အိမ်ရှင်မတွေ နေ့စဉ်ပြုလုပ်ကြတဲ့ အိမ်မှုကိစ္စတွေထဲမှာ အဝတ်လျှော်တာဟာလည်း တခုအပါအဝင် ဖြစ်ပါတယ်။ တခါတရံမှာ အဝတ်လျှော်စက်ထဲကို သတိမထားမိဘဲ ထည့်လိုက်တဲ့ အဝတ်တွေဟာ နဂိုမူလ ပုံအတိုင်း မဟုတ်တော့တာမျိုး၊ အဝတ်လျှော်စက်ကို ပျက်စီးစေတာမျိုးတွေ ဖြစ်လေ့ရှိတာကြောင့် အဝတ်လျှော်စက်ထဲထည့် မလျှော်သင့်တဲ့ အဝတ် အမျိုးအစားတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) အမျိုးသမီးဝတ်အတွင်းခံနဲ့ ဘရာစီယာတွေကို အဝတ်လျှော်စက်ထဲ ထည့်လျှော်တဲ့အခါ အတွင်းခံနဲ့ ဘရာစီယာတွေကို ပျက်စီးစေရုံသာမက ဘရာစီယာမှာပါတဲ့ သံကွင်းတွေနဲ့ ချိတ်တွေကိုလည်း ပျက်စီးစေနိုင်တာကြောင့် အဝတ်လျှော်စက်ထဲ ထည့်လျှော်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
(၂) ဂျင်းထည်တွေကို အဝတ်လျှော်စက်ထဲ ထည့်လျှော်ခြင်းဟာ ဂျင်းဘောင်းဘီတွေကို ပုံမကျ ဖြစ်စေနိုင်သလို ဂျင်းထည်တွေဟာ ရေစိုတဲ့အခါ လေးလံသွားတတ်တာကြောင့် အဝတ်လျှော်စက်တွင်းက အဓိကထိန်းချုပ်စနစ်တွေကို ပျက်စီးစေနိုင်ပါတယ်။
(၃) ဆွယ်တာတွေနဲ့ ကတ္တီပါ အဝတ်အထည်တွေကို အဝတ်လျှော်စက်ထဲ ထည့်လျှော်ခြင်းဟာ အဝတ်လျှော်စက်ကို ကောင်းမွန်စွာ မလည်ပတ်စေနိုင်တာကြောင့် စက်ကိုပျက်စီးနိုင်စေရုံသာမက အဝတ်အထည်တွေကိုပါ ပျက်စီး စေနိုင်တာကြောင့် ထည့်မလျှော်သင့်ပါဘူး။
(၄) အဝတ်လျှော်စက်ထဲကို ဇာနဲ့ ပန်းထိုးထားတဲ့ အဝတ်အထည်တွေကို ထည့်လျှော်ခြင်းဟာ ပန်းထိုးအလှဆင်ထားတဲ့ Accessories တွေကို ပြုတ်ထွက်သွားစေနိုင်သလို အလှဆင်ထားတဲ့ မာကျောတဲ့ သတ္တုပစ္စည်းလေးတွေကြောင့်လည်း အဝတ်လျှော်စက်ကို ပျက်စီးစေနိုင်ပါတယ်။
(၅) ကလေးငယ်လေးတွေရဲ့ အဝတ်အစားတွေဟာ သေးငယ်လွန်းတဲ့အတွက် အဝတ်လျှော်စက်ထဲ ထည့်လျှော်တဲ့ အခါမျိုးတွေမှာ ညှပ်သွားတာမျိုးတွေ ဖြစ်နိုင်တာကြောင့် ထည့်မလျှော်သင့်ပါဘူး။
Ref ; www.ba-bamail.com