နေ့တိုင်းစားနေရတဲ့ ဟင်းတွေငြီးငွေ့လာပြီဆိုရင် အရသာလည်းထူးခြား အပြင်က ကြက်ကြော်ဆိုင်တွေမှာ ရောင်းတဲ့ အရသာအတိုင်း ထပ်တူကျမယ့် ကြက်ချိုစပ်ကြော်ကို အိမ်မှာ ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။
ချိုစပ်လေးနဲ့ အရသာရှိပြီး အလွယ်တကူပြင်ဆင်ချက်ပြုတ်နိုင်လို့ အိမ်သားအကြိုက်တွေ့စေမယ့် ဟင်းလျာတခွက်ပါ။ ကြက်ချိုစပ်ကြော် ပြင်ဆင်ချက်ပြုတ်မယ်ဆိုရင် —
သကြားအညို
ပျားရည်
ပဲငံပြာရည်
ဂျင်း
ကြက်သွန်မြိတ်
ငရုတ်ဆော့အစပ်
ငရုတ်ကောင်း
ဆား
ကြက်ရင်ဖုံသား (သို့) ကြက်ပေါင်
ဆီ တို့လိုအပ်ပါတယ်။
အရင်ဆုံး ဂျင်း၊ ကြက်သွန်ဖြူတို့ကို အတုံးသေးလေးတွေ လှီးထားပါ။ ကြက်ရင်ဖုံသားကို အနေတော်အတုံးလေး တွေတုံးပြီး လက်မဝက်အရွယ်လောက် အသားကိုဓားနဲ့မွှန်းထားပါ။
ပြီးရင်တော့ ပန်းကန်လုံးတလုံးထဲမှာ သကြားညို၊ ပျားရည်၊ ပဲငံပြာရည်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်အစပ်ဆော့ တွေကို နှံ့အောင်မွှေထားပါ။ အနေတော်တုံးထားတဲ့ ကြက်ရင်ဖုံသားတွေကို ငရုတ်ကောင်း၊ ဆား အနည်းငယ် ထည့်ပြီး အရသာသွင်းထားပါ။
အားလုံးပြင်ဆင်ပြီးပြီဆိုရင် ကြက်သားကြော်ပါမယ်။ ဒယ်အိုးထဲ ဆီထည့်ထားပါ။ ဆီပူလာရင် ကြက်သားကို အညိုရောင်သမ်းသွားတဲ့အထိ ၁ မိနစ်ကျော်လောက် တဖက်စီကို ကြော်ပါ။
အညိုရောင်သမ်းသွားပြီဆိုရင် ဖျော်ထားတဲ့ ဆော့စ်ကို ကြက်သားကြော်ပေါ်ဆမ်းပြီး မီးအပူချိန်လျော့လို့ အဖုံး ဖုံးထားလိုက်ပါ။ ၁၀ မိနစ်လောက်ကြော်လိုက်ရင် အရသာရှိပြီး အနံ့မွှေးမွှေးလေးနဲ့ စားလို့ကောင်းတဲ့ ကြက်ချို စပ်ကြော် ရပါပြီ။ နှစ်သက်ရင် ကြက်သားကြော် အပေါ်ကနေ မြေပဲမှုန့်လေးဖြူးလိုက်ပါ။
Ref: Allrecipes