မြန်မာအမျိုးသား ဘောလုံးအသင်း အုပ်စုပွဲစဉ်နဲ့တင် ထွက်ခဲ့ရတဲ့နေ့က အလုပ်လုပ်ရတာ စိတ်မပါတော့သလို ဝမ်းနည်းပြီး မျက်ရည် ကျခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ သရုပ်ဆောင်ကျော်ကျော်ဗိုက ဧရာဝတီကို ပြောပါတယ်။
“ကားမှာ မြန်မာနိုင်ငံအလံကိုလွှင့်ပြီး နေပြည်တော်ထိ လိုက်ပြီးအားပေးဖို့ အားလုံး စီစဉ်ထားခဲ့တာ။ အခုတော့ အားလုံး သွားပြီလေ။ ဘာမှ လုပ်လို့မရတော့ဘူး” လို့ သူက ဆိုပါတယ်။
အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုအဆင့်နဲ့တင် ထွက်ခဲ့ရတဲ့ မြန်မာအသင်းရဲ့ ပရိသတ်တွေ အနေနဲ့ မြန်မာ- အင်ဒို ပွဲအပြီးမှာ ရဲတွေနဲ့ ထိပ်တိုက်ပြဿနာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဟာ မျှော်လင့်ချက် ဆုံးရှုံးခြင်းရဲ့ နောက်ဆက်တွဲ စိတ် ခံစားချက်တွေ ပေါက်ကွဲခြင်း ဖြစ်တာကြောင့် ပရိသတ်ကို အပြစ်ပြောလို့ မရဘူးလို့ ဘောလုံးဝါသနာရှင် တဦးလည်းဖြစ်တဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုက ဆက်ပြောပါတယ်။
“ဒီလောက်အထိပဲ ဖြစ်တာ အနည်းဆုံး ဖြစ်ပျက်သွားတာပဲ။ တခြား နိုင်ငံတွေမှာသာ ဆိုရင် ဒီထက်ပိုပြီး ပေါက်ကွဲနိုင်တယ်။
အားပေးအားမြှောက် လုပ်ပြီး ပြောတာမဟုတ်ဘူး။ ဖြေသိမ့်လို့ ရအောင်ပြောပြတဲ့ သဘောပါ။ ပရိသတ်ကို အပြစ်တော့ ပြောလို့မရဘူး” လို့ သူက ဆိုပါတယ်။
နိုင်ငံတကာက ဘောလုံးပွဲတွေမှာ ဆိုရင် ပရိသတ်ရဲ့ ပေါက်ကွဲမှုက ဒီထက်ပြင်းထန် တာကြောင့် မြန်မာ ပရိသတ်တွေရဲ့ ပေါက်ကွဲချက် တွေကို နိုင်ငံရေးအမြင်နဲ့ မမြင်ဘဲ၊ အားကစား စိတ်ဓာတ်နဲ့သာ ကြည့်မယ်ဆိုရင် မထူးဆန်းဘူးလို့ သူက သုံးသပ်ပါတယ်။
အင်ဒိုနီးရှားအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုအဆင့်မှာတင် ပြိုင်ပွဲက နုတ်ထွက်ခဲ့ရတဲ့ မြန်မာအမျိုး
သား ဘောလုံးအသင်း အနေနဲ့ အသင်းရဲ့ စည်းလုံးညီညွတ်မှုနဲ့ ကစားကွက်သာ ကောင်းမယ်ဆိုရင် ပြိုင်ပွဲကို အကောင်းဆုံး ကစားသွားနိုင်မှာ ဖြစ်ပေမယ့် ပွဲကို ထိန်းချုပ်မကစားနိုင်ခဲ့လို့ ရှုံးနိမ့်သွားခဲ့ရတာ ဖြစ်နိုင်တယ်လို့လည်း ကျော်ကျော်ဗိုက ပြောဆိုပါတယ်။
နည်းပြချုပ် ပက်ဆောင်ဟွာရဲ့ စီစဉ်ပုံ ညံ့ဖျင်းတာကြောင့် ပြိုင်ဘက်အသင်းကို ရှုံးနိမ့်ခဲ့တာလည်း အဓိက အကြောင်း ပြချက်တခု ဖြစ်ပေမယ့်၊ ကစားသမားတွေ အနေနဲ့ ပွဲစဉ်တခုလုံးကိုသာ ထိန်းချုပ် ကစားနိုင်ခဲ့မယ်ဆိုရင် ကွင်းမကောင်းတဲ့ ပြဿနာ၊ မြက်ခင်း မကောင်းဘူးဆိုတဲ့ ပြဿနာ၊ ဒိုင်လူကြီး ဘက်လိုက်မလိုက် စတဲ့ ပြဿနာတွေက အရေးမကြီးဘူးလို့ သူက ဆိုပါတယ်။ မြန်မာ ကစားသမားတွေ အနေနဲ့ ကွင်းထဲမှာ လာရောက် အားပေးတဲ့ သောင်းနဲ့ချီတဲ့ ပရိသတ်ရဲ့ ဖိအား ပေးမှုတွေကိုလည်း ခံနိုင်ရည်ရှိအောင် ကြိုးစားဖို့တော့ လိုအပ်တဲ့အကြောင်း သူက အကြံပြုပါသေးတယ်။
“ဘောလုံးအသင်း ၁၀ သင်းကို ဖိတ်ပြီး ကစားမယ့်အစား၊ လူစိတ်ဝင်စားနိုင်တဲ့ အသင်းတသင်းကို ဖိတ်ခေါ်ကစားတာက ပိုကောင်း လိမ့်မယ်လို့ ထင်တယ်။ အစစအရာရာ အခုကတည်းက အားလုံး ပြင်ဆင်သွားမှ ရလိမ့်မယ်” လို့ ကျော်ကျော်ဗိုက သူ့ထင်မြင်ချက်ကို ပြောပါတယ်။
ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်တဦးဖြစ်တဲ့ ကျော်ကျော်ဗိုရဲ့ ငယ်ဘဝ အိပ်မက်က ဘောလုံးသမား တယောက် ဖြစ်ချင်ခဲ့တာ ဆိုပေမယ့် လက်ရှိမှာတော့ သရုပ်ဆောင် အနုပညာရှင် တယောက် ဆိုတဲ့ ဘဝကို ခံယူထားသူပါ။ ဒါကြောင့် အခုနေခါမှာ ဘောလုံးသမား တယောက် ဖြစ်မနေခဲ့ပေမယ့်၊ ဘောလုံးအားကစား ကိုတော့ ဝါသနာ ကြီးလွန်းသူလို့ ယူဆရပါတယ်။
မြန်မာအမျိုးသား ဘောလုံးအသင်း အုပ်စုပွဲစဉ်ကနေ ထွက်ရတဲ့ ပွဲပြီး နောက်တနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကျော်ကျော်ဗိုဟာ သူ့ရဲ့ ကိုယ်ပိုင် facebook စာမျက်နှာမှာ ဘောလုံးပွဲနဲ့ ပတ်သက်လို့ သူ့ရဲ့ ခံစားချက်တွေကို မချိတင်ကဲ ရေးပြီး တင်ထားတာ တွေ့ရပါတယ်။
ဆီးဂိမ်းမစတင်ခင် ၂ နှစ်လောက် ကတည်းက ကိုရီးယား၊ ဂျပန် စတဲ့ နိုင်ငံတွေကို သွားပြီး ဘောလုံးနဲ့ဆိုင်တဲ့ လေ့ကျင့် ခန်းတွေ၊ ကစားပွဲတွေ အများအပြား လုပ်ခဲ့တဲ့ မြန်မာအမျိုးသား ဘောလုံးအသင်းဟာ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲစဉ်ကို တက်ကိုတက်ရမယ်လို့ မြန်မာ ပရိသတ်အများ နည်းတူ ကျော်ကျော်ဗိုလည်းပဲ မျှော်လင့်ချက် ကြီးကြီးထားခဲ့သူ ဖြစ်ပါတယ်။
ရုပ်ရှင်ရိုက်ကွင်း တချို့ကို နားထားကြပြီး အမျိုးသား ဘောလုံးအသင်းကို နေပြည်တော်မှာ လိုက်လံ အားပေးကြဖို့တောင် တခြားသူတွေကို စည်းရုံးခဲ့သေးတယ် လို့လည်း ကျော်ကျော်ဗိုက ပြောပါတယ်။
မြန်မာအမျိုးသား ဘောလုံးအသင်းကို လေးနှစ်နီးပါး ကိုင်တွယ်ခဲ့တဲ့ နည်းပြချုပ် ပက်ဆောင်ဟွာရဲ့ ဖြေရှင်းချက်ကိုလည်း ကျော်ကျော်ဗိုက လက်ခံချင်ပုံမရပါဘူး။
“အရေးကြီးတဲ့ ကိစ္စတခုရဲ့နည်းစနစ်ပိုင်း၊ စည်းမျဉ်းပိုင်းကို နားမလည်ဘူး ဆိုတာကတော့ မဖြစ်သင့်ဘူး။ ပွဲပြီးမှ တတိုင်းပြည် လုံးကို “ဆောရီးပါ” ဆိုတဲ့ စကားတခွန်းတည်း နဲ့တော့ ရမလား။ ဒါက အဆင်မပြေဘူးလေ” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေနဲ့ နောက်ပိုင်းမှာ နည်းပြ တာဝန်ယူမယ့် ပုဂ္ဂိုလ်ကို ငှားတော့မယ်ဆိုရင် လူကြီးလူကောင်း ဆန်တဲ့၊ ကိုယ့်တာဝန်ကိုယ် ယူနိုင်သော နည်းပြကို ငှားဖို့တော့ လိုလိမ့်မယ်လို့လည်း သူကအကြံပြုပါသေးတယ်။