ကိုယ်ဝန်ဆောင်နေစဉ် ဒါမှမဟုတ် ကလေးမီးဖွားနေစဉ်အတွင်း မိခင်သေဆုံးမှု အများဆုံး နိုင်ငံတွေရဲ့စာရင်းကို ကမ္ဘာ့ဘဏ်က ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။ အဲဒီ နိုင်ငံတွေရဲ့စာရင်းမှာ အာဖရိကနိုင်ငံတွေက အများဆုံးပါပဲ။ ဒီပြဿနာတွေ အများဆုံးဖြစ်ရတဲ့အကြောင်းတွေထဲမှာ အဓိက အကြောင်းကတော့ ဆေးပစ္စည်း မလုံလောက်မှုနဲ့ ကိုယ်ဝန်ဖျက်ချမှုတွေကြောင့်ပါ။
(၁) Sierra Leon
မိခင်သေဆုံးမှုနှုန်း အများဆုံးနိုင်ငံတွေရဲ့စာရင်းမှာ Sierra Leon နိုင်ငံက ထိပ်ဆုံးက ရှိနေပါတယ်။ ကလေးမီးဖွားမှုနှုန်း ၁ သိန်းမှာ ၁၃၆၀ ယောက်နှုန်း သေဆုံးနေရပါတယ်။ Sierra Leon နိုင်ငံဟာ အာဖရိကနိုင်ငံတွေထဲမှာ အဆင်းရဲဆုံး နိုင်ငံတနိုင်ငံပါ။ ဆင်းရဲလွန်းတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့် လည်း Sierra Leon နိုင်ငံဟာ ကိုယ်ဝန်ဆောင်မိခင်တွေ သေဆုံးရမှုနှုန်း မြင့်မားနေပါတယ်။ ဆင်းရဲတဲ့အတွက်ကြောင့်ရော သေချာလေ့ကျင့်ပေးထားတဲ့ ကျန်းမာရေး လုပ်သားတွေပါ မရှိတဲ့ အတွက်ကြောင့် Sierra Leon နိုင်ငံဟာ မိခင်သေဆုံးမှုနှုန်း အမြင့်ဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။
(၂) Central African Republic
Sierra Leon နိုင်ငံပြီးတဲ့နောက်မှာတော့ Central African Republic နိုင်ငံက မိခင်သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံ တနိုင်ငံပါ။ Central African Republic နိုင်ငံရဲ့ ကလေးမီးဖွားမှုနှုန်း ၁ သိန်းမှာ မိခင်ပေါင်း ၈၈၂ ယောက် သေဆုံး နေရပါတယ်။ Central African Republic နိုင်ငံဟာ အာဖရိကမှာ တတိယ အဆင်းရဲဆုံး နိုင်ငံတနိုင်ငံပါ။ ဆင်းရဲမွဲတေမှုကြောင့်လည်း အမျိုးသမီးတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုကို အပြည့်အဝ မရကြပါဘူး။
ဆေးရုံနဲ့ ဆေးပေးခန်းတွေကလည်း ဝေးကွာလွန်းတဲ့အပြင် သယ်ယူပို့ဆောင်ရေးကလည်း ခက်ခဲတဲ့အတွက် မိခင်သေဆုံးရမှု နှုန်းထားတွေက တိုးလာနေဆဲပါ။ ကလေးမွေးဖွားနှုန်းရဲ့ ၄၅ ရာခိုင်နှုန်းက ကျွမ်းကျင်မှုမရှိတဲ့ အရပ် လက်သည်တွေကြောင့် သေဆုံးနေရပါတယ်။
(၃) Chad
နောက်ထပ်တနိုင်ငံကတော့ Chad နိုင်ငံပါ။ Chad နိုင်ငံကလည်း မိခင်သေဆုံးရမှုနှုန်း တတိယ အများဆုံး နိုင်ငံ တနိုင်ငံပါ။ ကလေးမီးဖွားမှုနှုန်း ၁ သိန်းမှာ ၈၅၆ ယောက်နှုန်း သေဆုံးနေရပါတယ်။ သေဆုံးသူ အတော်များများကတော့ ငယ်ရွယ်သူ ကိုယ်ဝန်ဆောင် မိခင်တွေပါ။ နောက်ထပ် ပြဿနာတခုကတော့ လိင်ခွဲခြား ဆက်ဆံမှုကြောင့်ပါ။ Chad နိုင်ငံမှာ အမျိုးသမီးတွေဟာ လိင်ခွဲခြားဆက်ဆံခံရတဲ့အပြင် ကျန်းမာရေးအသိကလည်း မရှိသလောက်ပါပဲ။
နောက်ထပ် မိခင်သေဆုံးရမှုနှုန်း အများဆုံးနိုင်ငံတွေကတော့ နိုင်ဂျီးရီးယား၊ တောင်ဆူဒန်၊ ဆိုမာလီယာ၊ လိုင်ဘေးရီးယား၊ ဘူရွန်ဒီ၊ ဂမ်ဘီယာနဲ့ ကွန်ဂိုနိုင်ငံတွေပါ။ ဒါကြောင့်လည်း အာဖရိက နိုင်ငံအများစုဟာ မိခင်တွေရဲ့ ကျန်းမာရေးကို ဦးစားပေး အစီအစဉ်အနေနဲ့ ဆောင်ရွက်လာကြပါတယ်။
Ref : worldatlas