ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်းမှာရှိတဲ့ ဟိုက်ပါရေတံခွန်ဟာ ဒီနေ့ခေတ်မှာတော့ လူသိများလာခဲ့ပါပြီ။ လူသိများလာရတဲ့ အကြောင်းတွေထဲက အချက်တချက်ကတော့ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်တဲ့ အချက်ကြောင့်ပါ။ နောက်တချက်က လူတွေ အွန်လိုင်း အသုံးပြုမှု များလာတဲ့ အတွက်ကြောင့်ပါပဲ။
ရန်ကုန်ကနေ ဟိုက်ပါကို အလည်အပတ်သွားမယ်ဆိုရင်တော့ ရန်ကုန်-တောင်ကြီး-ပင်လုံ-လဲချား လမ်းက သွားနိုင်သလို ရန်ကုန်-တောင်ကြီး-နမ့်စန်-ခိုလမ်-ဝမ်စိမ်း လမ်းကနေလည်း သွားနိုင်ပါသေးတယ်။ နောက်ထပ် သွားလို့ရတဲ့ လမ်းကြောင်းတွေလည်း ရှိပါသေးတယ်။ အဲ့ဒီ လမ်းကြောင်းတွေကတော့ ရန်ကုန်-တောင်ကြီး-နမ့်စန်-ကျိုင်းတောင်းလမ်းနဲ့ ရန်ကုန်-တောင်ကြီး-နမ့်စန်-ခိုလမ်-ကွန်ဟိန်း-ကာလိလမ်းပါ။
အခု ကျနော် သွားခဲ့တဲ့ လမ်းကြောင်းကတော့ ရန်ကုန်-တောင်ကြီး-နမ့်စန်-ခိုလမ်-ဝမ်စိမ်း လမ်းကြောင်းပါ။ အရင်တုန်းက ဒီလမ်းတွေဟာ ကောင်းမွန်မှု မရှိခဲ့သလို လုံခြုံရေးအတွက် စိတ်မချရပါဘူး။ အခုတော့ လမ်းတွေလည်း ကောင်းမွန်သလို လုံခြုံရေးလည်း စိတ်ချလို့ ရပါပြီ။
ဟိုက်ပါ ရေတံခွန်ကို လူတွေကတော့ အရှေ့တောင်အာရှမှာ အလှဆုံးရေတံခွန်လို့ တင်စားလေ့ ရှိပါတယ်။ လူတွေ တင်စားသလို ဟိုက်ပါရေတံခွန်ဟာ တကယ်ကို လှပတဲ့ ရေတံခွန်ပါ။ ရေတံခွန်ပေါင်း များစွာနဲ့ စုစည်းထားတဲ့အတွက်လည်း တကယ်ကို စိတ်ကြည်နူးစရာပါ။
ဟိုက်ပါရေတံခွန် သွားရာ လမ်းတလျှောက်က လည်ပတ်စရာ နေရာများ
ဟိုက်ပါရေတံခွန်ကို သွားတဲ့လမ်းမှာ အခြား လည်ပတ်စရာ နေရာတွေလည်း ရှိနေပါသေးတယ်။ အဲ့ဒီ နေရာတွေကတော့ ဟိုပုံးမြို့အလွန်နားက ထမ်ဆမ်းဂူ၊ နမ့်စန်မြို့ မတ်ကျန်းကျေးရွာအတွင်းက လွယ်မုံမွန်း စေတီတော်ပါ။ လွယ်မုံမွန်းစေတီတော်ကြီးဟာ ယိုးဒယားဟန်နဲ့ ထုလုပ်ထားတဲ့ စေတီတော်ကြီး ဖြစ်သလို ကြည်ညိုစရာကောင်းတဲ့ စေတီတော်ကြီးပါ။ လူသိနည်းနေသေးတဲ့ အတွက်လည်း သွားရောက် လည်ပတ်သင့်တဲ့ နေရာ တနေရာပါ။
ခိုလမ်လမ်းကနေ သွားမယ်ဆိုရင်လည်း နောင်ဖာရေကန်နဲ့ နမ့်မောင်းရေတံခွန်ကို ဝင်ရောက် လည်ပတ်နိုင်ပါသေးတယ်။ အခုဆိုရင်တော့ နောင်ဖာရေကန်ကလည်း လူသိများတဲ့ နေရာတနေရာ ဖြစ်လာခဲ့ပါပြီ။ နောင်ဖာကန် ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေကတော့ ပလောင်လူမျိုးတွေ များပါတယ်။
ကျိုင်းတောင်းလမ်းကနေ သွားမယ်ဆိုရင်တော့ ကျိုင်းတောင်းရေတံခွန်ကို ဝင်ရောက် လည်ပတ်နိုင်ပါသေးတယ်။ အခုဆိုရင်တော့ ကျိုင်းတောင်းလမ်းကလည်း ကောင်းမွန်တဲ့ လမ်းတလမ်း ဖြစ်လာခဲ့ပါပြီ။ ကျိုင်းတောင်းရေတံခွန်ကလည်း ကြီးမားတဲ့ရေတံခွန်ဖြစ်ပြီး ရေအားလျှပ်စစ်ထုတ်ယူနေခဲ့တာ ကာလအတော်ကြာခဲ့ပါပြီ။
ခရီးသွား အများစုကတော့ ကျိုင်းတောင်းလမ်းကနေ သွားမယ်ဆိုရင် မိုးနဲမြို့ကိုပါ ရောက်အောင် သွားလေ့ ရှိကြပါတယ်။ မိုးနဲမြို့ကလည်း ရှမ်းပြည်ပုဂံလို့ တင်စားခံရတဲ့ မြို့တမြို့ပါ။ ရှမ်းပြည်ပုဂံလို့ တင်စားခံ ရသလိုပဲ တကယ်ကို စေတီပုထိုးတွေ ပေါများတဲ့ မြို့တမြို့ပါ။
တကယ်တော့ ဟိုက်ပါရေတံခွန်ကို သွားတဲ့လမ်းမှာ လည်ပတ်စရာနေရာတွေက အများကြီးပါ။ မိုင်းနောင်မြို့နယ်အတွင်းက ရှေးဟောင်းလက်ရာဖြစ်တဲ့ မွေတော်စေတီကိုလည်း ဝင်ရောက် ဖူးမြော်နိုင်ပါသေးတယ်။ မွေတော်စေတီကတော့ လမ်းဘေးမှာပဲရှိတဲ့အတွက် အလွယ်တကူ ဝင်ရောက် ဖူးမြော်နိုင်တဲ့ နေရာတနေရာပါ။
နောက်ထပ် လူသိနည်းနေသေးတဲ့ နေရာတနေရာကတော့ မိုင်းနောင်နဲ့ ဟိုက်ပါရေတံခွန်ကြားက ရေပြာအိုင်ပါ။ ကြည်နူးစရာ ကောင်းတဲ့ ရေအိုင် တအိုင်ပါ။ ရှမ်းဂိတ် မရောက်ခင် လမ်းခွဲကျေးရွာအတွင်းက သွားရပါတယ်။ ၅ မိနစ်သာသာလောက် ကားစီးသွားရင် ရေပြာအိုင်ကို ရောက်ပါပြီ။
ဟိုက်ပါရေတံခွန်ကတော့ မိုင်းရှူး မရောက်ခင် ၁၂ မိုင်အလိုလောက်မှာ ရှိပါတယ်။ ဟိုက်ပါကျေးရွာ အတွင်းမှာရှိလို့ လူတွေက ဟိုက်ပါရေတံခွန်လို့ ခေါ်ရခြင်းပါ။ ဟိုက်ပါရေတံခွန်မှာ ညအိပ် နေချင်တယ်ဆိုရင်လည်း ရွက်ဖျင်တဲလေးတွေ စီစဉ်ပေးထားပါတယ်။ တည်းခိုစရိတ်ကတော့ ၅၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ ဈေးသက်သာပေမယ့် စားသောက် စရိတ်က ဈေးကြီးပါတယ်။
ဟိုက်ပါရေတံခွန်ဆီ ရောက်ဖို့ဆိုရင် ကြီးမားတဲ့ လယ်ကွင်းပြင်ကြီးကို ဖြတ်သန်းသွားရပါသေးတယ်။ လယ်ကွင်းကြီးကို ဖြတ်ဖို့ဆိုရင်တော့ တချို့ကားတွေအတွက် အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ဆိုင်ကယ်နဲ့ဖြစ်ဖြစ် လမ်းလျှောက်လို့ပဲဖြစ်ဖြစ် ဆက်သွားရပါလိမ့်မယ်။
ကျနော်တို့တွေ ရောက်တဲ့အချိန်မှာတော့ တေးဆိုင်ကို ပိတ်ပင်ထားတာနဲ့ ကြုံခဲ့ရပါတယ်။ တေးဆိုင် ဆိုတာကတော့ ဟိုက်ပါရေတံခွန်တွေရဲ့ အပေါ်ဆုံးမှာရှိတဲ့ (ကန်ငယ်လေး) တွေကို ခေါ်တာပါ။ အဲဒီနေရာ ဆိုရင်တော့ သဘာဝအတိုင်း တည်ရှိနေတဲ့ ကန်ငယ်လေးတွေရှိပြီး လူတွေ အသွားအလာ များတယ်လို့ ဆိုကြပါတယ်။
ဟိုက်ပါရေတံခွန်ကို လာရောက်အပန်းဖြေတဲ့ လူတချို့ ကတော့စက်လှေစီးရင် ပျော်ပါးနေကြသလို တချို့က ရေတံခွန်အငယ်တွေဆီက ကျတဲ့ ရေတွေအောက်မှာ စိမ်ပြေနပြေကို ရေချိုးနေကြပါတယ်။ မိုးရာသီ ဆိုရင်တော့ ဟိုက်ပါရေတံခွန်ရဲ့ အရောင်က အဝါရောင် သမ်းနေတတ်တယ်လု့ိ ဆိုပါတယ်။ အခုလို နွေရာသီမှာဆိုရင်တော့ ရေအရောင်က အစိမ်းရောင် သမ်းနေလေ့ ရှိပါတယ်။
လူတွေအနေနဲ့လည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေနဲ့ ဟိုက်ပါရေတံခွန်ရဲ့ အလှကို မဖျက်ဆီးသင့်ပါဘူး။ ဒီနေရာဟာ တကယ်ကို ကောင်းမွန်သာယာတဲ့ နေရာတနေရာဖြစ်တဲ့အတွက် ရေတံခွန် အလှမပျက်အောင် ဝိုင်းဝန်း ထိန်းသိမ်းဖို့လည်း လိုပါတယ်။ ဒါမှသာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာပြီး အနီးပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့ ဒေသခံ တွေရဲ့ စီးပွားရေးလုပ်ငန်း အခြေအနေတွေ တိုးတက်လာမှာပဲ ဖြစ်ပါတယ်။
You may also like these stories:
နွေနေပူမှာ လန်းဆန်း တက်ကြွနေစေမယ့် နည်းလမ်းကောင်း ၅ ခု
ခရီးသွားရင်း ဝင်ငွေရအောင် ဘယ်လို လုပ်ကြမလဲ
ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းတွေနဲ့ ဘယ်လို ခရီးထွက်ကြမလဲ
သားဖြစ်သူနဲ့ G-Dragon တွဲရိုက်ထားတဲ့ ပုံတင်လိုက်တဲ့ YG Entertainment ပိုင်ရှင် ယန်းဟွန်ဆော့