အရှေ့အလယ်ပိုင်းကိုမှ ခရီးထွက်ချင်တယ်ဆိုရင်တော့ ဂျော်ဒန်နိုင်ငံကို မမေ့ထားသင့်ပါဘူး။ ခမ်းနားကြီးကျယ်တဲ့ သမိုင်းဆိုင်ရာ အဆောက်အဦတွေ၊ စွန့်စွန့်စားစား လည်ပတ်စရာတွေနဲ့ စားကောင်းသောက်ဖွယ်တွေရှိတဲ့ အာရပ် နိုင်ငံတနိုင်ငံဖြစ်ပါတယ်။
ဒါ့ထက်ပိုပြီး တိကျတဲ့ အကြောင်းအရင်းတွေကို သိချင်သူတွေအတွက် ဂျော်ဒန်နိုင်ငံအကြောင်း ဖော်ပြပေးချင်ပါတယ်။
(၁) အစားအစာ နိဗ္ဗာန်
အစားအစာအကောင်းတွေကို မြည်းစမ်းချင်သူတွေအတွက် အရှေ့အလယ်ပိုင်းနဲ့ မြေထဲပင်လယ် လွှမ်းမိုးမှုပါတဲ့ ရိုးရာစားစရာတွေကို ဂျော်ဒန်နိုင်ငံရဲ့ မြို့တော် Amman မှာ စုံစုံလင်လင်ရနိုင်ပါတယ်။ အသားနဲ့ အသီးအနှံတွေ ကိုသံလွင်ဆီ အဓိက အသုံးပြုပြီး ချက်ပြုတ်ထားတဲ့ ဖွယ်ဖွယ်ရာရာ ဟင်းလျာမျိုးစုံကို စားသောက်နိုင်ပြီး ဒေသခံတွေ ပြောစကားအရ သိုးသားကိုတော့ စားဖြစ်အောင် စားသင့်တယ်လို့ ဆိုပါတယ်။
နိုင်ငံအနှံ့ကို ခရီးသွားရခြင်းတွေရဲ့ ရည်ရွယ်ချက်တွေထဲမှာ ဒေသစာ စားဖို့ ဆိုတာလည်း တခုအပါအဝင်ပဲ မဟုတ်ပါလား။
(၂) Wadi Rum
အရှေ့အလယ်ပိုင်းကို သွားရောက်လည်ပတ်ရင် ယူနက်စကိုက ကာကွယ်ပေးထားတဲ့ ကမ္ဘာကျော် Wadi Rum တောင်ကို မဖြစ်မနေလည်ပတ်ရမှာပါ။
ဒီတောင်ဟာ Arid ကန္တာရရဲ့ အလယ်ခေါင်မှာ တည်ရှိပြီး အဲဒီကို သွားရောက်လည်ပတ်မယ်ဆိုရင် အင်္ဂလန်နိုင်ငံသား စစ်သားတယောက်ရှာဖွေတွေ့ရှိထားတဲ့ လော့ရင့်ရေထွက်ကို ရှာဖွေဖို့ ကုလားအုတ်ကို စီးနင်းလည်ပတ်နိုင်ပါတယ်။
(၃) ရုပ်ရှင်ရိုက်ကွင်းနေရာများ
ရုပ်ရှင်ချစ်သူ ပရိသတ်တွေအနေနဲ့ မင်းသားကြီး ဟယ်ရီဆင်ဖို့်ရိုက်ကူးခဲ့တဲ့ အင်ဒီယာနာဂျုန်း ရုပ်ရှင်ဇာတ်ဝင်ခန်းထဲက နေရာတွေကို ပက်ထရာမြို့မှာ လည်ပတ်နိုင်ပါတယ်။
(၄) ရှေးဟောင်း အဆောက်အဦများ
ဂျော်ဒန်နိုင်ငံရဲ့ အနောက်တောင်ဖက်မှာ တည်ရှိတဲ့ မြို့တော် ပက်ထရာဟာ ခရစ်မတိုင်မှီ နှစ် ၃၀၀ လောက် ကတည်းက တည်ရှိခဲ့တဲ့ မြို့ဖြစ်ပြီး ယဉ်ကျေးမှုလည်း ထွန်းကားပါတယ်။ ရှေးယခင်က ရှိခဲ့တဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေကို ချွေးသံတရွဲရွဲနဲ့ လှေကားထစ်တွေကို တက်ရင်း လည်ပတ်နိုင်ပါတယ်။
(၅) ပင်လယ်သေ
ပင်လယ်မှာ ရှိတဲ့ ရေဟာ ကမ္ဘာအငန်ဆုံးရေဖြစ်တယ် ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အရမ်းငန်တဲ့ နေရာမှာ အပင်တွေ သတ္တဝါတွေ ရှင်သန်နိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့် ဒီပင်လယ်က ရေကိုတော့ ပုလင်းထဲထည့်ပြီး ဆေးကုဖို့ ရောင်းချလေ့ရှိတယ်လို့ သိရပါတယ်။
ဂျော်ဒန်ကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့ လည်ပတ်စရာတွေနဲ့ စားသောက်စရာတွေ အပါအဝင် ပင်လယ်သေမှာ အေးဆေးနားလို့ ရပါသေးတယ်။
Ref: destinationstip