လေဖြတ်တယ် ဆိုတာ ကျန်းမာရေးအရ အရေးပေါ် အခြေအနေတရပ်ပဲ ဖြစ်ပါတယ်။ ဦးနှောက်အတွင်းရှိ ဆံချည်မျှင် သွေးကြောတွေ ပေါက်ထွက်တာ၊ ဒါမှမဟုတ် ဦးနှောက်အတွင်း သွေးကြော ပိတ်ဆို့တာကြောင့် လေဖြတ်ခြင်း ဖြစ်တာပါ။ ဦးနှောက်အတွင်း သွေးကြောပိတ်ဆို့တာက အဖြစ်အများဆုံးပါ။
အမေရိကန်နိုင်ငံမှာ ဆိုရင် လေဖြတ်ခြင်းဟာ အသေအပျောက် အများဆုံး ရောဂါတခုလည်း ဖြစ်နေပါတယ်။ အချိန်မီ ကုသမှု မရရင် ဦးနှောက် အတွင်းရှိ ကလပ်စည်းတွေ အလျင်အမြန် ပျက်စီး ရပ်တန့်သွားနိုင်ပါတယ်။ ကလပ်စည်းတွေ ပျက်စီးတဲ့ ရလဒ်အနေနဲ့ ကတော့ ဆိုးဆိုးဝါးဝါး မသန်စွမ်းဖြစ်တာ၊ ဒါမှမဟုတ် သေဆုံးတာ ဖြစ်ပေါ်စေနိုင်ပါတယ်။ လေဖြတ်ခြင်းနဲ့ ပတ်သက်ပြီး ကျန်းမာရေး ပညာပေး ဆေးပညာဆောင်းပါးတွေ ဖြန့်ဝေပေးနေတဲ့ webmd.com မှာ ဖော်ပြထားတာတွေကို လေ့လာတင်ပြပါမယ်။
လေဖြတ်ခြင်း လက္ခဏာများ
အကယ်၍ သင့်ဝန်းကျင်က လူတဦးဦးမှာ အောက်ပါ လက္ခဏာတွေ ပြပြီဆိုရင်တော့ အချိန်မဆိုင်းဘဲ အရေးပေါ် ဆေးကုသမှု ခံယူပါ။
– ရုတ်တရက် ခန္ဓာကိုယ် ထုံကျင်လာခြင်း (သို့မဟုတ်) လေးလံထိုင်းမှိုင်းလာခြင်း။ အထူးသဖြင့် ကိုယ် တဖက်နဲ့ တဖက် လှည့်လို့ မရတော့ခြင်း၊
– ရုတ်တရက် အမြင်အာရုံဝေဝါးသွားပြီး မျက်စိနှစ်ဘက်လုံး ဟိုဘက်ဒီဘက် ကြည့်လို့ မရတော့ခြင်း (သို့မဟုတ်) လည်ချောင်း အတွင်း မျိုချရ ခက်ခဲလာခြင်း၊
– ရုတ်တရက် အကြောင်းပြချက်မရှိဘဲ အပြင်းအထန်ခေါင်းကိုက်လာခြင်း၊
– ရုတ်တရက် မူးဝေခြင်း၊ လမ်းလျှောက်ခြင်းနှင့် ကိုယ်နေဟန်ထားတို့ ယိုယွင်းလာခြင်း၊
– စကားပြောရာမှာ ဗလုံးဗထွေးဖြစ်ခြင်း၊ စကားလုံးပြောရခက်ခဲလာခြင်း (သို့မဟုတ်) ပြောစကားကို တဖက်လူ နား မလည်ခြင်း စတဲ့ အချက်တွေပါ။
လေဖြတ်/မဖြတ်စမ်းနည်း
အင်္ဂလိပ်လို F A S T ဆိုတဲ့ စမ်းသပ်ချက်နဲ့ လေဖြတ်ခံရတဲ့ ရောဂါလက္ခဏာကို စမ်းသပ်နိုင်ပါတယ်။ F ဆိုတာ Face မျက်နှာပါ။ မျက်နှာမှာ ပြုံးခိုင်းကြည့်ပါ။ ပုံမှန် သူပြုံးနေကျ အတိုင်း ဖြစ်၊ မဖြစ် စစ်ဆေးပါ။ A ကတော့ Arms လက်မောင်းပါ။ လက်မောင်းကို မြှောက်ခိုင်းပြီး ဘယ်ဘက် ညာဘက် လှည့်ခိုင်းကြည့်ပါ။
S ကတော့ Speech စကားပြောခိုင်းပါ။ နမူနာဝါကျ တကြောင်းကိုပဲ သူ အကြိမ်ကြိမ် ရွတ်တာ အဆင်ချောရဲ့လား လေ့လာပါ။ စကားမပီမသ ဖြစ်နေတာ၊ လေးတွဲနေတာ ဖြစ်နေသလား သေချာနားထောင်ပါ။ T ကတော့ Time အချိန်ပါ။ အထက်ဖော်ပြပါ လက္ခဏာအတိုင်း စစ်ဆေးကြည့်လို့ သေချာပြီဆိုရင် အချိန် မနှောင်းစေဘဲ ဆေးရုံ၊ ဆေးခန်းပြေး ပေတော့။
လေဖြတ်ခြင်း
အချိန် = ဦးနှောက်ဆဲလ်များ ယိုယွင်းပျက်စီးခြင်း
လေဖြတ်ခံရတဲ့ ဝေဒနာရှင် တဦး အတွက် ကုသခံယူဖို့ စက္ကန့်တိုင်းမှာ အရေးကြီးနေပါတယ်။ အောက်စီဂျင် ပြတ်လပ် သွားပြီ ဆိုရင် ဦးနှောက်ဆဲလ်တွေဟာ စက္ကန့်ပိုင်းမှာ စတင် သေသွားနိုင်ပါတယ်။
ဦးနှောက်သွေးခဲမှုကို ဟန့်တားပြီး ဦးနှောက် ဆဲလ် ပျက်စီးမှုကို ထိန်းနိုင်တဲ့ ဆေးဝါးတွေတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒီဆေးတွေကို လေဖြတ်ပြီးပြီးချင်း ၃ နာရီအတွင်း သုံးနိုင်ဖို့ လိုပါတယ်။ ၄ နာရီ၊ ၅ နာရီလောက် ကြာပြီးပြီ ဆိုရင်တော့ တချို့လူတွေဟာ လေဖြတ်ခြင်း ကနဦး ရောဂါ လက္ခဏာတွေ စတင်ပြသလာပြီ ဖြစ်ပါတယ်။
ဦးနှောက်တစ်သျှူးတွေဟာ တခါသေပြီးပြီဆိုရင် ခန္ဓာကိုယ် အစိတ်အပိုင်း တွေလည်း အပြည့်အ၀ အလုပ် မလုပ်နိုင်တော့ပါဘူး။ ဒီအချက်ဟာ လေဖြတ်ခံရတဲ့ ဝေဒနာရှင်တယောက် နာတာရှည် မသန်စွမ်းဘ၀ ရောက်စေတဲ့ အချက်ပါပဲ။
လေဖြတ်ရောဂါ ရှာဖွေရေး
လေဖြတ်တဲ့ လက္ခဏာနဲ့ ဆေးရုံရောက်လာသူတွေကို ပထမဆုံး အဆင့် အနေနဲ့ ဘယ်လို လေဖြတ်ရောဂါ အမျိုးအစား ဖြစ်နေသလဲ ဆိုတာ သုံးသပ် ဆုံးဖြတ်ရပါတယ်။ အဓိက လေဖြတ်ရောဂါ ၂ မျိုး ရှိပြီး အဲဒီ နှစ်မျိုးစလုံးကို ကုသနည်း တနည်းနဲ့ ကုလို့ မရပါဘူး။
စီတီစကင်န် (CT scan) ဟာ ဦးနှောက်သွေးကြော ပိတ်ဆို့တာလား၊ ဒါမှမဟုတ် ဦးနှောက် သွေးကြော ယိုစိမ့်တာလား ဆိုတာ ဆရာဝန် စဉ်းစားဆုံးဖြတ်ဖို့ အထောက်အကူ ပေးပါတယ်။ နောက်ထပ် စမ်းသပ်ရမှာက ဦးနှောက်သွေးခဲနေတဲ့ နေရာ၊ ဒါမှမဟုတ် ဦးနှောက်သွေးယိုစိမ့်နေရာကို ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။
Ischemic လေဖြတ်ခြင်း
ဒီ Ischemic လေဖြတ်ခြင်းက အဖြစ်အများဆုံး လေဖြတ်ရောဂါ အမျိုးအစား ဖြစ်ပြီး လေဖြတ်သူ ၁၀ ဦးမှာ ၉ ဦး ဖြစ်ပါတယ်။ ဦးနှောက် အတွင်း ဆံချည်မျှင် သွေးကြောတွေ ပိတ်ဆို့စုခဲပြီး လေဖြတ်စေတာမျိုးပါ။ ယင်း သွေးစုခဲနေခြင်းဟာ အစက်တစက် အဖြစ်ကနေ သွေးထဲ စီးဆင်းရင်း ခန္ဓာကိုယ်ရဲ့ဘယ် အစိတ်အပိုင်းများကို မဆို ကူးစက်ပြီး စုခဲနေစေနိုင်တာ ဖြစ်ပါတယ်။
လေဖြတ်ခံရပြီးနောက် နာလန်ထူလာပါက နေထိုင်နည်း
လေဖြတ်ခံရဖူးတဲ့ ဝေဒနာရှင်ဟာ နာလန်ထူရေး အစီအစဉ်အတိုင်း လိုက်နာမယ် ဆိုလျှင် ကိုယ့်ဘာသာကိုယ် စိတ်သစ် လူသစ်နဲ့ အထူးဂရုတစိုက် နေထိုင်ရမှာ ဖြစ်ပါတယ်။ ဆရာဝန် ပေးထားတဲ့ ဆေးကို ပုံမှန်သောက်ပေးရင် လုံးလုံးလျားလျား လူကောင်း ပကတိ ပြန်ဖြစ်ဖို့ အထိ လုံလောက်ပါတယ်။ လေဖြတ်လူနာ ကုထုံး အတိုင်း လေ့ကျင့်ပေးရင် အိပ်ရာထဲ လဲလျောင်း နေရတဲ့ မသန်စွမ်း ဘဝကနေ လွတ်မြောက်နိုင်ပါတယ်။ လေဖြတ်ခံရပြီး ပြန်ကောင်းသွားတဲ့ လူနာတွေရဲ့ ၃ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်း လောက်ကပဲ ဒုတိယအကြိမ် လေထပ်ဖြတ်ဖို့ အခွင့်အလမ်းရှိတယ် လို့ ဆရာဝန်တွေက ဆိုပါတယ်။
Ref: www.webmd.com