အင်္ဂလန်၊ မြောက်ပိုင်းအိုင်ယာလန်နဲ့ စကော့တလန်နိုင်ငံတွေရဲ့ အခြေခံမူလတန်းအဆင့် ကလေးငယ်တွေကို ဘောလုံးလေ့ကျင့်ခန်းတွေမှာ ခေါင်းတိုက်မကျင့်ခိုင်းဖို့ ပိတ်ပင်တားမြစ်လိုက်ပါတယ်။ ဒါကြောင့် မူလတန်း ကလေးငယ်အကုန်လုံး ခေါင်းတိုက်လေ့ကျင့်ခန်း မလုပ်ရတော့သလို နောက်ပိုင်းမှာလည်း အသက် ၁၂ နှစ် အောက်ကနေ ၁၆ နှစ်အောက်ထိပါ တိုးမြင့်သွားဖို့ စီစဉ်ထားပါတယ်။
ခေါင်းတိုက်လေ့ကျင့်ခန်း ပိတ်ပင်လိုက်ခြင်းရဲ့ အကြောင်းရင်းကတော့ ကျွမ်းကျင်သူတွေ လေ့လာချက်အရ ကြေးစားဘောလုံးသမားတွေမှာ ခေါင်းတိုက်ကစားများသူတွေဟာ ရွယ်တူတွေထက် အာရုံကြောဆိုင်ရာရောဂါ ခံစားရဖို့အခွင့်အရေး သုံးဆခွဲလောက် ပိုများတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။
အယ်လ်ဇိုင်းမား သုတေသနအဖွဲ့ယူကေရဲ့ သုတေသီတဦးဖြစ်တဲ့ ဒေါက်တာ Carol Routledge က “လတ်တလော ဘောလုံးနယ်ပယ်ထဲ လေ့လာချက်အရတော့ စကော့တလန်နိုင်ငံရဲ့ ဘောလုံးကစားသမားဟောင်းတွေထဲမှာ ခေါင်းတိုက်လေ့ရှိသူတွေက dementia လို အတိတ်မေ့ရောဂါမျိုး ဖြစ်ပွားနိုင်ချေ ပိုများနေတယ်” လို့ ဆိုပါတယ်။
“ခေါင်းတိုက်လေ့ရှိတဲ့ ဘောလုံးသမားတွေမှာ အာရုံကြောဆိုင်ရာရောဂါတွေ အဖြစ်များရတဲ့ အကြောင်းရင်းကို အသေးစိတ် မသိရသေးပေမယ့် ကလေးငယ်လေးတွေရဲ့ ဘောလုံးလေ့ကျင့်ချိန်မှာ ခေါင်းတိုက်လေ့ကျင့်ခန်းတွေ မလိုအပ်ဘဲ မလုပ်ခိုင်းတာ ပိုကောင်းပါတယ်။ ဖြစ်နိုင်ရင် ဘောလုံးနယ်ပယ်မှာ စိတ်ချရတဲ့အခြေအနေတွေ ကို ဖန်တီးစေချင်တယ်” လို့ Routledge က ဆိုပါတယ်။
“ဘောလုံးနဲ့ မှတ်ဉာဏ်ချို့ယွင်းတာ ဘယ်လိုဆက်စပ်နေလဲဆိုတာ ဆက်ပြီးတော့ လေ့လာဖို့ လိုပါသေးတယ်။ တနိုင်ငံလုံးက စိတ်ဝင်တစားအားပေးကြတဲ့ ဘောလုံးပြိုင်ပွဲရပ်တွေမှာ ကစားသမားတွေ လုံခြုံစိတ်ချဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း အာရုံကြောဆိုင်ရာရောဂါတွေအတွက် လေ့လာမှုတွေကို ရေရှည်မြှုပ်နှံပြီး လေ့လာသွားမှာပါ” လို့ ဆိုပါတယ်။
FA ရဲ့ အထွေထွေအမှုဆောင်ချုပ် Mark Bullingham က “အဆိုပါ လေ့လာချက်က ကျနော်တို့ ဘောလုံးနည်းပြတွေ၊ ဆရာတွေက လူငယ်ကစားသမားတွေကို မလိုအပ်ဘဲ ခေါင်းတိုက် လေ့ကျင့်ခန်းတွေ လုပ်ခိုင်းတာမျိုး လျော့ချပြစ်နိုင်တယ်” လို့ ဆိုပါတယ်။
အဆိုပါလေ့လာချက်ကို စကော်တလန်နိုင်ငံက စစ်ကြီးမပြီးခင်နဲ့ စစ်ပြီးကာလ အသက် ၄၀ အရွယ် ကစားသမား ၇၀၀၀ ကျော်ကို လေ့လာရာကနေ ကောက်ချက်ချနိုင်ခဲ့တာပါ။ အင်္ဂလန်နိုင်ငံရဲ့ ကမ္ဘာ့ဖလားဟီး ရိုး Martin Peters ဟာဆိုရင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက အယ်လ်ဇိုင်းမားရောဂါကြောင့် သေဆုံးခဲ့သလို၊ အင်္ဂလန်နိုင်ငံနဲ့ West Brom ကစားသမားဟောင်း Jeff Astle လည်း အသက် ၅၉ နှစ်အရွယ်မှာ dementia ရောဂါနဲ့ သေဆုံးခဲ့ရပါတယ်။
ကမ္ဘာ့ဖလားရ အင်္ဂလန်နိုင်ငံ ကစားသမား ၁၁ ယောက်ထဲက ၃ ယောက်ဆိုရင်လည်း dementia ရောဂါ ခံစားနေခဲ့ရသလို အင်္ဂလန်နိုင်ငံအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း Alan Shearer ကလည်း သူကစားသမား ဘဝတလျှောက်လုံး တနေ့ကို ခေါင်းတိုက်လေ့ကျင့်ခန်း အကြိမ်ရေ ၁၀၀ ကျော် ကျင့်ခဲ့တာကြောင့် လက်ရှိမှာ dementia ရောဂါ ခံစားနေရတာလို့ ဆိုပါတယ်။
Ref: Daily Mail