ဘမဲ့ ကလေးငယ် ၁၀ ဦး သေဆုံးခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မိုးညှင်းမြို့နယ်သို့ ခရီးလွန်နေသော အိမ်ရှင် ဦးဒယောင် တန်ဂွန်းကို အစိုးရ အာဏာပိုင်များက ဖမ်းဆီးထားကြောင်း သိရသည်။
ထိုပေါက်ကွဲမှုသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သီတာရပ်ကွက်ရှိ မိဘမဲ့ကလေးများ နေထိုင်သည့် နေအိမ် တအိမ်တွင် ဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။
ယင်း ပေါက်ကွဲမှုကြောင့် ကလေး၂၀ ကျော် ဒဏ်ရာရရှိသွားပြီး အနီးရှိ နေအိမ် ၃ လုံးခန့်လည်း မီးလောင် ပျက်စီးသွားသည်။
ယခု ရက်ပိုင်းအတွင်း အဖမ်းခံထားရသော ဦးဒယောင် တန်ဂွန်းကို မြစ်ကြီးနားမြို့ပေါ်သို့ခေါ်ဆောင်လာပြီ ဖြစ်ကြောင်း ကချင် ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ဒုတိယ ဥက္ကဋ္ဌဟောင်း ဒေါက်တာ တူးဂျာက ဧရာဝတီသို့ ပြောသည်။
“ခရီးထွက်နေတုန်း မိုးညှင်းမြို့နယ်မှာ အဖမ်းခံရတယ်၊ အခု မြစ်ကြီးနားကို ခေါ်လာပြီ”ဟု ၎င်းက ဆိုသည်။ သို့သော် အဖမ်း ခံရသူကို မြစ်ကြီးနားမြို့နယ် ရဲစခန်းတွင် လတ်တလော ထိန်းသိမ်းထားနိုင်သည်ဟု ဒေါက်တာ တူးဂျာက ဆက်ပြောသည်။
ထိုသို့ အဖမ်းခံရမှုနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့အမှတ် (၁) ရဲစခန်းသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန် လည် ဖြေကြားခြင်း မရှိပေ။
ယခုလ ၁၅ ရက်နေ့ထုတ် အစိုးရ သတင်းစာတွင် ဗုံးကွဲမှုကြောင့် သေဆုံးသွားသော အိမ်ရှင်၏ သားဖြစ်သည့် ဒယောင်ဆိုင်ခွန် က ဖောက်ခွဲမှု ပြုလုပ်ပုံကို လက်တွေ့ပြသနေစဉ် ပေါက်ကွဲခဲ့သည်ဟု ယူဆရကြောင်း ဖော်ပြခဲ့သည်။
သတင်းစာတွင် ဖော်ပြခဲ့ပြီးနောက်ပိုင်း အိမ်ရှင် ဦးဒယောင်တန်ဂွန်း အဖမ်းခံရကြောင်း သတင်းများ ထွက်ပေါ်လာခြင်းဖြစ် သည်။
ဒဏ်ရာရ ရှိသူများသည် မြစ်ကြီးနားမြို့ ပြည်သူ့ ဆေးရုံကြီး၌ သီးသန့် နေရာတွင် ဆေးကုသမှု ခံယူနေရပြီး ဒေသခံ ရဲ ဝန် ထမ်း များက လုံခြုံရေးယူထားပေးကြောင်း ဆေးရုံဝန်ထမ်း အမျိုးသမီးတဦးက ပြောသည်။
ထို နိုဝင်ဘာ ၁၃ ရက်က ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မည်သည့် လက်နက်ကိုင်အဖွဲ့မှ ဖြစ်ကြောင်း မသိရသေးသော်လည်း အစိုးရတပ်ဖွဲ့နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)တို့က ထိုဒေသတွင် လှုပ်ရှားနေကြသည်။
ကချင် လွတ်လပ်ရေးအဖွဲ့(KIO)ကမူ ယင်းပေါက်ကွဲမှုသည် ၎င်းတို့၏ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုသည်။
KIO တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးလနန်က“မြို့ပေါ်ကိုဝင်ပြီးတော့ ဖောက်ခွဲတာမျိုး၊ ပြည်သူလူထုကို ကြောက်လန့် စေ မယ့် ကိစ္စမျိုးကို ကျနော်တို့ မလုပ်ဘူးဆိုတာ အစောကတည်းက ပြောထားပြီးသားပါ၊ ဒါပေမယ့် အစိုးရကတော့ ပေါက်ကွဲမှုတခုဖြစ်လိုက်တိုင်း KIO ကိုပဲ ညွန်းဆို နေတာပါ”ဟု ၎င်းက ဆိုသည်။
မြန်မာပြည် အတွင်း၌ ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် အခါတိုင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြစ်ကြောင်း အစိုးရက စွပ်စွဲလေ့ရှိသည်။
ဤအတောအတွင်း ကချင်ပြည်နယ် မိုးကောင်းမြို့နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့တို့တွင်လည်းဗုံပေါက်ကွဲမှုများ ဖြစ် ပွားကြောင်း သိရသည်။