ဇွန်လအတွင်း ဂျပန်နိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားသား အရေအတွက် ၂၆၀၀ နီးပါးသာ ရှိခဲ့ပါတယ်။ COVID-19 ကြောင့် တတိယမြောက်ဆက် လစဉ်ဆက်တိုက် ကျဆင်းနေခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၉၉ ဒဿမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ အစိုးရ အစီရင်ခံစာတွေအရ သိရပါတယ်။
မေလအတွင်း ပြည်တွင်းဝင်ရောက်လာတဲ့ ခရီးသွား အရေအတွက်က ၁၇၀၀ သာရှိခဲ့ပြီး ၁၉၆၄ ခုနှစ် က ဂျပန်အစိုးရ စာရင်းအင်းတွေ စတင်ကောက်ယူခဲ့တဲ့ အချိန်စပြီး အနိမ့်ဆုံး အခြေအနေမှာ ရှိနေ တယ်လို့ ဂျပန်ခရီးသွား အေဂျင်စီက ပြောပါတယ်။ ဧပြီလအတွင်း ခရီးသွား အရေအတွက် ၃၀၀၀ အောက် ကျဆင်းခဲ့ပါတယ်။
ဂျပန်အစိုးရအနေနနဲ့ ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွားအရေအတွက် သန်း ၄၀ အထိ မျှော်လင့်ခဲ့ပေမယ့် COVID-19 ကြောင့် ခရီးသွားအရေအတွက် ဆက်တိုက် ကျဆင်းလာခဲ့ပါတယ်။ ဇွန်လအတွင်း တရုတ်နိုင်ငံကနေ လာရောက်လည်ပတ်သူ ၃၀၀ နီးပါးသာ ရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ကတော့ ဂျပန်နိုင်ငံကို လာရောက် လည်ပတ်တဲ့ တရုတ်ခရီးသွားအရေအတွက် ၉ သိန်း နီးပါးရှိခဲ့ပါတယ်။
တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဗီယက်နမ်နိုင်ငံက လာရောက် လည်ပတ်သူ အရေအတွက် ၁၀၀ ခန့်သာ ရှိခဲ့ပါတယ်။ ဟောင်ကောင်၊ စင်ကာပူ၊ မက္ကဆီကို၊ အီတလီနဲ့ ရုရှားနိုင်ငံက လာရောက် လည်ပတ်သူ ၁၀ ဦးထက်တောင် နည်းနေပါသေးတယ်။
COVID-19 ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ ခရီးသွားလုပ်ငန်းတွေ ဆက်တိုက် ကျဆင်းနေပါတယ်။ မသေချာသေးတဲ့ အခြေအနေတခု အောက်မှာ လူတွေအနေနဲ့ ခရီးသွားဖို့ ကြောက်ရွံ့နေကြဆဲပါ။ ခရီးသွားလုပ်ငန်း ပြန်လည် တိုးတက်ဖို့ နိုင်ငံတချို့မှာတော့ လာရောက် လည်ပတ်သူတွေကို ၁၄ ရက် Quarantine ဝင်ခိုင်းမယ့် စည်းမျဉ်းတွေ ဖယ်ရှားပေးနေကြပါတယ်။
ဇန်နဝါရီလကနေ ဇွန်လအထိ ဂျပန်နိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသား အရေအတွက် ၇၆ ဒဿမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ အစိုးရက ဖော်ပြထားတဲ့ အချက်အလက်တွေအရ ၃ ဒဿမ ၉၅ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။
ဇွန်လအတွင်း ပြည်ပထွက်ခွာတဲ့ ဂျပန်နိုင်ငံသား အရေအတွက် ၁၀,၇၀၀ သာ ရှိခဲ့ပြီး ၉၉ ဒဿမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ပြည်ပ ထွက်ခွာသူ အရေအတွက် ၁ ဒဿမ ၅၂ သန်း ရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ COVID-19 ကြောင့် နိုင်ငံပေါင်း ၁၂၉ နိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်ထားပါတယ်။
Ref: Bangkokpost
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းခရီးသွားလုပ်ငန်း ၄ နှစ်အတွင်း အခြေအနေ ဆိုးရွားနေ
ကမ္ဘာ့ခရီးသွားလုပ်ငန်း ဒေါ်လာ ၃ ထရီလီယံကျော် အရှုံးပေါ်နိုင်