ အကြိုက် ဖြစ်မယ့် “Babett Eatery & Bar” နဲ့ မိတ်ဆက် ပေးချင်ပါတယ်။
“Babett Eatery & Bar” က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းပေါ်မှာ တည်ရှိပြီး မြို့ထဲနဲ့ နီးတာကြောင့် လူငယ်တွေ ညနေဘက်၊ ညဘက် အေးအေးဆေးဆေး Hang Out လုပ်လို့ ကောင်းတဲ့ နေရာတခုပါ။
ဆိုင်ရဲ့ အပြင်ဘက်မှာ စိမ်းစိုတဲ့ အပင်တွေနဲ့ ပန်းခြံသဖွယ် အလှဆင်ထားတာပြီး ထိုင်စရာ ကျယ်ကျယ်ဝန်းဝန်း ရှိတာကြောင့် ညနေခင်း၊ ညဘက်တွေ အပြင်မှာ အေးအေးဆေးဆေး ထိုင်ရင်း စားသောက်ချင်သူတွေ အတွက် အဆင်ပြေပါတယ်။ ဆိုင် အတွင်းပိုင်းကတော့ အလည်မှာ Bar တခုရှိပြီး ဆိုင်အတွင်းမှာ အနိမ့်အမြင့် ထိုင်ခုံပုံစံ အမျိုးမျိုးနဲ့ ရှေးဟောင်းပစ္စည်းများ၊ ခေတ်ဟောင်း၊ ခေတ်မီ အနုပညာ လက်ရာတွေနဲ့ နံရံတွေမှာ အလှဆင် ထားတာ တွေ့ရပါတယ်။
ဆိုင်အထဲကို ရောက်သွားပြီ ဆိုရင် သီးခြားနေရာတခုကို ရောက်သွားသလိုမျိုး စိတ်ခံစားမှု အသစ်ပေးပါတယ်။ ဆိုင်မှာ အစားအသောက်တွေ ချက်ပြုတ်တဲ့ ရာနေရာကို Open Kitchen ပုံစံ ပြုလုပ်ထားတာတွေ့ ရပြီး မှန်ကနေ တဆင့် ပီဇာပြုလုပ်ပုံ၊ အစားအစာ ပြုလုပ်ပုံတွေကို အတိုင်းသား မြင်နေရပါတယ်။
ဆိုင်မှာ ထူးခြားချက် နောက်တခုက အသားတွေကို နူးညံ့အောင် သေချာပြုလုပ်စီမံထားတဲ့ Dry Ager စက်ပါ။ စက်ကို Kitchen ဝင်ပေါက် အဝမှာ အလွယ်တကူ တွေ့မြင်နိုင်ပြီး အဲဒီစက်မှာ အသားတွေကို ထိန်းသိမ်းထားရင် ၂၈ ရက်ကြာ အထားခံပြီး အသားတွေကို ချက်ပြုတ်ကြော်လှော် ကင်တဲ့ အခါ ပိုပြီးနူးညံ့တယ် လို့ Babett Kitchen ရဲ့ Executive Chef, Mr.Sylvian Royer က ဧရာဝတီကို ပြောပါတယ်။
သူက Michelin-Starred Chef တဦးဖြစ်ပြီး ကမ္ဘာကျော် ကြယ်ငါးပွင့်အဆင့် ဟိုတယ်နဲ့ စားသောက်ဆိုင်၊ ဘားများမှာ နှစ်ပေါင်း ၂၀ ကျော်ကြာ စားဖိုမှုး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ ပြင်သစ် စားဖိုမှုး Mr.Sylvian Royer နှင့် အင်တာဗျူး အပြည့်အစုံကို ပြင်သစ်စားဖိုမှူး Mr.Sylvian Royer နှင့် စကားစမြည် မှာ ဖတ်ရှုနိုင်ပါတယ်။
ဆိုင်ရဲ့ အစားအစာတွေကို အရသာ မြည်းစမ်းဖို့ Menu ထဲက ဆိုင်မှာ ထူးခြားပြီး အရသာရှိတဲ့ အစားအစာ တချို့ကို မှာယူ လိုက်ပါတယ်။ ပထမဆုံး မြည်းစမ်းကြည့်တဲ့ အစားအစာက G Board (ကျပ် ၄၀၀၀) နဲ့ G Pizza (ကျပ် တသောင်းခွဲ) ပါ။ G Board က အသားလွှာ၊ ချိစ်တွေကို ဘုတ်ပြားပေါ်မှာ တင်ထားပြီး ပေါင်မုန့်နဲ့ ချိစ်၊ အသားတွေကို တွဲဖက်စားရတာပါ။
အီတလီနဲ့ ပြင်သစ်မှ ချိစ်အရသာနဲ့ အသားလွှာတွေရဲ့ အရသာက အစပ်အဟပ် တည့်လှပါတယ်။ G Pizza က အီတလီ ဂျုံသားနဲ့ ပြုလုပ်ထားပြီး သေချာစွာ စနစ်တကျ ထင်းမီးနဲ့ ဖုတ်ထားတဲ့ ပီဇာအရသာကို ခံစားမိပါတယ်။ G Board နဲ့ အတူ G Piazza စားရင်း အမြည်းစားဖို့ ချပေးထားတဲ့ အရံဟင်းလျာ (Tapas) အမျိုးမျိုးကိုလည်း မြည်းစမ်းကြည့်ပါတယ်။ Tapas ဆိုတာ စပိန် အစားအစာတွေကို Appetizer ၊ Snack လိုပုံစံမျိုး ပေါ့ပေါ့ပါးပါး စားလို့ရတဲ့ အရံဟင်းပွဲတွေကို ခေါ်တာပါ။
“Tapas” တွေမှာ တွေ့ရတာက “Brandada Roll” လို့ခေါ်တဲ့ ပင်လယ် ငါးတမျိုးရဲ့ အသားကို သံလွင်ဆီနဲ့ စီမံချက်ပြုတ် ထားပြီး သခွားသီးဖတ်တွေနဲ့ လိပ်ထားတာပါ။ နောက်တခုက “Croqueta Jamon” ဆိုတဲ့ အာလူးနဲ့ ချိစ် ကတ်တလိတ် အလုံးကြော်တွေ ပါ။ စားရတဲ့အခါ ခံတွင်းထဲမှာ အာလူးအရသာနဲ့ ချိစ်အရသာ ပေါင်းစပ်ထားတဲ့ ချိုချိုဆိမ့်ဆိမ့် အရသာ ခံစားမိပါတယ်။
Tapas ၂ ခု “Deep Fried Cala” (ပြည်ကြီးငါး အကွင်းကြော်) နဲ့ “Ensaladilla” (တူနာငါး ချိစ် အသုတ်) တို့ကို စားကြည့်တဲ့အခါ အနောက်တိုင်း အစားအစာတွေ ဖြစ်နေပေမယ့်လည်း အရသာက မြန်မာခံတွင်းနဲ့ စားလို့ အဆင်ပြေတာကို ခံစားမိပါတယ်။ Tapas တွေရဲ့ ဈေးနှုန်းက တပွဲကို ၃ ထောင် ကျပ်ပါ။ Taps တွေနဲ့ Pizza ကို မြည်းစမ်းပြီးတဲ့အခါ Main Dish (အဓိကဟင်းလျာ) တွေရဲ့ အရသာကို မြည်းစမ်း ကြည့်ခဲ့ပါသေးတယ်။
Main Dish တွေက Pork Chop (ဝက်ဂုတ်သား) ၊ Imported Black Angus Rib Eye (Angus အမဲနံရိုးသား)၊ Gambas al ajillo (စပိန်စတိုင် ပုဇွန်ဟင်းလျာ)၊ Roasted Baby Carrot နဲ့ Salmorejo (ဆယ်လ်မွန်ငါး Soup) တို့ပဲ ဖြစ်ပါတယ်။ ဆိုင်ရဲ့ အဓိက ထူးခြားချက် Dry Ager အသုံးပြုပြီး ကင်ထားချက်ထားတဲ့ အသား ဟင်းလျာ တွေက ထင်ထားတာထက်ကို နူးညံ့ပြီး အသားတလွှာချင်းက စားလို့ကောင်းပြီး အရသာရှိပါတယ်။
“Roasted Baby Carrot” လို့ ခေါ်တဲ့ မုန်လာဥနီလေးကင်က ထူးထူးခြားခြားပါ။ မုန်လာဥနီ အသေး တခုချင်းစီက အရသာ ချိုချိုနဲ့ စားလို့ ကောင်းပါတယ်။ အသားများများ ပါတာကြောင့် စားရင်း အီလာတဲ့ အခါ ခရမ်းချဉ်နဲ့ “ဆယ်လ်မွန်ငါး Soup” နဲ့ အအီဖြေလို့ ရပါတယ်။
နောက်ဆုံး စားတဲ့ Dessert က “Chocolate Volcano” နဲ့ “Lemon Pie” ပါ။ မြန်မာလိုတော့ ချောကလက် ပူရှုှိန်းအေး၊ ဒါမှမဟုတ် ချောကလက်ပူရှိန်းမွှေး လို့ ခေါ်ရမယ် ထင်ပါတယ်။ Chocolate Volcano က ချောကလက် အရသာ ပူပူနွေးနွေးနဲ့ အထဲမှာ Vanilla Ice –cream အရသာ အေးအေး ခံစားမိပြီး Lemon Pie က Lemon အရသာ အနံ့ သင်းသင်း ခံစားမိပါတယ်။
ခြုံပြီးပြောရရင် Babett Bar က အစားအစာတွေက မြေထဲပင်လယ်ဒေသ၊ စပိန်၊ ပြင်သစ် စတဲ့ အနောက်တိုင်း အစားအစာတွေ ဆိုပေမယ့် အရသာက မြန်မာခံတွင်းနဲ့ လိုက်ဖက်ပြီး စားလို့ အဆင်ပြေတာ တွေ့ရပါတယ်။ ဆိုင်ရဲ့ အတွင်းပိုင်း၊ အပြင်ပိုင်း ဖွဲ့စည်းပုံ Decoration ကလည်း လူငယ်တွေ အကြိုက် ပုံစံမျိုးနဲ့ ထိုင်ခုံနေရာ ထိုင်ခင်းတွေကလည်း ထိုင်ရတာ အဆင်ပြေပါတယ်။
“Hotel G” နဲ့ တဆက်တည်း ဖွင့်လှစ် ထားတဲ့ “Babett Eatery & Bar” မှာ Michelin-Starred ပြင်သစ် စားဖိုမှုး ဦးစီးပြီး ချက်ပြုတ်တယ်၊ အရသာ ထူးခြားပြီး စားလို့ကောင်းတယ်၊ ဒါေကြောင့် အစားအသောက်ကောင်းကောင်း ကြိုက်သူတွေ အတွက် ညွှန်းဆိုလိုက်ပါတယ်။ ။
ဆိုင်လိပ်စာ – “Babett Eatery & Bar”
အမှတ် (၅) ၊ “Hotel G” မြေညီထပ်၊ အလံပြဘုရားလမ်းနှင့် ယောမင်းကြီးလမ်းထောင့်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။