သင့်ကားရပ်ထားတဲ့ နေရာမှာ သူခိုးတွေဟာ ကားကို ဖောက်ပြီး ပစ္စည်းခိုးဖို့ စက္ကန့် ၂၀ လောက်ပဲ လိုတယ်ဆိုတာ သင်သိပါသလား။ ဝါရင့်ကားဖောက်သူ တယောက်က သူနဲ့ သူ့သူငယ်ချင် းနှစ်ယောက်ဟာ ၁ မိနစ်အတွင်း တွေ့သမျှကားကို ဝင်ဖောက်လေ့ ရှိတယ်လို့ ဆိုပါတယ်။
ပါကင်ထိုးထားတာ ကြာပြီဖြစ်တဲ့ ကားကိုသာမက ဈေးဆင်းဝယ်ဖို့ ခဏတဖြုတ် ရပ်တဲ့ ကားတွေကိုပါ ဖောက်ခိုးလေ့ရှိတယ်လို့ သူကပြောပါတယ်။ ဒါကြောင့် သင့်ကားကို သူခိုးကပ်လို့ မရအောင် ပြုလုပ်ရမယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို နောက်ဖုံးမှာ ထည့်ပါ
သူခိုးတွေဟာ အချိန်ခဏလေးနဲ့ မြန်မြန်ခိုးရတာ ဖြစ်လို့ ကားနောက်ဖုံးကို ဖွင့်ခိုးလေ့ မရှိဘူးလို့ ဆိုပါတယ်။ သူတို့ဟာ ကားမှန်ကို ဖွင့်ပြီး မှီရာကိုသာ ခိုးလေ့ရှိတာကြောင့် သင်ပိုင်ဆိုင်တဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို ကားနောက်ဖုံးမှာ ထားတာက ပိုပြီး လုံခြုံမှုရှိပါလိမ့်မယ်။ နောက်ထပ်တမျိုးကတော့ ထိုင်ခုံအောက်မှာ ထားခြင်းပါ။ သူခိုးတွေဟာ သင့်ကားထိုင်ခုံအောက်ထိ ပစ္စည်းတွေကို ရှာဖို့ အချိန် မရှိပါဘူး။
(၂) မှန်စတေကာ ကပ်ခြင်း
ကားမှန်ကို စတေကာ ကပ်ထားတာဟာလည်း သင့်ကားကို အဖောက်မခံရအောင် ကာကွယ်တဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ ကားမှန်စတေကာကြောင့် ကားဟာ ဈေးကြီးတဲ့ ပုံစံ အဆင့်အတန်းမြင့်တဲ့ ပုံစံ ပေါက်နေစေဦးတော့။ သူခိုးတွေက ခိုးဖို့ကို လက်တွန့်ကြပါတယ်။ စတေကာ အမည်းရောင်ကြောင့် အထဲမှာ ဘာရှိနေလဲဆိုတာကို သူတို့ မမြင်ရတဲ့ အတွက် မသေချာတဲ့ အရာကို မစွန့်စားကြပါဘူး။
(၃) ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ကားပေါ်မှာ မထားပါနဲ့
ဒီတချက်က တော်တော် ဂရုစိုက်ရမယ့် အချက်ဖြစ်ပါတယ်။ သူခိုးတယောက်ဟာ သင့်ကားကို လာဖောက်တဲ့ အချိန်မှာ တခြား ဘာပစ္စည်းမှ မတွေ့ပေမယ့် သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရ အချက်အလက်တွေကို တွေ့သွားရင် ကားကို ဖောက်ဖို့ထက် သင့်အိမ်ကို ဖောက်ဖို့ ကြံစည်ပါလိမ့်မယ်။ အခန့်မသင့်ရင် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရတာကြောင့် သတိထားစေချင် ပါတယ်။
(၄) ကားကို အလင်းရောင်ရှိတဲ့ နေရာမှာ ရပ်ပါ
ကားကို အမှောင်ထဲမှာ ရပ်ထားရင် စိတ်မချရဘူးဆိုတာ သင်လည်း သိမှာပါ။ ကားသူခိုးတွေဟာ အလင်းရောင်ရနိုင်တဲ့ နေရာနဲ့ လုံခြုံရေးကင်မရာတွေက သူတို့ိကို မြင်နိုင်မယ့် နေရာတွေကို လုံးဝရှောင်ကြတယ်လို့ ဆိုပါတယ်။ နောက်တခုကတော့ ကားကို လုံခြုံရေးစနစ်တိုးမြင့်ထားဖို့ပါပဲ။ အိမ်ရှေ့မှာပဲ ကားကို ရပ်တယ်ဆိုရင်တောင် အိမ်ရှေ့ကို မီးတလုံးလောက် ထပ်ပြီး တပ်ထားလိုက်တာ ပိုကောင်းပါတယ်။
(၅) ကားထဲမှာ ပိုက်ဆံ မထားပါနဲ့
ကားထဲမှာ ပိုက်ဆံထားတာဟာ သူခိုးတွေကို လာခိုးဖို့ ဖိတ်ခေါ်နေသလိုပါပဲ။ တကယ်လို့မှ သင်က ကားထဲမှာ ပိုက်ဆံကို ထားချင်သေးတယ်ဆိုရင်တော့ လုံခြုံမယ့် နေရာကို ရှာပြီး ထားဖို့ လိုအပ်ပါတယ်။ ပြာခွက်နေရာနဲ့ နောက်ကြည့်မှန် နေရာမှာ ဖွက်တာကတော့ အကောင်းဆုံးနေရာတွေပဲ ဖြစ်ပါတယ်။
ကားသော့အပိုကိုတော့ ကားထဲမှာ လုံးဝ မထားပါနဲ့။ ကားသော့အပိုကို တွေ့သွားတဲ့ သူခိုးကတော့ သင့်ကားကို အေးဆေး တံခါးဖွင့်ပြီး တက်မောင်းသွားရင် သင့်အပြစ်နဲ့ သင်မလို့ ဘာမှတတ်နိုင်မှာ မဟုတ်တာ သေချာပါတယ်။
Ref; lifehack