ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ရေတံခွန်ထဲ ပြုတ်ကျသွားခဲ့တဲ့ ၃ နှစ်သားအရွယ် ဆင်ပေါက်လေး ၁ ကောင်ကို ကျန်တဲ့ဆင်တွေက ကယ်တင်ဖို့ကြိုးစားရင်း ဆင် ၆ ကောင် သေဆုံးခဲ့ရပါတယ်။
ထိုင်းနိုင်ငံ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအရာရှိများရဲ့ ပြောကြားချက်အရ အောက်တိုဘာလ ၉ ရက်နေ့မှာလည်း ဆင်သေ ၅ ကောင်ကို ထပ်မံတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆင်သေကောင်တွေကို တွေ့ရှိခဲ့တဲ့ နေရာကတော့ ပြီးခဲ့တဲ့အပတ်က ဆင် ၆ ကောင် သေဆုံးခဲ့တဲ့ ရေတံခွန် အောက်ဘက်ပိုင်းမှာပါ။
အခုဆိုရင်တော့ ထိုင်းနိုင်ငံမှာ ဆင် ၁၁ ကောင် သေဆုံးခဲ့ရပါပြီ။ ပထမ ဆင် ၆ ကောင် သေဆုံးခဲ့တဲ့နေရာကတော့ ထိုင်းနိုင်ငံ အရှေ့မြောက်ဖက်ပိုင်း Khao Yai အမျိုးသားဥယျာဉ်အတွင်းက Haew Narok ရေတံခွန်မှာ ဖြစ်ပါတယ်။ ပထမဆင် ၆ ကောင် သေဆုံးရမှုကို သက်ဆိုင်ရာတွေက ဖော်ထုတ်နိုင်ခဲ့ပြီးခဲ့နောက်မှာတော့ ဒရုန်းကို အသုံးပြုပြီး အခု ဆင်သေ ၅ ကောင်ကို ထပ်မံတွေ့ရှိခဲ့တယ်လို့ အမျိုးသားဥယျာဉ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Sompote Maneerat က ပြောပါတယ်။
ပထမဆင် ၆ ကောင်ကတော့ တကောင်နဲ့ တကောင် ကယ်တင်ဖို့ ကြိုးစားရင်း သေဆုံးခဲ့ရတာ သေချာတယ်လို့ သူက ပြောပါသေးတယ်။ အခုဆိုရင်တော့ Khao Yai အမျိုးသားဥယျာဉ်အတွင်းမှာ မတော်တဆအဖြစ်ကြောင့် စုစုပေါင်းဆင် ၁၁ ကောင် သေဆုံးခဲ့ပါပြီ။ ဒီပမာဏဟာ Khao Yai အမျိုးသားဥယျာဉ်အတွင်း ဆင်သေဆုံးမှု အမြင့်ဆုံးနှုန်းလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကလည်း အဲဒီရေတံခွန်ထဲ ပြုတ်ကျပြီး ဆင် ၈ ကောင် သေဆုံးခဲ့ပါသေးတယ်။ အခု သေဆုံးခဲ့ရတဲ့ ဆင်အားလုံးဟာ Khao Yai အမျိုးသားဥယျာဉ်အတွင်းက Haew Narok ရေတံခွန်အတွင်း ပြုတ်ကျ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် မိုးရာသီမှာ ထိုင်းနိုင်ငံရဲ့ မြစ်ချောင်းတွေမှာ ရေလျှံလေ့ရှိတတ်ပြီး Khao Yai အမျိုးသားအတွင်းမှာ စုစုပေါင်း ဆင် အကောင်ရေ ၃၀၀ နီးပါး ရှိပါတယ်။
Ref: bangkokpost, latimes
You may also like these stories:
တကောင်နဲ့ တကောင် ကယ်တင်ဖို့ ကြိုးစားရင်း ဆင် ၆ ကောင် သေဆုံး
သဘာဝအလှအပတွေကို အနီးကပ်ခံစားနိုင်မယ့် ထိုင်းနိုင်ငံ Khao Yai က ပူဖောင်းရွက်ဖျင်တဲဟိုတယ်
ငပုတောမြို့နယ်တွင် တောဆင်ရိုင်း တကောင် သတ်ခံရပြန်