ဘာသာစကားနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်တွေကို အထူးသုတေသနပြု လေ့လာနေတဲ့ EF Education First ဆိုတဲ့ နိုင်ငံတကာပညာရေးဆိုင်ရာ ကုမ္ပဏီကြီးတခုက သုတေသနတခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ သုတေသနကတော့ မိခင်ဘာသာစကား မဟုတ်တဲ့ အင်္ဂလိပ်စကားကို အကောင်းဆုံး ပြောဆိုနိုင်စွမ်းရှိတဲ့ နိုင်ငံတွေကို လေ့လာခဲ့တာပါ။
၂၀၁၇ ခုနှစ်မှာဆိုရင် နိုင်ငံပေါင်း ၁၁၆ နိုင်ငံမှာ တာဝန်ထမ်းဆောင်နေကြတဲ့ EF ရဲ့ ဝန်ထမ်းပေါင်းက ၅၂,၀၀၀ အထိ ရှိခဲ့ပါတယ်။ အခုဖော်ပြပေးမယ့် စစ်တမ်းကတော့ နိုင်ငံပေါင်း ၈၈ နိုင်ငံက ကလေးပေါင်း ၁ ဒဿမ ၃ သန်းရဲ့ အင်္ဂလိပ်စကား ပြောဆိုနိုင်မှု စွမ်းရည်ပေါ်မှာ အခြေခံပြီး ကောက်ယူထားတဲ့ စစ်တမ်းတခုပါ။ အဲဒီ ကလေးတွေအားလုံးဟာ မိခင်ဘာသာစကား မဟုတ်တဲ့ အင်္ဂလိပ်စကား ပြောဆိုကြသူတွေပါပဲ။
တကမ္ဘာလုံး အတိုင်းအတာနဲ့ နှိုင်းယှဉ်ရင်တော့ မိခင်ဘာသာစကား မဟုတ်တဲ့ အင်္ဂလိပ်စကားကို ပြောဆိုနိုင်မှုစွမ်းရည်အမြင့်ဆုံး နိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံက နံပါတ် ၂၂ နေရာက ရှိနေပြီး ဖိလစ်ပိုင်နိုင်ငံကတော့ နံပါတ် ၁၄ နေရာက ရှိနေပါတယ်။ တတိယနေရာမှာ ရှိနေတာတော့ စင်ကာပူနိုင်ငံပါ။ အိန္ဒိယ၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဗီယက်နမ်နဲ့ မကာအိုကတော့ အင်္ဂလိပ်စကားပြော စွမ်းရည်မှာ အလယ်အလတ်အဆင့် ရှိနေကြပါတယ်။
အခု ကောက်ယူထားတဲ့ စစ်တမ်းအရဆိုရင်တော့ အာရှနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံဟာ ဆွီဒင်နဲ့ နယ်သာလန်နိုင်ငံတွေရဲ့နောက် တတိယနေရာမှာ ရှိနေတာက ပထမဆုံးအကြိမ်ပါပဲ။ ဆွီဒင်နိုင်ငံကတော့ လွန်ခဲ့တဲ့ ၈ နှစ်အတွင်းမှာ အင်္ဂလိပ်စကား ပြောဆိုနိုင်မှုစွမ်းရည် အမြင့်ဆုံးနိုင်ငံတွေရဲ့စာရင်းမှာ ပထမဆုံးနိုင်ငံအဖြစ် စတုတ္ထအကြိမ်မြောက် ပြန်လည် ပါဝင်လာနိုင်ခဲ့ပါတယ်။
ဒီစစ်တမ်းက ဖော်ပြတဲ့ အညွှန်းကိန်းတွေအရ ဆိုရင်တော့ အမျိုးသမီးတွေက အမျိုးသားတွေထက် အင်္ဂလိပ်စကားပြော စွမ်းရည်မှာ ပိုမိုသာလွန်ကြောင်း တွေ့ရပါတယ်။ “ဒီအစီရင်ခံစာအရ ဆိုရင်တော့ နိုင်ငံအများအပြားဟာ အင်္ဂလိပ်စာ သင်ကြားမှုတွေမှာ သူတို့ရဲ့ အချိန်တွေကို ရင်းနှီးမြှုပ်နှံထားကြသလို အင်္ဂလိပ် ဘာသာစကားရဲ့ အရေးပါပုံကိုလည်း နိုင်ငံအတော်များများက အသိအမှတ် ပြုလာကြတယ်”လို့ EF ကုမ္ပဏီရဲ့ အကြီးတန်း သုတေသန ညွှန်ကြားရေးမှူးဖြစ်တဲ့ Dr.Minh N.Tran က ပြောပါတယ်။
ဥရောပနိုင်ငံတွေကတော့ အခုအချိန်ထိတိုင်အောင် အင်္ဂလိပ်စကားပြော စွမ်းရည်မှာ ထိပ်ဆုံးကနေ ဦးဆောင်လျက်ပါ။ နံပါတ် ၁ ကနေ ၁၀ အတွင်းမှာ ဥရောပနိုင်ငံတွေက ၈ နေရာလောက်အထိ နေရာ ယူထားကြပါတယ်။
EF ကုမ္ပဏီရဲ့ အညွှန်းကိန်းတွေအရဆ အာရှနိုင်ငံတွေမှာ အင်္ဂလိပ် စကားပြောစွမ်းရည် အကောင်းဆုံး နိုင်ငံ ၅ နိုင်ငံကတော့
၁။ စင်ကာပူ
၂။ ဖိလစ်ပိုင်
၃။ မလေးရှား
၄။ အိန္ဒိယ
၅။ ဟောင်ကောင်တို့ ဖြစ်ပါတယ်။
နိုင်ငံပေါင်း ၈၈ နိုင်ငံကို ကောက်ယူထားတဲ့ အင်္ဂလိပ် စကားပြောစွမ်းရည် အမြင့်ဆုံး နိုင်ငံတွေရဲ့ စာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၈၂ နေရာက ရှိနေပါတယ်။
Ref: Scmp.com
You may also like these stories:
ကမ္ဘာ့သြဇာအကြီးဆုံး နိုင်ငံကူးလက်မှတ် ဖြစ်လာတဲ့ ဂျပန်နိုင်ငံရဲ့ Passport
အာရှ ထိပ်တန်းတက္ကသိုလ် ၅ ခု အကြောင်း
ကမ္ဘာပေါ်က အကောင်းဆုံးတက္ကသိုလ် ၁၀ ခု